Friday, October 21, 2011

ထားစရာမရှိတဲ့လူ.........စားစရာမရှိတဲ့လူ

ကံတရားပါလို့ ဘယ်လိုဘဲ စိတ်ဖြေပါစေ
တခါတလေမှာ နည်းနည်းခံစားရပါတယ်။

ကျွန်မအလုပ်က ရွှေပြည်သာမြို့စွန်မှာပါ။
အလုပ်လာတဲ့လမ်းတလျှောက် လူမျိုးစုံကို မြင်ရတယ်။

တခါတလေ တံခါးမရှိဘဲ လမ်းဘေးမေးတင်ထားတဲ့အိမ်ထဲကိုတောင်
လှမ်းမြင်နိုင်ပါသေးတယ်။

လှိုင်သာယာဘက်မှာ အလုပ်လုပ်တုန်းကလဲ
မနက်ခင်းမှာ ပိုင်တဲ့အိုးခွက်ပုဂံတွေ အပေါင်ဆိုင်ပို့
ရတဲ့ငွေလေးရင်းပြီး ဈေးရောင်း
ညဘက်အပြန် အပေါင်ဆိုင်ဝင်ရွေး
ချက်ပြုတ်စားသောက်ကြရတဲ့လူတွေကိုလဲ
မြင်ရတယ်။

အခုအလုပ်နားမှာ မိဘမဲ့ကလေးတွေကို ဘုန်းကြီးကျောင်းကလက်ခံပြီး
စောင့်ရှောက်ထားရတာလဲတွေ့နေ၇တယ်။

စာပေးစာယူတက်ပြီး ရုံးပိုင်းမှာ သန့်ရှင်းရေးလုပ်ပေးနေတဲ့ ညီမအစ်မနှစ်ယောက်ဆို
မနက်စာ မစားလာနိုင်ဘဲ ရုံးကကျွေးတဲ့ 11နာရီမှ ထမင်းတန်းစားကြတာကိုလဲ သိရတယ်။

ရုံးပိတ်ရက်မှာ အိမ်မှာ ထမင်းစားမကောင်းဘူးလို့ ညည်းတဲ့
လုံခြုံရေးဝန်ထမ်းတွေရဲ့အသံကိုလဲ ကြားရတယ်။

စားဝတ်နေရေးဆိုတဲ့ ၀န်ထုတ်ကြီးကို ထမ်းပြီး
မြန်မာပြည်သူအများကတော့ မနိုင်မနင်းရှေ့ဆက်နေရတယ်။

ဒါကတပိုင်းပေါ့။

သီတင်းကျွတ်တိုင်း အရက်ပါတဲ့လက်ဆောင်ခြင်းတွေ ၀ယ်ပေးရတာကို
စိတ်ကုန်နေတုန်း

ဆင်းရဲမှုလျော့ချရေးကိုကောင်အထည်ဖော်ဘို့ ဆောင်ရွက်နေတဲ့
လူကြီးတစ်ယောက်ရဲ့မြေးမွေးနေ့အတွက်

မြန်မာပြည်မှာမရှိတဲ့အသီး ငါးမျိုးလောက်လိုချင်တယ်တဲ့

ဘန်ကောက်နဲ့ထိုင်ဝမ်ကို ချက်ချင်းဖုံးဆက်မှာပေးရတယ်။

ညဘက် အကင်လုပ်ဘို့ ငါးပုဇွန်တွေ လိုချင်ပါတယ်တဲ့။

အအေးခန်းစက်ရုံတွေက ယူပြီးပို့ရတယ်။

မြေးမိန်းခလေးမို့ လက်ဝတ်ရတနာ ပြောင်ပြောင်တွေလဲ ပေးချင်ပြန်သတဲ့။

ကျွန်မအလုပ်ရှင်တွေရဲ့ ဖုံးဆက်မှာကြာချက်တွေကို ဖြည့်စွက်ပြီးတဲ့နောက်မှာတော့

ပေးချင်တဲ့လူတွေများလို့ ထားစရာတောင် နေရာမရှိတော့တဲ့လူတွေကနေ
စားစရာမရှိတဲ့လူတွေဆီ စီးဆင်းသွားဘို့အတွက်...............................

ငတက်ဖျား............ကိုဘဲ အကူအညီတောင်းတော့မယ်။

Wednesday, October 19, 2011

ပြတင်းပေါက်

အဆုတ်အားနည်းသူတစ်ယောက်က လေ၀၀ရှုဘို့လိုတယ်။
လေ၀၀ ရှုခွင့်မရလို့လဲ အဆုတ်အားနည်းတာ ဖြစ်နိုင်ပါတယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့်မရတဲ့အခြေအနေ
အပစ်တင်အရောင်တွေလွှမ်းတဲ့ ပတ်ဝန်းကျင်မျက်လုံးတွေကိုရှောင်ဘို့
နေရာမရှိတဲ့အခါမှာ
လူတွေရဲ့မြင်ကွင်းကပျောက်ကွယ်ဘို့ စောင်ကိုခေါင်းမူးခြုံအိပ်ရာက
လေ၀၀ရှုခွင့်မရတဲ့ နောက်ဆက်တွဲ ဝေဒနာတွေပေါ့။
လေရဘို့အတွက် လေ၀င်နိုင်တဲ့ ပြတင်းပေါက်လိုတယ်။
ပြတင်းပေါက်ကို မက်မောတဲ့လူတစ်ယောက်အနေနဲ့
အ၀င်အထွက်တံခါးတစ်ခုဘဲအပေါက်ပါတဲ့အဆောင်ခန်းကလေးကို
ခဏတိုင်းအမှတ်ရမိသေးတယ်။
အဲဒီအခန်းက လေ၀င်ပေါက်သာမရှိတာ ကာထားတာက အထပ်သားမို့
ဘေးအခန်းတွေရဲ့ဆူညံသံတွေကတော့ အတားအဆီးမရှိ အမြဲဝင်ဝင်လာတယ်
လေ၀င်ပေါက်မရှိတဲ့အဆောင်ခန်းလေးရဲ့ရှေ့မှာတော့ လေတွေတ၀ူးဝူးတိုက်နေတဲ့
လိပ်ပြာကန်ရှိတယ်
အဲဒီကန်ဘေးသွားပြီးလေရှုတာပေါ့။
မသိစိတ်က ပြတင်းပေါက်ကို စွဲလန်းနေတာဖြစ်မယ်
ကိုတာ ရဲ့ ပြတင်းပေါက်မှ ကြည့်သူရဲ့စိတ်ကူးများ စာအုပ်ကို ၀ယ်ဖြစ်တယ်။
ပြတင်းပေါက်ရှိမှ လေ၀င်နိုင်သလို ပြတင်းပေါက်ကနေကြည့်မှ
တကယ့်အပြင်လောကရဲ့အဖြစ်အပျက်တွေကို မြင်နိုင်မယ်လေ။
ခုတော့ ပြတင်းပေါက် (9)ပေါက်နဲ့ ၀ရံတာ (2)ခုကို ရတယ်။
ဒါပေမဲ့ ပြင်ပက၀င်လာတဲ့လေကိုဘဲ လိုချင်တာမို့ အခြားအရာတွေကိုကာကွယ်ဘို့
သံပန်းတပ်ဦးမှ ဆိုတဲ့အတွေးက ရောက်လာတယ်။
မဆုံးနိုင်တဲ့ ဘ၀လိုအပ်ချက်တွေပေါ့။
အဲဒီလိုအပ်ချက်တွေကို ဖြည့်ဘို့
Air Condition ဖွင့်ထားတဲ့ မှန်လုံအခန်းထဲမှာ
ဘ၀တ၀က်ကိုပေးနေရတယ်။
စိတ်မွမ်းကြပ်မှုတွေနဲ့ပေါ့။
တနေ့မှာတော့ လေတဟူးဟူးတိုက်နေတဲ့ ပြတင်းပေါက်ဘေးမှာ
ဖျာကလေးခင်းပြီး စာအုပ်ကလေးဘေးချ အိပ်နိုင်ရမယ်လို့ အားတင်းရင်း.............