Friday, July 24, 2009

ဖိုးရှုပ်

ကျွန်မညီမက ဗရုတ်သုက္ခတွေသာ လုပ်တတ်တာပါ။ သူက စိတ်ကောင်းပိုရှိတယ်။ သနားတတ်တယ်။
တခါတလေမှာ သနားစိတ်က များပြီး ဖင်မနိုင်ဘဲ ပဲကြီးဟင်းတွေ သောက်သောက်လာလို့
ကျွန်မတို့ အမြဲစကားများရပါတယ်။
တခါတော့ သူ့ကိုပြောပြဘူးပါတယ်။
ဘုရားအလောင်းတောင် မျောက်မင်းဘ၀မှာ ချောက်ကိုကျော်ခါနီး ပုန္နားကို ကယ်ချင်တော့
ပုန္နားအလေးချိန်နဲ့ညီမျှတဲ့ ကျောက်တုန်းကို အရင် ထမ်းပြီး အစမ်းခုန်ကြည့်ရသေးတယ်။
နင်လို သာမန်ညောင်ည က မချင့်ချိန်ဘဲ သူများကို သနားတဲ့စိတ်နဲ့ ဇွတ်မလုပ်လာနဲ့လို့
ကျွန်မက ဒေါသတကြီးပြောတော့ သူက ထုံးစံအတိုင်း ဇတ်ထဲမှာနောက်ပိုင်းမင်းသမီး
ဘ၀က လာတာလေ အမြဲမျက်ရည်ကျပါတယ်။
သိတယ်မို့လား နောက်ပိုင်းမင်းသမီးတွေက အငိုတို့ အလွမ်းတို့ပိုင်ရတယ်။
ကျွန်မညီမက အိမ်ကပေးစားတာမဟုတ်ဘဲ သူတို့စိတ်ကြိုက်ရွေးချယ်ခဲ့ကြတာလေ။
သူက သမီးနှစ်ယောက်မှာ အငယ်
သူ့အမျိုးသာက သား(4)ယောက် မှာ အငယ်ဆုံးဖြစ်တဲ့အပြင် ကျန်လူတွေက တစ်ယောက်မှ အိမ်ထောင်မကျသေးတော့ နှစ်ဖက်မိဘတွေက တားမရလို့သာပါ။ သိပ်တော့ သဘောကျတယ် မဟုတ်ပါဘူး။
ကျွန်မညီမကတော့ အဲဒီနေရာမှာ ကျွန်မလို လိုက်မလုပ်တော့ပါ။
ကျွန်မကလည်း ကိုသာအဖြစ်မရှိတာ သူများလုပ်ရင်တော့ အမြဲအားပေးတတ်တာမို့
သူအိမ်ထောင်ပြုမှာကိုထောက်ခံခဲ့ပါတယ်။ အမေ့ကွယ်ရာမှာပေါ့။
သူ့ယောက္ခမတွေက ကျောင်းအုပ်တွေမို့ နမော်နမဲ့နိုင်တဲ့ ငါ့ညီမတော့ ဒုက္ခလှလှ အပြင် မြမြနဲ့ပါတွေ့တော့မှာလို့
စိုးရိမ်နေခဲ့မိပါတယ်။
အင်း အဲဒါကျတော့ ဟုတ်သွားပြန်ပါတယ်။ ဘာသံမှ မကြားရပါ။
သူလက်ထပ်လိုက်တဲ့အတွက် ကျွန်မနောက်ပိုင်းမှ ကျိတ်ပြီး အမြဲသဘောကျတဲ့အချက်လဲရှိပါသေးတယ်။
လက်မထပ်ခင်အထိ ကျွန်မသူ့ကို အမြဲမုန့်ဘိုးပေးရသလို ကျွန်မအလုပ်လုပ်တဲ့စားသောက်ဆိုင်က သူတို့ တက္ကသိုလ်သွားတဲ့
ကျောင်းကားဂိတ်နားမှာရှိတာမို့ သူငယ်ချင်းတွေခေါ်လာပြီး မုန့်လာစားသွားတတ်လို့ပါဘဲ။
လက်ထပ်ပြီးနောက်ပိုင်းမှာတော့ မုန့်ဘိုးမပေးရတော့ပါ။
နောက်ထပ်သူ့အတွက် လုပ်စားလို့ကောင်းသွားတာကတော့ နှစ်ဖက်မိဘတွေအတွက် မြေးဦးယောက်ကျာင်္းလေး
မွေးပေးလိုက်နိုင်တာပါဘဲ။ သူ့သားကလေးက သူနဲ့ရုပ်တင်မကဘူး စိတ်ပါတူသူပါ။
အိမ်ထောင်ကျသွားလို့ ရွှေဝါရေ့ ငါတော့ ဆိုပြီး အသံမကြားရတာ နည်းနည်းကြာပေမဲ့
သမိုင်းက တပတ်ပြန်လည်လာပါတယ်။
သူက ရန်ကုန်ကိုပြောင်းနေတဲ့အချိန် ကျွန်မကလည်း ရန်ကုန်ကိုအလုပ်ပြောင်းရချိန်ဆိုတော့
ညီအစ်မနှစ်ယောက် ဇတ်လမ်းကပြန်စပါတော့တယ်။ အဲဒီအချိန်မှာ သူ့သားအကြီးမွေးခါနီးပေါ့။
မနက်အစောကြီး ကျွန်မအိမ်ကို လာနိုးပါတယ်။ ငါဗိုက်နာနေပြီတဲ့။
ကျွန်မလည်း ဆေးရုံကို သူနဲ့အတူလိုက်သွားပါတယ်။ ဘယ်အထိလဲဆိုရင် မွေးခန်းအပြင်ခန်းအထိပါ။
ကျွန်မက ဆေးရုံတွေမှာ ကလေးမွေးခါနီးနာလို့အော်တဲ့ လူနာတွေကို ကြည့်ပြီးရှက်တတ်တော့
သူ့ကိုလည်း နင်မအော်နဲ့နော် ကျိတ်ခံလို့ သတိပေးလိုက်ပါတယ်။
သူခမျာ သတိလစ်ပြီး သွေးပေါင်ချိန် (0)ဖြစ်သွားတာတောင် မအော်ခဲ့တာမို့ ငါ့ညီမတော်တော်ဟုတ်သွားပြီလို့
ထင်ခဲ့ပါတယ်။
သူ့အိမ်က (5)ထပ်မှာမို့ ကျွန်မအိမ် ပထမထပ်မှာ တစ်ပတ်လောက်နေပြီး ပြောင်းသွားပါတယ်။
ပြောင်းသွားပြီးတစ်ညနေ မွေးပြီး(15)ရက်လောက်ထင်ပါတယ်။
ကျွန်မရှိတဲ့အောက်ထပ်ကို ကလေးချီပြီးပြေးဆင်းလားပါတယ်။
ငါတော့ သားကို အရက်ပျံနဲ့ ကရိုက်မစ်ချာ(လေဆေး) မှားတိုက်မိပြီးတဲ့။
အော်...........လို့တောင် မညည်းနိုင်ဘဲ။
အိမ်နားက ကလေးဆရာဝန်ဆီပြေးရပါတော့တယ်။
ကလေးဆရာဝန်က သေချာမေးပြီး ခဏစောင့်ကြည့်ပါတယ်။ နောက်စိတ်ချရတော့မှ ပြန်လွှတ်လိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာ သူ့သားလေးကျန်းမာရေးက ကောင်းနေတော့ ကျွန်မတို့က စကြပါတယ်။
နင်တိုက်လိုက်တဲ့အရက်ပျံကြောင့် ကလေးဗိုက်ထဲက ပိုးတွေ သေကုန်တာလို့လေ။
သူ့သားလေးမွေးတော့ ကျွန်မကနေ့တိုင်း အလုပ်မသွားခင်ဈေးဝယ်ပြီး သူရှိတဲ့(5)ထပ်ကို တက်ပို့ရပါတယ်။
ညနေခင်းရုံးက ပြန်လာရင် တစ်ခေါက်သွားကြည့်ရပါတယ်။
အဲဒါကြောင့် ကျွန်မက သူ့သားကို ဖိုးရှုပ် လို့နာမည်ပေးထားလိုက်ပါတယ်။
သူ့အမေကတော့ အောင်ခန့်ဖြိုး လို့ နံမည်ပေးပါတယ်။
အဲဒီနံမည်ပေးပြီးကတည်းက သူ့သားလေးက အမြဲ ခန့်ခန့်ကြီးနေတော့တာပါဘဲ။
အရီအပြုံးလည်းနည်းပြီး လူကြီးစတိုင်လေးနဲ့ပါ။
နောက် ဗေဒင်တွက်ကြည့်တော့ နံမည်စီးနေတာလို့ပြောတာနဲ့ ကျော်မင်းသူ လို့ပြောင်းလိုက်ချိန်က စပြီး
သွက်လက်လာပါတော့တယ်။
တခါတလေမှာတော့လည်း မမြင်နိုင်တဲ့ အကြောင်းတရားတွေ အများကြီးရှိတယ်ဆိုတာ ယုံရမလိုဖြစ်နေပါတယ်။
သူ့သားကလဲ သူ့အမေလို ကြောက်တတ်တဲ့ထဲမှာပါပါတယ်။
သူ့အမေက အငယ်မလေးမွေးနေတော့ မလိုက်အားတာနဲ့ ကျောင်းပျော်ပွဲရွှင်ပွဲကို ကျွန်မလိုက်သွားပါတယ်။
သူက လူကောင်ကြီးတော့ ဆရာမက သီချင်းဆိုတဲ့နေရာမှာ မိုက်ခွက် နားမှာ နေရချပါတယ်။
ပထမတီးလုံးစပြီးသီချင်းကိုအားရပါးရဆိုလိုက်ပါတယ်။
ပထမအသံတစ်ခုဘဲ ကျယ်ကျယ်ထွက်လာပြီး နောက်ပိုင်းမှာ အသံထွက်မလာဘဲ
နောက်ကို ခပ်ရို့ရို့လေး ဆုတ်သွားတာတွေ့လိုက်ပါတယ်။
အဲဒါနဲ့ ကျွန်မက အောက်ဆင်းလာတော့ မေးကြည့်ပါတယ်။ ဘာဖြစ်တာတုန်းပေါ့။
သားအသံအကျယ်ကြီးထွက်လာတာကို သားကြောက်လို့ပါတဲ့။
ကဲ ကြားဘူးပါသလား ကိုယ့်အသံကိုတောင် ကိုယ်ကြောက်တဲ့ကောင်မျိုးပါ။
သူ သွေးလွန်တုတ်ကွေးဖြစ်တော့ ကလေးဆေးရုံမှာ ကျွန်မသွားစောင့်ပါတယ်။
သူ့အမေ အိမ်ပြန်ချိန်ပါ။ သူများကလေးတွေလို ဓါက်ဆားရည်ကို ချော့တိုက်စရာမလိုဘဲ
ခဏတိုင်းတောင်းသောက်တတ်တာပါဘဲ။
သူမသောက်ရင် အခြားကလေးတွေလို့ အပ်နဲ့သွင်းရမှာ ကြောက်လို့တဲ့။
အင်း တခါတလေတော့လည်း ကြောက်တတ်တာ ကောင်းသားလို့ တွေးမိသွားပါတယ်။
ဒါပေမဲ့ ယောက်ကျာင်္းလေးတန်မဲ့ သနားတတ်ပြီး မျက်ရည်ကျတတ်တာကတော့
သူ့အမေဗီဇပါလာတာလေဆိုပြီး ထားလိုက်ရပါတယ်။
တနေ့ ကျွန်မက သူ့အမေကို ငါမင်္ဂလာဆောင်သွားစရာရှိတယ်လို့ပြောချိန်မှာ သူက ပြန်ပြောလာပါတယ်။
ဝါဦးတို့အရွယ်က မင်္ဂလာဆောင် မသွားသင့်ဘူးတဲ့ ။ အသုဘ ပို့ဘဲသွားသင့်တယ်တဲ့။
အသက်(40)ကျော် သူ့အဒေါ်အပျိုကြီး ကိုလေ။
ကျွန်မက ဘာဖြစ်လို့တုန်းဆိုတော့။
မင်္ဂလာဆောင်သွားရင် နင့်အလှည့်ဘယ်တော့လဲမေးရင် အဖြေရခက်တယ်တဲ့။
အသုဘမှာ ဘယ်သူမှ နင့်အလှည့် ဘယ်တော့လဲလို့ နှုတ်ခွန်းဆက်လေ့မရှိဘူးတဲ့။
ကဲ...............ကျွန်မညီမနဲ့ အပွဲပွဲနွဲလာခဲ့ပေမဲ့။
ဒီတခါမှတော့ ဖိုးရှုပ်ကို ကျွန်မ အလျော့ပေးလိုက်ပါတော့တယ်။

Wednesday, July 22, 2009

အစ်မကြီး အမိ အရာ

ကျွန်မတို့က ညီအစ်မနှစ်ယောက်ပါ။
ကျွန်မညီမလေးက ကျွန်မထက် (2)နှစ်ငယ်ပါတယ်။
ကျွန်မက ညိုညို ပိန်ပိန် အရပ်ရှည်ရှည် ညီမလုပ်သူက ၀၀ ဖြူဖြူ လုံးလုံးလေးမို့ တခြားစီပါဘဲ။
ဒါပေမဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ ပြောဘူးတယ်။
နင်တို့ညီအစ်မက မျက်နှာပေါ်က ကလီစာတွေတူတယ်တဲ့။
ဥပမာ နှုတ်ခမ်း၊နှာတံ၊မျက်လုံး၊နှာခေါင်းတွေပေါ့။
ကျွန်မမိဘတွေကို သိတဲ့လူတွေကတော့ ကျွန်မက အဖေနဲ့ တူပြီး ညီမက အမေနဲ့ တူတယ်လို့ ပြောကြပါတယ်။
အင်း ဘယ်လိုညှိမွေးတယ်ဆိုတာတော့ ကာယကံရှင်တွေဘဲ သိလိမ့်မယ်ထင်ပါတယ်။
ကျွန်မက နို့ဘူးသောက်ပြီး သူက အမေနို့စို့ကြီးလာသူတို့ထုံးစံအတိုင်း သူက ထွားနေတော့တာပေါ့။
အခြားလူတွေက ညီမက ပိုရင့်တယ်ပြောရင် သူက မခံချင်စိတ်နဲ့ ငါက ဥပဓိကောင်းတာပါလို့လဲ သူ့ကိုယ်သူ ဖြေသိမ့်တတ်ပါတယ်။
ကျွန်မက ပိန်ပိန်သေးသေးပေမဲ့ ဇွဲကောင်းပြီး အကျောမာတဲ့သူပါ။
အမေရိုက်ရင် ဘယ်တော့မှ မျက်ရည်မကျဘဲ ကျိတ်ခံတတ်ပြီး ညအိပ်ယာထဲရောက်မှ ကျိတ်ငိုတတ်သူပါ။
ညီမကတော့ မရိုက်ခင်က အော်ငိုတတ်ပြီး အရိုက်မခံရအောင်လဲ ပတ်ပြေးတတ်သူပါ။
ကျွန်မတို့အမေက အရိုက်ကြမ်းသူမို့ ကျွန်မက အမြဲသတိထားနေတတ်ပြီး သူအပစ်လုပ်လာရင်လည်း နင်က အကြီးဘဲ မကြည့်ဘူးလားဆိုပြီး ကျွန်မအများဆုံးအရိုက်ခံရသူမို့ ကျွန်မက အမြဲသူ့ကို ရှောင်ဖယ်ဖယ်လုပ်နေတတ်ပါတယ်။
ကျွန်မ ဘယ်လိုဘဲရှောင်ရှောင် ကျွန်မဆီကိုအမြဲတမ်း ရွှေဝါရေ့ ငါတော့ ဆိုပြီးရောက်ရောက်လာတာပါဘဲ။
ပထမဦးဆုံးမှတ်မိတာတော့ ကျွန်မတို့ မူကြိုကျောင်းအားကစားပြိုင်ပွဲမှာပါ။
ပ၊ဒု၊တ ဆုရတဲ့သူတွေကို တုံးကလေးတွေပေါ်တင်ပြီးဆုပေးတော့ ဓါက်ပုံရိုက်တာကို သူလဲရိုက်ချင်တယ်တဲ့ ဆုမရဘဲနဲ့
ပြေးတော့လဲ ၀တုတ်တုတ်ကလေးနဲ့ သူများနောက်က။
သူတို့ရိုက်ပြီးရင် နင့်ကိုတင်ပြီးရိုက်ပေးမယ်လို့ဆိုတော့လည်း တစ်ယောက်ထဲ မရိုက်ချင်ဘူးတဲ့ အစ်မကြီးအမိရာဆိုတော့ စီစဉ်ရတာပေါ့။
ဆုရတဲ့လူတွေကတော့ ဘယ်ဖယ်ပေးမလဲ အဲဒီလူတွေရဲ့တုံးဘေး မြေကြီးပေါ်မှာ သူက ရပ်ပြီးရိုက်တာလေ။
အဲဒါလည်း ကျေနပ်သွားတာဘဲ။
နောက် မူကြိုကနေ သူငယ်တန်းရောက်တော့ သူက ဥာဏ်ကောင်းပေမဲ့ စာကျတ်ရတာပျင်းတယ်လေ။
သူနဲ့ အမေရဲ့ နီနီစာကျတ်လို့ အော်သံတွေကို ရပ်ကွက်ထဲကလူတွေက သိတယ်။
အမေလည်း အော်ရပါများလို့ နီနီကျတ် လို့ဘဲ အော်နိုင်တော့တယ်။ ရှော့ကပ်လေ။ အကြောင်းမသိတဲ့လူတွေကတော့ ဘယ်လိုထင်မယ် မသိပါဘူး။
ကျွန်မညီမက ညာစားတတ်တော့ အဖွားနဲ့ဦးလေးက တော်တော်ချစ်တယ်လေ။ ကျွန်မဆိုရင် အဖွားက ပေါင်တွင်းကြောအမြဲခေါ်အလိမ် ခံရပေမဲ့ သူ့ဆိုရင်တော့ ဆွမ်းတော်စွန့်တဲ့မုန့် အမြဲကျွေးတတ်တယ်။
ကျွန်မစာမေးပွဲဖြေတာ လူမသိပေမဲ့ ကျွန်မညီမအလှည့်မှာတော့ အားလုံးက သူငယ်တန်းဖြေမှာကို ပါရဂူဘွဲ့လောက်မှတ်ပြီး
ဝိုင်းစာကျတ်ခိုင်းကြတာလေ။ စာမေးပေးတဲ့လူနဲ့။ အဖွားကလည်း ကျောင်းကို ဆေးပေါလိပ်ကြီးနဲ့ လိုက်စောင့်သေးတယ် အခန်းပြင်ကနေပေါ့။
အဲဒီလိုနဲ့ အောင်စာရင်းလည်းထွက်လာရော သူနံမည်မပါလာဘူးလေ။ကျပါလေရော။
အိုး ကျွန်မတို့ဦးလေး အမေ့မောင်က သူ့တူမ စာတွေအကုန်ရတယ် သူတောင်ညဘက်စစ်ပေးလိုက်သေးတယ်ဆိုပြီး။
ဆရာမအိမ်ကို ဒေါင်းတို မောင်းတိုနဲ့ချီတက်သွားပါလေရော။
ခဏနေတော့မှ ဆရာမအိမ်ကနေ ခေါင်းငိုက်စိုက်ချပြီးပြန်လာပါတော့တယ်။ သူက စာမေးပွဲခန်းထဲရောက်ထဲက အိပ်နေတာတဲ့ ဘယ်လိုမှ နိုးရေးခိုင်းလို့မရဘူးတဲ့ ဒါကြောင့်ကျတာပါတဲ့။ စာမေးပွဲမဖြေခင်ညမှာ သူ့ကို စာဝိုင်းမေးပြီး ညဥ့်နက်မှ အိပ်ရတာကို အခဲမကျေလို့ စာမေးပွဲခန်းထဲလဲရောက်ရော စအိပ်ပါလေရောလေ။ အင်း အိပ်တုန်းက အိပ်ခဲ့ပြီးတော့ စာမေးပွဲကျတယ်လည်းဆိုရော ငိုလိုက်တာ။
အဲဒီလိုညီမမျိုးပေါ့။
သူ့သားကလေးက သူငယ်တန်းကို တစ်နှစ်ထဲအောင်တော့ အဲဒါဆိုရင် ကလေးမှားလာတာဖြစ်မယ်။ နင့်သားဆိုရင် တစ်နှစ်ထဲမအောင်ဘူးလို့
ဝိုင်းဟားတဲ့အထိပေါ့။
ကျွန်မတို့ညီအစ်မကို အမေက ဆိုက်ကားကို လပေးနဲ့ကျောင်းသွားပြန်ဘို့ငှားထားပေးတာ။ သူ့နံမည်က ဦးဘိုနီတဲ့။
သူ့ဆီက အမြဲတမ်းအရက်နံ့ရပြီး ကွမ်းတွေလည်း စားတတ်တယ်။
ဒါပေမဲ့ အမေက စားဖျော်-အရက်ဌာနမှာလုပ်တော့ အရက်သောက်တတ်တဲ့ ဆိုက်ကားသမားကို သူ့လုပ်ငန်းဖောက်သည်လို့ဆိုပြီးများ စိတ်ချလက်ချ သမီးနှစ်ယောက်အတွက် ငှားထားပေးသလားထင်ရတယ်။
အမှန်ကတော့ ဦးဘိုနီက သဘောကောင်းပြီး ကျွန်မတို့ကိုလည်းဂရုတစိုက်ရှိလို့ပါ။
တခါတလေ ကျောင်းအပြန် သူဆိုက်ကား လူရလို့လိုက်သွားရရင် ကျွန်မတို့ဆော့ရင်းစောင့်ကြတာပေါ့။ ပိုတောင် ကောင်းသေးတယ်။
ဒါပေမဲ့ ထမင်းချိုင့်တွေထားပြီးသွားဆော့နေတော့ ပျောက်ပေါင်းလည်းမနည်းဘူး။ ပျောက်တိုင်းလည်း အရိုက်ခံတာပါဘဲ။
ဦးဘိုနီကတော့ ပြောရှာတယ် ပျောက်တဲ့နေ့အပြန်လမ်းမှာ နင်တို့အမေတော့ရိုက်တော့မှာလို့ စိတ်မကောင်းသံကြီးနဲ့ပေါ့။
ဒါပေမဲ့ ကျွန်မတို့ညီအစ်မက ဆော့မြဲ။
မိုးရွာတဲ့ တစ်ညနေ ဦးဘိုနီကိုမတွေ့တာနဲ့ ကျွန်မက ညီမလေးကို နင် လွယ်အိတ်တွေ ထမင်းချိုင့်တွေစောင့်ရင်းနေခဲ့ ငါဆိုက်ကားဂိတ်ကိုသွားကြည့်ဦးမယ်ဆိုပြီးထားခဲ့တယ်။
ဆိုက်ကားဂိတ်မှာက (10)ပေ အနက်လောက်နဲ့ (2)ပေခွဲ အကျယ်လောက်ရှိတဲ့ အုတ်ရေမြောင်းတစ်ခုရှိတယ်။
ကျွန်မက (7)နှစ်ဆိုတော့ အဲဒီမြောင်းကလေးကို တံတားကနေမသွားဘဲ ခုန်ကျော်ကူးပြီး ဆိုက်ကားဂိတ်မှာ ဦးဘိုနီကို ရှာနေတုန်း နောက်ကအသံတွေကြားလို့ လှည့်ကြည့်တော့ ကျွန်မညီမလေ နောက်ကလိုက်လာပြီး ကျွန်မခုန်တဲ့အတိုင်း လိုက်လုပ်တော့ သူ့အရွယ်လေးနဲ့ မခုန်နိုင်ဘဲ အုတ်မြောင်းထဲကျသွားပါလေရော။
မိုးတွေရွာနေလို့ မြောင်းထဲမှာ ရေတွေက စီးနေတာ။
ကျွန်မအော်လို့ ဆိုက်ကားနင်းတဲ့ ဦးလေးကြီးတွေက ဆင်းဆယ်ပေးတယ်။
အပေါ်ရောက်လာတော့ သွားလေးဖြီးပြီ ငါက နင်ခုန်လို့ လိုက်ခုန်တာတဲ့။
ကဲ အဲဒီလိုညီမလေးမျိုးပါ။
နောက်နည်းနည်းကြီးလာတော့ ကျွန်မက အမေ့အလစ်မှာ သူငယ်ချင်းတွေနဲ့စက်ဘီးစီးတတ်နေတာကို သူသိတယ်လေ။ ကျွန်မသူငယ်ချင်းတွေနဲ့စက်ဘီးငှားစီးနေတုန်း ငါလဲစီးချင်တယ်လုပ်ရော။
ကျွန်မက နင်အဖြစ်မရှိဘဲနဲ့မလုပ်နဲ့လို့ပြောတာကို အတင်းဂျီတိုက်နေတော့ ဖိုးသက်ခိုင်လို့ခေါ်တဲ့ကျွန်မသူငယ်ချင်းကောင်လေးက ငါလိုက်ထိန်းပေးပါ့မယ်ဆိုပြီး နှစ်ယောက် စီးကြတယ်။
တော်တော်လေးရောက်တော့ နောက်ကလိုက်ထိန်းတဲ့လူကလဲ လွှတ်ပေးရော လဲတာပေါ့။
ရိုးရိုးလဲရင်အကြောင်းမဟုတ်ပေမဲ့ ဘရိတ်လက်ကိုင်က သူ့ပေါင်ကို ထိုးမိတာ တစ်လမလောက် ၀င်သွားပါတယ်။
သူ့ခမျာနာပေမဲ့ ကျိတ်ခံရှာတယ်။ သူ့အပစ်နဲ့သူကိုး။
ညနေအမေပြန်လာတဲ့အထိ နှစ်ယောက်မပြောရဲသေးဘူး။
ကံကောင်းချင်တော့ ကျွန်မတို့ကိုးကွယ်တဲ့ဆရာတော်က အဲဒီညနေမှာ အိမ်ကိုကြွလာတယ်။
ကျွန်မလည်း ဘုန်းကြီးရှေ့မှာတော့ တို့အမေ မရိုက်လောက်ပါဘူးဆိုပြီး ပြောတော့မှာ အမေကအလန်းတကြားနဲ့ ဆေးခန်းသွား၊ ချုပ်ရမယ်ဆိုပြီးဆေးရုံရောက်သွားတယ်။ ဘုန်းကြီးလဲမနေရဘူး။ ဆေးရုံကိုလိုက်ပို့ရတာပေါ့။
အနာက မေးခိုင်ပိုးဝင်နိုင်တယ်လို့ ဆရာဝန်က ပြောလို့ ကျွန်မမှာ စိတ်တွေပူခဲ့ရတယ်။
အဲဒီနောက်ပိုင်းမှာတော့ ကျွန်မသူ့ကို ခပ်ခွာခွာလေးနေခဲ့တယ်။ ကိုယ်လုပ်တိုင်းသူလိုက်လုပ်မှာ စိုးလို့ပါ။
ကျွန်မတို့နေတဲ့ ရပ်ကွက်က လက်လုပ်လက်စားတွေများပေမဲ့ အမေက သူ့သမီးနှစ်ယောက်ကိုတော့ ပညာတတ်စေချင်ပြီး အိမ်အလုပ်တွေကို သူတစ်ယောက်တည်း လုပ်ရှာတယ်။
သူများရွယ်တူတွေ ကန်ကိုရေထွက်ခပ်ရပေမဲ့ ကျွန်မတို့ကိုတော့ ရေ၀ယ်ထည့်ပြီး ချွေချွေတာတာသုံးလို့ဆိုခဲ့တယ်။
ဒါပေမဲ့ ကျွန်မညီမကတော့ အမေရုံးသွားနေတုန်း အခြားသူတွေရေခပ်တာကို ခိုးလိုက်သွားခဲ့သေးတယ်။
နောက်ပိုင်းရေခပ်တဲ့လူငှားမရတော့ မနက်(4)နာရီလောက် သူထခပ်ပြီး ကျွန်မတို့ညီအစ်မကိုတော့ စာကျတ်ဘို့ နိုးထားခဲ့တယ်။
အဲဒီအချိန်ကတည်းက ကျွန်မ မနက်(4)နာရီလောက်ဆို ထတတ်တာလာတာပေါ့။
ကျွန်မတို့နှစ်ယောက်က (2)နှစ်ကွာပြီးသူက သူငယ်တန်းမှာကျတာမို့ အတန်း(3)တန်းကွာသွားပါတယ်။
သူ(6)တန်းနှစ်မှာ ကျွန်မက (9)တန်းပေါ့။ တနေ့သူ့သူငယ်ချင်းတစ်ယောက် ကျွန်မအတန်းထဲကို ထမင်းစားချိန်မှာ လာခေါ်ပါတယ်။
ကျွန်မလိုက်သွားတော့ သူက ကြမ်းပြင်ပေါ် ဖင်ချထိုင်လို့။ ခြေထောက်မှာလဲ သွေးတွေက စီးကျလို့။
ဘာဖြစ်တာလဲဆိုတော့ ဆရာမရိုက်တာတဲ့။ ကျွန်မတို့ကျောင်းက ဆရာမတွေက အရိုက်ကြမ်းတယ်လေ။
နင်ဘာအပြစ်လုပ်လဲလို့မေးတော့ ငါမလုပ်ဘူးတဲ့ သူများလုပ်တာကို ငါပါအရိုက်ခံရတာတဲ့။
သူက တလွဲတချော်လုပ်တတ်ပေမဲ့ အမှန်ပြောတတ်သူပါ။
ကျွန်မကိုယ်တိုင်လည်း အဲဒီလိုမှားပြီး အရိုက်ခံခဲ့ရဘူးတာမို့ ကိုယ့်တုန်းက တစ်ယောက်တည်း ကျိတ်ဖြေရှင်းခဲ့ပေမဲ့
ညီမအလှည့်မှာတော့ ဒီအတိုင်းမခံနိုင်ခဲ့ပါဘူး။ ကိုယ်တိုင်လည်း မဖြေရှင်းတတ်တာမို့ နေဦး ငါအမေ့သွားခေါ်ဦးမယ်ဆိုပြီး။
အမေ့ရုံးကို ပြေးခေါ်ခဲ့ပါတယ်။ အမေက သူကိုယ်တိုင်သာ ရိုက်တာ အခုဆရာမက မတရားရိုက်တော့လည်း တိုင်လိုက်တာ
ကျောင်းအုပ်ကြီးအထိပါဘဲ။
ကျွန်မညီမက အဲဒီလိုမျိုးပါ။
ကျွန်မအတန်းကို သူ(သို့) သူ့သူငယ်ချင်းများလာတာ မြင်ရင် မျက်လုံးပြူးနေတဲ့အထိပါ။
တနေ့လည်း မုန့်စားဆင်းချိန်ရောက်လာပါတယ်။ ငါ့ကိုမုန့်ဝယ်ကျွေးတဲ့။
နင့်မုန့်ဘိုးရောဆိုတော့ ငါ မုန့်ဘိုင်းဒေါင့်သည်ကြီးကို ပေးထားတယ်တဲ့။
သူကျောင်းရောက်ရင် မုန့်ဘိုင်းဒေါင့်သည်ကြီးကို မုန့်ဘိုးသွားသွားပေးထားပြီး မုန့်စားဆင်းချိန်ရောက်မှ မုန့်ဘိုင်းဒေါင့်ယူစားသတဲ့။
အဲဒီနေ့က သူမုန့်ဘိုင်းဒေါင့်မစားချင်လို့တဲ့ ဖြစ်ပုံက။
ကျွန်မက ၀ယ်ကျွေးရမှာနှမျောတာနဲ့ နင်က ဘာကိစ္စနဲ့ သွားပေးထားရတုန်းဆိုတော့ သနားလို့တဲ့။
အော် ငါမစားဘဲနင့်ကိုကျွေးရမှာရော မသနားဘူးလားဆိုတော့
မျက်ရည်လေး ၀ဲလို့။
အဲဒီလိုညီမမျိုးပါ။
အမေက ကျွန်မတို့ညီအစ်မကို အ၀တ်ပုံစံတူအရောင်ကွဲ ၀ယ်ပေးလေ့ရှိပါတယ်။
ကျွန်မက အ၀တ်ဆိုရင် အသစ်ဝတ်ရမှာ ရှက်လေ့ရှိပြီး။ မ၀တ်ဘဲ ခဏသိမ်းထားလေ့ရှိပါတယ်။
ကျွန်မညီမကတော့ အ၀တ်သစ်ရှိရင် လမ်းထွက်ဘို့ ရှာနေသူပါ။
အတိုင်းက မကွာတော့ သူ့အ၀တ်နည်းနည်းဟောင်းသွားရင် ကျွန်မ အသစ်ကို ငှားဝတ်လေ့ရှိပါတယ်။
(3)ခါလောက် ၀တ်ပြီးရင်တော့ ပြန်ပေးတတ်ပါတယ်။ ကျွန်မအတွက်ကလည်း အဲဒီအချိန်မှ ၀တ်ဘို့အဆင်ပြေသွားပါတယ်။
နောက် အရွယ်ရောက်လာတော့ ကျွန်မက မငှားချင်ရင် ကျွန်မအလုပ်သွားနေတုန်း ယူဝတ်တတ်ပြီး အလုပ်က ပြန်မလာခင်မှာ ပြန်ထည့်ထားတတ်ပါတယ်။
အခုတော့ ကျွန်မက ပေါင် 100 မှာ ကျန်ခဲ့ပြီး သူက ပေါင် 140 လောက်ဖြစ်ပြီမို့ ငှားဝတ်လို့ မရတော့ပါ။

အဲဒီလို ညီမမျိုးပါ။

Tuesday, July 21, 2009

ကျွန်မတို့မြို့

ဘုရင်နောင်မင်းတရားကြီး ထီးနန်းစိုက်တဲ့မြို့ ကနေ လာတာမို့ တို့က ရာဇ အိနြေ္ဒပျက်လို့ မဖြစ်ဘူးလို့ အမြဲပြောနေဖြစ်ခဲ့တယ်။ အဲဒီမြို့ကလေးကို သဘောကျပေမဲ့ အဝေးကဘဲ သတိရနေရတယ်။
အဲဒီမြို့ကလေးမှာ ရွှေမောဓေါဘုရားရှိတယ်။
မစိန် ကြေးအိုးဆိုင် ရှိတယ်။
ဒေါ်ကြင်လှိုင် အသုပ်ဆိုင် ရှိတယ်။
မမကြီး အအေးဆိုင် ရှိတယ်။
ရွှေနှင်းဆီ ရေခဲမုန်ဆိုင် ရှိတယ်။
အင်ကြင်း လဘက်ရည်ဆိုင် ရှိတယ်။
မိသားစု ထမင်းဆိုင် ရှိတယ်။
(33)လမ်းက မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲဆိုင် ရှိတယ်။
မာလာဦး ဘူးသီးကြော်ဆိုင် ရှိတယ်။
သဇင် စာအုပ်ဆိုင် ရှိတယ်။
စလွန်း အကြော်သုပ်ဆိုင် ရှိတယ်။
သွန်းဘုရားနားမှာ ဖက်ထုပ်ပြုတ်ဆိုင် ရှိတယ်။
ချစ်ခင်တဲ့ လူတွေ ရှိတယ်။
စက်ဘီးတစ်စီးရှိရင် လိုရာရောက်နိုင်တဲ့ မြို့ဖြစ်တယ်။
မိုးတွင်းမှာ ငါးနဲ့ပုဇွန်ပေါတယ်။
ငယ်ငယ်တုန်းက အမေချက်တဲ့ ဟင်းတွေကို သတိရတယ်။
ငါးရံခေါင်းဟင်းချက်တဲ့နေ့ဆိုရင် အရိုးပုံကြီးက ဟီးထနေတယ်။
ပုဇွန်းငါးပေါင်းကြော်ကြော်စားကြတယ်။ မန်ကျီးသီး အချဉ်ရည်နဲ့ပေါ့။
ပုဇွန် ငါးဆုပ်၊ငါးခူ ငါးဆုပ် ချဉ်ဟင်းတွေကလည်း အတော် စားကောင်းခဲ့တယ်။
ငါးသလဲတိုး၊ ငါးသံချိတ် အိုးကပ်ဟင်းတွေကိုတော့ မမေ့ဘူး။
ဓညင်းသီးနုတာလေးတွေ ရေနွေးဖျောပြီးတို့ခဲ့တယ်။
တို့ညီအစ်မနှစ်ယောက် ကန်ဇွန်းရွက်ကြော်နဲ့ ငပိရည်နယ်စားကြတယ်။
တခါတလေ အာလူးပြုတ်၊ထောင်းပြီး အသားမပါဘဲ၊ကြက်ဥအကာလေးနဲ့ ကတ်တလိပ်လုပ်စားကြတယ်။
ထန်းလျက်ခဲနဲ့ ကော်ဖီကြမ်းဖျော်သောက်ကြတယ်။
အမေလခထုတ်တဲ့နေမှာ ဆီချက်ဆိုင်သွားစားကြတာ အပျော်ဆုံးဘဲ။
အခု ဆီချက်ကို နေ့တိုင်းစားနိုင်ပေမဲ့ စားမကောင်းတော့တဲ့အကြောင်း ပြန်ပြောရင်း ညီအစ်မနှစ်ယောက် ရီကြရတယ်။
သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ်။ အိမ်မှာ ကိတ်မုန့်ကို ခွဲတမ်းနဲ့ အမြဲစားနေရတော့ သူပိုတ်ဆံရလာတဲ့နေ့မှာ တစ်ယောက်ထဲ တစ်လုံး ကုန်အောင် အိမ်ကလူတွေကို အသိမပေးဘဲ တိတ်တိတ်ကလေး စားဘူးတယ်တဲ့။
ဟုတ်မှာပါ။
တို့အမေလည်း အခုတော့ အသက်ကြီးပြီ ဟင်းမချက်နိုင်တော့ဘူး။
သမီးတွေကလည်း ငွေရှာနေရတာနဲ့အဝေးမှာ ချက်မကျွေးနိုင်သေးဘူး။
တနေ့တော့ တို့မြို့ကလေးကို ပြန်နိုင်မှာပါလို့ အားတင်းရင်း အသက်(40)ကျော်တဲ့အထိ မပြန်နိုင်သေးဘူး။
တကယ်ပြန်နိုင်တဲ့အရွယ်ရောက်ရင်ရော စက်ဘီးတစ်စီးနဲ့ ရွာရိုးပတ်နိုင်ပါတော့မလား။
ငယ်ငယ်တုန်းက ငွေနဲ့ချင့်ချိန်ပြီးစားခဲ့ရတဲ့ ကြိုက်ခဲ့ရတဲ့ အစားအစာတွေကိုရော ခံတွင်းကောင်းကောင်းနဲ့စားနိုင်ပါတော့မလား။
အခုတော့ သွားတွေလည်းမကောင်းတော့ပါ။

Friday, July 17, 2009

ပုဇွန်စားသူများ

ကျွန်မအထင်ပြောတာပါ စာရင်းကိုင်အများစုက ပိန်ပိန်လေးတွေပါတယ်။ သိသလောက်နော်။ ၀ တဲ့စာရင်းကိုင်များလည်းရှိပါတယ်။ အများစုက ပိန်နေတော့ ကျွန်မက အမြဲနောက်လေ့ရှိပါတယ်။ စာရင်းကိုင်တွေက ဂဏန်း စားပြီး ၀မ်းလျောလို့ ပိန်နေတာလို့။ စာရင်းကိုင် ၀ ၀ လေးတွေက ငါတို့က ဘာဖြစ်လို့ ၀ နေတာတုန်းလို့ ပြန်မေးလေ့ရှိပါတယ်။ နင်တို့က ဂဏန်းမစားဘဲ ပုဇွန်စားတဲ့ လူတွေလို့ကျွန်မက ပြန်နောက်လေ့ရှိပါတယ်။ စာရင်းကိုင်လောကမှာလဲ တကယ် ပုဇွန်စားတဲ့လူတွေအများကြီးတွေ့ခဲ့ဘူးပေမဲ့ ကျွန်မကတော့ စာရင်းကိုင်ပီပီ ဂဏန်းစားပြီး ပိန်တဲ့ဘ၀ကိုဘဲ နှစ်သက်မိပါတယ်။

အလွဲ(6)

သူငယ်ချင်းတွေက တစ်ယောက်ပြီးတစ်ယောက် တကျွန်းကျကုန်တာ။ အဲဒါနဲ့သူတို့က ကျွန်းကလေးကို စိတ်ဝင်စားရင် လာခဲ့ပါလားဆိုတာနဲ့ ကျွန်မလဲ မြန်မာပြည်က စာရင်းကိုင်အလုပ်ကလေးကို ခွင့်တစ်လယူပြီးထွက်လာခဲ့ပါတယ်။ ကျွန်မသူငယ်ချင်း တွေက အကောင်းစားလေးတွေပါ။ ကျွန်မလာမှ နှစ်ပတ်လည်ခွင့်ကိုယူမဲ့လူ၊ နေဘို့စီစဉ်ထားပေးတဲ့လူ။ ဖုံး MRT Card အိုး ဘာဆိုဘာမှ မလိုလောက်အောင် ကောင်းတဲ့သူတွေပါ။ တနေ့ကျွန်မနဲ့သူငယ်ချင်းတစ်ယောက် Bonlay MRT မှာ ရထားစီးဘို့စောင့်နေတာ။ အဲဒီတုန်းက Bonlay ကရထားလမ်းဆုံးပါ။ ရထားက တီတီမြည်နေတုန်း ကျွန်မသူငယ်ချင်းက လျှင်လျှင်မြန်မြန်နဲ့တက်သွားပါလေရော။ ကျွန်မက အသံမြည်နေလို့မတက်ရဲတာနဲ့ ဘူတာပလက်ဖောင်းမှာ ကျန်ခဲ့ပါတယ်။ သွားရမဲ့ဘူတာကို သိတာမို့ နောက်ရထားစီးပြီး လိုက်သွားမယ်လေဆိုပြီး ရပ်ကျန်ခဲ့တဲ့ ပလက်ဖောင်းဘက်မှာဘဲ ဆက်စောင့်နေခဲ့ပါတယ်။ ခဏကြာတော့ သူငယ်ချင်းက ဖုံးဆက်လာ ပါတယ်။ ဘာလို့လိုက်မလာတာလဲတဲ့။ ငါရထားစောင့်နေတယ်ဆိုတော့ ခုနရထားလာတယ်လေတဲ့ ငါမသိဘူးဆိုတော့ ရီပါလေရော။ Bonlay MRT ရထားလမ်းဆုံးပြီး ဘယ်ညာပလက်ဖောင်းနှစ်ခုစလုံး လိုင်းအတူသွားတယ်ဆိုတာပါဘဲ။ အဲဒါကြောင့် ကျန်ခဲ့တဲ့ ပလက်ဖောင်းပေါ်မှာဘဲ ပေစောင့်နေခဲ့တာလေ။ ၀ိုင်းဟားလိုက်ကြတာ လွဲပြန်ပြီပေါ့။ နောက် MRT အလွဲတစ်ခုက ကဒ်ကို ညာဘက်မှာ ရိုက်ရတာကို ကျွန်မက ဘယ်ဘက်နဲ့ရိုက်ပြီးထွက်မရဖြစ်နေတာ။ နောက်ကလူတွေကလည်း ပြုံးစိစိနဲ့ပေါ့။ ရှက်ရှက်နဲ့သူများကို ဖယ်ပေးပြီး နောက်ကနေ ရှိုးတော့မှ အော် ငါကလည်း ညံ့ပါ့လို့ ချီးမွမ်းမိတော့တယ်။ နောက်အလွဲတစ်ခုရှိသေးတယ်။မနက်ခင်းအ၀င်မှာ ကဒ်ရိုက်တာ စက်ကလက်မခံပါဘူး။ အရင်နေ့ကမှာ 50 ကြီးများတောင် ထည့်ထားတာမို့ ပိုတ်ဆံကုန်တာမဖြစ်နိုင်ပါဘူးဆိုပြီး Customer Service ကို ဘာဖြစ်တာလဲလို့မေးလိုက်တော့မှ မနေ့ညက ကဒ်ရိုက်မထွက်လို့လို့ ပြန်အဖြေပေးပါတယ်။ ငါ ကဒ်မရိုက်ရင် ဘယ်လိုထွက်လို့ရမလဲ ငါရိုက်ခဲ့ပါတယ်လို့ပြန်ပြောတော့ မင်းရိုက်တာ မမိဘူး။ ရှေ့ကလူရိုက်တာနဲ့ရောထွက်လာတာနေမှာလို့ ပြန်ပြောမှဘဲ အော် အလွဲလွဲ အချော်ချော်တွေပါလားလို့ဆိုပြီး။ တောင်းပန်ခဲ့ရပါကြောင်း။

Tuesday, July 14, 2009

အလွဲ(5)

အလွဲတွေအကြောင်းကို ပြန်စဉ်းစားလိုက်ရင် လွဲနေတုန်းခံရခက်ပေမဲ့ နောက်ပိုင်းမှာ ရီချင်သွားတာပါဘဲ။ ကျွန်မ ပြည်သစ်လုပ်ငန်းကို ရောက်သွားတော့ ၀န်ထမ်းအိမ်နေခွင့်ရပါတယ်။ တကိုယ်တော်ပေါ့။ အသက် 26နှစ်ပတ်ဝန်းကျင် မိန်းမပျိုတစ်ယောက်အနေနဲ့ တစ်ယောက်တည်းနေတာ မသင့်တော်ပေမဲ့ ကျွန်မက လွတ်လွတ်လပ်လပ်နေချင်သူမို့ တစ်ယောက်တည်းနေဖြစ်ခဲပါတယ်။ တစ်ယောက် ထဲနေလားဆိုတဲ့ အံ့သြတဲ့အမေးတွေနဲ့ အကြည့်တွေကိုရင်ဆိုင်ရင်း (4)နှစ်ခွဲကြာခဲ့ပါတယ်။ တစ်ယောက်ထဲရဲတဲ့အကြောင်း ရှိပါတယ်။ ကျွန်မနေရတဲ့ ခြံဝင်းနဲ့ကပ်လျှက်အိမ်က ဂျီတီအိုင်ကျောင်းသားတွေကို ဘော်ဒါဆောင်ဖွင့်ထားပါတယ်။ အဆောင်နေ ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ညဘက်မှာ ဂစ်တာတီး၊ဖဲရိုက်၊အော်ဟစ်ရန်ဖြစ်သံတွေနဲ့ အမြဲဆူညံနေတတ်ပြီး ကျွန်မ အိပ်ယာထဲ ကနေကြားနေရပါတယ်။ ကျွန်မလဲကြောက်စိတ်မရှိဘဲ အဲဒီအသံတွေကို အဖော်လုပ်ရင်း တစ်ယောက်ထဲ နေဖြစ် ခဲ့ပါတယ်။ အဲဒီအင်ဂျင်နီယာအုပ်စုထဲက ကျွန်မနဲ့ အခု တစ်ကျွန်းထဲ စံနေရသူတွေ ဘယ်လောက်များနေမယ် မသိပါဘူး။ ဒါပေမဲ့ လူတွေကိုတော့ တစ်ယောက်မှ မျက်နှာမမြင်ဘူးခဲ့ပါ။ ကျွန်မက အအိပ်မက်သူတစ်ယောက် ဖြစ်ပြီး အိပ်ယာလဲရွေးတတ်သူ။ ကုတင်နဲ့မှ အိပ်ချင်သူပါ။ ကျွန်မတစ်ယောက်ထဲ နေတဲ့အိမ်မှာ ကုတင်ကိုစလုပ်ဖြစ်ခဲ့ပါတယ်။ တစ်ယောက်ကျယ်ကျယ်ဝန်းဝန်းအိပ်နိုင်ပြီး ကျွန်မစာအုပ်တွေပါ တင်နိုင်အောင် ခပ်ကြီးကြီးခေါက်ကုတင်လေးတစ်လုံးပါ။ ကျွန်မက ည(8)နာရီအိပ်ယာဝင်တတ်ပြီး မနက်(4)နာရီ ထတတ်တာ အထက်တန်းကျောင်းသူဘ၀ကနေ ဒီကျွန်းလေးကို မရောက်ခင်အထိပါ။ ဒီကျွန်းကလေးကို ရောက်တော့မှ ကျွန်မရဲ့ အကျင့်ကောင်း တစ်ခုပျက်ခဲ့ရပါတယ်။ ကျွန်မစောစောပြန်ရောက်ပေမဲ့ ပြန်မရောက်တဲ့ အတူနေသူငယ်ချင်းတွေကို စောင့်ရင်း ကျွန်မရဲ့အိပ်ချိန်တွေက နောက်ကိုရွေ့သွားပါတော့တယ်။ ခပ်ကြီးကြီးကုတင်တစ်လုံးနဲ့ စောစောအိပ်ယာဝင်တတ်တဲ့မိန်းခလေးတစ်ဦး တနှစ်လောက် ပြည်မြို့မှာ နေတော့ နေသားကျနေပါပြီ။ တစ်ညလည်မှာတော့ ကျွန်မ အပေါ့သွားချင်စိတ်ကြောင့် နိုးလာပါတယ်။ နယ်အိမ်တွေရဲ့ထုံးစံအတိုင်း အိမ်သာက အပြင်ဘက်မှာမို့ ထွက်ဘို့စဉ်းစားနေမိပါတယ်။ ဒါပေမဲ့ အိမ်သာနဲကပ်လျှက်ခြံစည်းရိုးဘေးမှာ ကျောင်းသားအဆောင် ရှိတာမို့ တစ်ခုခုဆိုလှမ်းအော်ရင် သူတို့လာမှာဘဲလေဆိုပြီး ထသွားဖြစ်ခဲ့ပါတယ်။ ကျောင်းသားအများစုက ရိုးသားတဲ့လူတွေ ကူညီချင် စိတ်ရှိတဲ့လူတွေလို့ ယုံကြည်စိတ်လဲ အခုထိရှိနေတုန်းမို့ပါ။ပုံမှန်အတိုင်းပါဘဲ ကျွန်မထပြီး တခါးဖွင့်ထွက်။ အပေါ့သွားပြီး ပြန်ဝင်လာချိန် အထိ အားလုံးအိုကေနေပါတယ်။ မီးလဲလာနေတာမို့ကြောက်စိတ်တောင် မရှိတော့ပါဘူး။ အိမ်ထဲပြန်ဝင် မီးမှိတ်ပြီး ကုတင်ပေါ် ပြန်အိပ် ဘို့ကျိုးစားပါတယ်။ ကျွန်မက တရေးနိုးပြီးရင် ပြန်အအိပ်ခက်သူမို့ပါ။ (15)မိနစ်လောက် ကြာမယ် ထင်ပါတယ်။ မှေးမှေးကျလာတော့ ကုတင်လှုပ်သွားပါတယ်။ ကျွန်မလည်း သိပ်အိပ်မပျော်သေးတာမို့ လန့်သွားပါတယ်။ ပထမဦးဆုံး စဉ်းစားမိတာကတော့ ကုတင် အောက်ကို လူဝင်နေပြီဆိုတာပါဘဲ။ ချွေးတွေပြန်လာပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားပါတယ်။ ဘယ်လိုမှ ဆက်အိပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီကုတင်အောက်ကို ကြည့်မှ ဖြစ်မှာပါ။ မီးကလည်းမှိတ်ထားပြီးနေပြီ။ မီးခလုတ်ကလည်း ကုတင်ပေါ်က ဆင်းပြီး(3)လှမ်းလောက်လှမ်းမှ ဖွင့်ရမဲ့အခြေအနေမှာပါ။ ကျွန်မလေ စိတ်ကို မနည်းငြိမ်အောင်ထိန်းရပါတယ်။ လက်ထဲမှာလဲ ဓါက်မီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထား လိုက်ပါတယ်။ ည(1)နာရီလောက်ရှိပြီမို့ တဖက်ခြံက ကျောင်းသားတွေအသံလဲတိတ်နေပါတယ်။ ကြောက်စိတ်ကို ထိန်းပြီး နောက်ဆုံး မှာတော့ ကုတင်ပေါ်ကဆင်းပြီး မီးခလုတ်ကိုဖွင့် ကုတင်အောက်ကို စိုးရိမ်တကြီးကြည့်လိုက်ပေမဲ့ ကျွန်မမျှော်လင့်ထားသလို ကုတင် အောက်မှာ တစ်စုံတစ်ယောက်ကိုမှ မတွေ့ပါဘူး။ လူမရှိတာသေချာချိန်မှာတော့ သရဲများလားလို့ ထင်လာပြန်ပါတယ်။ ကြောက်စိတ် တွေနဲ့ မိုးလင်းခါနီးမှာမှ အိပ်ပျော်သွားပါတော့တယ်။ မနက်ရုံးသွားတဲ့လမ်းတစ်လျှောက်မှာလဲ အတွေးတွေမျိုးစုံနဲ့ပါ။ သူငယ်ချင်းကို ခေါ်အိပ်ရမလား။ တစ်ယောက်ထဲ ဆက်နေသင့်သလားပေါ့။ အဲဒီလိုနဲ့နေ့ခင်းထမင်းစားချိန် ရောက်လာပါတော့တယ်။ အတူ ထမင်းစားတဲ့ ၀န်ထမ်းတစ်ယောက်က မေးလာပါတယ်။ ညက ငလျင်လှုပ်တာ သိလားတဲ့။ ဘယ်အချိန် လဲလို့ပြန်မေးတော့ ညလယ် လောက်တဲ့။ သူ့အမေးကို ပြန်မဖြေနိုင်ခင်မှာ ကျွန်မ စိတ်လက်ပေါ့ပါးစွာ ထရီပစ်လိုက်ပါတယ်။ အော် တိုက်ဆိုင်ပုံများကတော့ ကျွန်မ အပြင်ထွက်ပြီး ပြန်ဝင်လာချိန်က ငလျင်လှုပ်ချိန်နဲ့သွားတိုက်ဆိုင်နေတာကိုး။ ကျွန်မမှာတော့ ကြောက်လိုက်ရတာ နောက်ဆုံးတော့ ငလျင် ငလျင်ပေါ့။ သူ့လက်ချက်လေ။ တော်သေးတာပေါ့ အကြောက်လွန်ပြီး အခြားအိမ်က လူတွေကိုပါ အော်နိုးမိရင် အခုလောက်ဆို ရာဇ၀င်တွင်မဲ့အရှက်ရလောက်ပြီ။ နောက်ဆုံးမှာတော့ ကျွန်မအိမ်အနောက်ဘက် ထွက်တဲ့ တံခါးကို အပြင်ကသော့ခတ်လို့ရအောင် လုပ်ထားလိုက်ပါတော့တယ်။ နောက်ညတွေမှာ အပြင်ထွက်ရင် သော့ခတ်လို့ရအောင်ပါ။ သော့ခတ်ပြီးထွက်လို့ ရပေမဲ့ နောက်ညတွေမှာတော့ ဂန်ဖလားကိုသာ အသုံးပြုခဲ့ပါကြောင်း။ ဟဲဟဲ ဒါပါဘဲ.........အလွဲ(5)

Monday, July 13, 2009

အလွဲ(4)

အောင်မလေး ကယ်ကြပါဦး။ ဆိုတဲ့စကားလုံးကို ရုပ်ရှင်ထဲမှာ ၀ထ္တုတွေထဲမှာဆိုရင်တော့ ဟုတ်တာပေါ့။ အပြင်မှာ တကယ်အော်ခဲ့ဘူးတဲ့သူ ဘယ်နှစ်ယောက်ရှိမှန်းမသိပေမဲ့ ကျွန်မတကယ်အပြင်မှာ အော်ခဲ့ဖူး ပါတယ်။ ကျွန်မကျောင်းပြီးခါစ အားနေတုန်းပေါ့။ ကျွန်မကို ကျန်းမာရေးနဲ့ပတ်သက်ရင် အခုအရွယ်ထိ စောင်မ ကြည့်ရှုခဲ့တဲ့ ဆရာဝန်အစ်မက ညောင်လေးပင်မြို့မှာ ဆရာဝန် မရှိလို့လူစားတစ်လသွားရမယ်လို့ဆိုတာနဲ့ ကျွန်မလည်းအဖော်လိုက်ခဲ့ပါတယ်။ 1986 ခုနှစ်ကပါ။ မြို့ငယ်ကလေးတွေရဲ့ထုံးစံအတိုင်း ဆေးရုံက မြို့ထဲမှာ မဟုတ်ဘဲ မြို့အစွန်မှာပါ။ ပဲခူးဘက်လာရင် ညောင်လေးပင်မြို့အ၀င်မှာ ရှိပါတယ်။ ဆရာဝန်အစ်မကတော့ သူ့ ဂျူတီတွေနဲ့ ပြည့်နေပြီး ကျွန်မကအားနေတဲ့သူမို့ နေ့ခင်းတွေမှာ ဆေးရုံထဲကို လှည့်ပြီးလျှောက်ကြည့်လိုက် ပျင်းရင် စာထိုင်ဖတ်လိုက်ပေါ့။ စားဘို့ကိုတော့ မြို့ထဲက အသိတစ်ယောက်အိမ်က ထမင်းချိုင့်ပို့ပေးပါတယ်။ ကျွန်မတို့နှစ်ယောက်လည်း သူအားတဲ့အချိန် လဘက်ရည်ဆိုင် ထိုင်ကြတာပေါ့။ ကျွန်မတို့နေဘို့ကိုတော့ ဆေးရုံဘေးမှာ စတိုနဲ့ကပ်လျက် ဆေးရုံဆရာဝန်တွေထားတဲ့ အိမ်ကလေးမှာ နေရပါတယ်။ တထပ်တိုက်ပါ။ ဆေးရုံက လူနာအရေးကြီးရင်လည်း လာလာခေါ်တတ်ပြီး ညဖက်မှာတောင် မြွေကိုက်လို့ရောက်လာတဲ့ ကရင်မလေးတစ်ယောက်ကို ထကြည့်ပေးဘူးပါတယ်။ ဆရာဝန်က ချက်ချင်းထကြည့်ပေမဲ့ လာဘို့လမ်းစာရိတ် ရှာနေလို့ လမ်းမှာကြာသွားတဲ့ အဲဒီလူနာကတော့ မြွေဆိပ်တွေပြန့်ပြီး အောက်ပိုင်းကနေတစတစ သေ လာတာကို ကျွန်မ စိုက်ကြည့်ခဲ့ဘူးပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာ လူတွေရဲ့ အသက်က သိပ်တန်ဖိုးရှိပြီး ကျွန်မတို့လို ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ လူ့အသက်က ကြွေသွားဘို့ သိပ်လွယ်တာဘဲလို့ ကျွန်မ ၀မ်းနည်း ခဲ့ဖူးပါတယ်။ တညနေမှာတော့ မွေးလူနာရောက်လို့လာခေါ်ပါတယ်။ ကျွန်မကိုလည်း ပျင်းရင်လိုက်ခဲ့လေလို့ ခေါ်တာနဲ့ ကျွန်မလည်း ထလိုက်သွားပါတယ်။ မွေးခန်းထဲအထိပါ။ ဆရာဝန်ကိုမြင်တော့ ဗိုက်နာနေတဲ့ အမျိုးသမီးက ဆရာမရယ် ကျွန်မကို ကယ်ပါဦးလို့အသံတိမ်လေးနဲ့ ပြောရှာပါတယ်။ အဲဒီ အစ်မဆရာဝန်က ခပ်နောက်နောက်သမားဖြစ်ပြီး လူနာအနာသက်သာအောင် စိတ်ဖော့တဲ့အနေနဲ့လိုထင်ပါတယ်။ ကယ်မယ် ကယ်မယ် သိကြားမင်းလာပြီလို့ ပါးစပ်ထဲရှိတာပြောလိုက်ပါတယ်။ ကျွန်မကအဲဒါကိုကြားပြီး ရီချင်စိတ်ကို မနည်းထိန်းထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဝန်က မွေးဘို့ လက်အိတ်စွတ်ရင်းပြော လိုက်တာ မို့ပါ။ သူအခုလုပ်ရတဲ့ကလေးဆွဲထုတ်ရမဲ့အလုပ်နဲ့ သိကြားမင်းကို ကျွန်မဘယ်လိုမှ တွဲမြင်လို့ မရလို့ပါ။ အနာသက်သာဘို့ လျှောက်ပြောရင်းကလေးကို အောင်မြင်စွာနဲ့လူလောကထဲကို ခေါ်လာနိုင်ခဲ့ ပါတယ်။ မီးဖွားတဲ့ကိစ္စပြီးတဲ့အချိန်က ညနေ(6)နာရီကျော် နည်းနည်းမှောင်စပြုနေတဲ့အချိန်ပေါ့။ ကျွန်မတို့ နှစ်ယောက်လည်း စကားတပြောပြောနဲ့ အိမ်ကလေးဆီကို ပြန်လာခဲ့ပါတယ်။ ညစာစားချိန်ဖြစ်ပြီး မီးမလာလို့ ဖယောင်းတိုင်ထွန်းပြီးညစာစားဘို့ ထမင်းချိုင့်ကလေးဖွင့်နေတုန်းပါ။ ကျွန်မတို့ ထမင်းစား စားပွဲက အ၀င်တံခါး ကပ်လျှက်မှာရှိပါတယ်။ စားဘို့ထည့်နေတုန်း ကျွန်မက သိကြားမင်းလို့ပြောတဲ့ကိစ္စကိုပြန်ပြောတော့ အေး ငါလဲ လူနာကညည်းနေတော့ ဘာပြောရမှန်းမသိတာနဲ့ပြောလိုက်တာလို့ပြောပြီး အဲဒီဆရာဝန်အစ်မက ထရီပါတယ်။ သူ့က အရီသန်တဲ့သူဖြစ်ပြီး စိတ်လွတ်လက်လွတ်ရယ်မောတတ်သူပါ။ အဲဒီရီသံရဲ့အဆုံးမှာတော့ ကျွန်မတို့ဘ၀စတော့တာပါဘဲ။ မှောင်တဲ့အပြင်ဘက်ကနေ အ၀င်တံခါးမကြီးကို ဒုတ်တွေနဲ့ထုထုပြီး တံခါးဖွင့် လို့ အော်နေတာ ယောက်ကျာင်္းသံရော၊ မိန်မသံတွေပါ ပါပါတယ်။ ဆေးရုံက လာခေါ်တာလုံးဝမဖြစ်နိုင်ပါဘူး။ အခုက အနုကြမ်းစီးသလိုကို ၀ုန်းဒိုင်းကြဲနေတော့တာပါ။ အစမှာတော့ ကျွန်မတို့နှစ်ယောက်ကြောင်နေပြီး ခဏနေမှ အသက်ပြန်ဝင်လာပါတယ်။ ဘာလုပ်ရမှန်းမသိတာနဲ့ အိပ်ခန်းထဲပြေးဝင် တံခါးတဆင့်ကို ထပ်ပြီး ဂျက်ချလိုက်ပါတယ်။ ဒါပေမဲ့အပြင်က တံခါးဖွင့်ဆိုပြီး ထုရိုက်အော်ဟစ်သံတွေကတော့ ဆက်ကြားနေရပါတယ်။ ကျွန်မဘာလုပ်တယ်ထင်ပါသလဲ။ လမ်းမဘက်နဲ့နီးတယ်လို့ထင်ရတဲ့ ပြတင်းခါးကိုပိတ်ရက်နဲ့ ကပ်ပြီး ကယ်ကြပါဦးလို့ တကယ်အော်ခဲ့ပါတယ်။ လည်ချောင်းတွေကွဲထွက်မတတ် အသိတရားမဲ့ကြောက်လန့်စွာနဲ့ပါ။ အပြင်ကလည်းတခါးကိုထု၊ ကျွန်မတို့နှစ်ယောက်ကလည်း အိပ်ခန်းထဲကအော်နဲ့ အချိန်ဘယ်လောက်ကြာသွား သလဲမမှတ်မိလိုက်ပါဘူး။ ကံကောင်းချင်တော့ ကျွန်မတို့ရောက်ပြီးမှ ညဘက်ဆေးရုံရှေ့အုတ်ခုံမှာ ညဘက် သီချင်းလာလာဆိုကြတဲ့ကောင်လေးတွေရှိပါတယ်။ အဲဒီတုန်းက အသက် 20အောက်မို့ထင်ပါရဲ့။ အဲဒီ သီချင်းဆိုတဲ့ကောင်လေးတွေရောက်လာမှ တံခါးကိုထုပြီးဖွင့်ခိုင်းတဲ့ လူစုက ထွက်သွားပါတော့တယ်။ ကျွန်မလေ ကြောက်လိုက်တာ ပြန်မပြောပြတတ်အောင်ဘဲ။ စိတ်ထဲကနေအဲဒီအဖြစ်အပျက်ကို တော်တော်နဲ့ ဖျောက်လို့မရတော့ပါဘူး။ သီချင်းလာဆိုတဲ့ကောင်လေးတွေမှန်းသိရပေမဲ့ တံခါးကို မဖွင့်ရဲတာကြောင့် ဆေးရုံ ၀န်ထမ်းတွေကို သွားခေါ်ပေးဘို့ အကူအညီတောင်းရပါတယ်။ သူတို့က ကျွန်မတို့အော်သံတွေကြောင့်ပြေးဝင် လာကြတာပါ။ ဆေးရုံဝန်ထမ်းတွေရောက်လာချိန်မှာတော့ ည(10)နာရီလောက်ရှိပြီမို့ မြို့ထဲအသိအိမ်သွား အိပ်ဘို့ မဖြစ်နိုင်တာနဲ့ ဆေးရုံထဲက ရုံးခန်းကလေးထဲကိုရွေ့ခဲ့ရပါတော့တယ်။ ကျွန်မတို့ဘာလုပ်ရမလဲ၊ ဘာဖြစ်တာလဲလို့ နှစ်ယောက်အဖြေရှာနေဆဲမှာဘဲ အမျိုးသမီးတစ်ယောက် (တရုတ်မပုံစံ)ဆံပင်ဖရိုဖရဲနဲ့ ကျွန်မတို့ ရှေ့ကိုရောက်လာပြီး ခွင့်လွှတ်ဘို့တောင်းပန်ပါတယ်။ ကျွန်မစိတ်တွေတော်တော်လေး ရှုပ်ထွေးကုန် ပါတယ်။ သူက ဘာကိစ္စတောင်းပန်ရတာလဲ။ အဖြစ်ကတော့ တော်တော်လေးတိုက်ဆိုင်ပြီး အဆင်မသင့်လို့ တံခါးပွင့်သွားရင် ကျွန်မတို့ကို မီးမှောင်မှောင်မှာ အသေအရိုက်ခံရမဲ့ကိန်းပါ။ လွဲပုံကဒီလိုတဲ့။ သူ့အမျိုးသားက အခြားအမျိုးသမီးတစ်ယောက်နဲ့ဖောက်ပြန်ပြီး အဲဒီဆေးရုံက စတိုတာဝန်ခံက သူ့အမျိုးသားရဲ့ သူငယ်ချင်းမို့ သူတို့အတွဲက အဲဒီအိမ်မှာ လာလာချိန်းကြတာဆိုဘဲ။ အခုလဲ ကျွန်မတို့ရောက်နေတာလဲမကြာသေးလို့ သိပ်လဲမသိကြသေးဘူး။နောက်ပြီး သူ့အမျိုးသားကလဲ အဲဒီအမျိုးသမီးနဲ့ထွက်သွားတာ မှောင်ထဲမှာ ကျွန်မတို့ နှစ်ယောက်ကလည်း ဒီအိမ်ထဲကို ၀င်လာတော့ သူ့အမျိုးသားအတွဲထင်ပြီး အိမ်ပြန်မောင်တွေ၊အကိုတွေခေါ်ပြီး ပြန်လာဖမ်းတာဆိုဘဲ အိုး တကယ့်ဖြစ်ရပ်မှန်တိုက်ဆိုင်မှု ပါလား။ အဲဒီလျှိုဝှက်ဆန်းကြယ်ထဲမှာ ကျွန်မတို့နှစ်ယောက် ဘာမသိ ညာမသိနဲ့ နေ့ခင်းကအဖြစ်ကို အကျယ်ကြီးအော်ရီမိချိန်မှာတော့ အထဲမှာ ကြည်နေပြီဆိုပြီး တံခါးကို ထုရိုက် ဖွင့်ခိုင်းတော့တာပါလား။ တကယ်လို့များတံခါးပွင့်သွားခဲ့ရင် ကျွန်မ လွန်ခဲ့တဲအနှစ်(20)ကသေပြီး အခုလို စာရေးခွင့်ရဘို့လမ်းမမြင်တော့ပါလား။ တကယ့်ကို သေစေနိုင်တဲ့ လွဲမှားမှုတစ်ခုပါလား။ အဲဒီလို အလွဲတွေလည်း အသက်(20) မတိုင်ခင်မှာ ကိုယ်တွေ့ကြုံခဲ့ပါကြောင်း။

Thursday, July 9, 2009

အခေါ်အဝေါ်များ

လူတစ်ယောက်နဲ့တစ်ယောက် နံစားနဲ့ခေါ်ဝေါ်ကြတာကို ယဉ်ကျေးမှုတစ်ခုလို့ ကျွန်မလက်ခံထားခဲ့ပါတယ်။ ကျွန်မ 16နှစ်ပြည့်ပြီး တက္ကသိုလ်အဆောင်ကိုနယ်ကနေရောက်လာတော့ ကျူတာမမတွေနဲ့ အဆောင်မှူးကို မမ လို့ခေါ်ကြတာ ပထမဦးဆုံးကြားဖူးတာပါဘဲ။ ကိုယ့်ထက် (5)နှစ်ပတ်ဝန်းကျင်လောက်ကြီးတဲ့ ကျူတာမမ တွေကို မမ လို့ခေါ်ချင်ပေမဲ့ ကိုယ့်အမေနဲ့ရွယ်တူလောက်လို့ထင်ရတဲ့ အဆောင်မှူးကိုတော့ မမ ခေါ်ရမှာ လျှာမရဲလို့ အဆောင်မှူးနဲ့မတွေ့အောင် အချိန်တော်တော်ကြာကြာရှောင်နေခဲ့ရပါတယ်။ နောက်တော့လည်း ကာလဒေသနဲ့ အကျွမ်းဝင်ပြီး ကျွန်မရဲ့ ပထမဆုံး ကံကော်ဆောင်အဆောင်မှူး ဒေါ်ကြည်ကြည်စိန်ကို မမ လို့ ခေါ်ဖြစ်ခဲ့ပါတယ်။ နောက်ဆေးရုံပတ်ဝန်းကျင်ကိုရောက်တော့ ဆရာဝန်အမျိုးသမီးတွေကို ဆရာ လို့ခေါ်သံ ကြားခဲ့ရပြန်ပါတယ်။ အော် ဒေါက်တာမမတွေက သူတို့ကို ဆရာမ ခေါ်ရင် သူနာပြုနဲ့မှားမှာ ကြောက်လို့ ထင်ပါရဲ့လို့ အကောင်းမြင်စိတ်နဲ့ ဆရာ လို့ခေါ်တာကို လက်ခံနိုင်ခဲ့ပါတယ်။ အစိုးရအလုပ်ကို ၀င်တုန်း ကလည်း အထက်လူကြီးမန်နေဂျာကို ဆရာ လို့ခေါ်ခဲ့ရတာပါဘဲ။ သစ်လုပ်ငန်းကို ၀င်ပြန်တော့ အသက်က 25နှစ်လောက်ပေမဲ့ စီနီယာမမတွေက ရုံးချုပ်ကနေသင်ပေးလိုက်ပါတယ်။ နံမည်ရှေ့မှာ ဒေါ် ထည့်မခေါ်ရင် လက်အောက်ဝန်ထမ်းကို လှည့်မကြည့်နဲ့တဲ့ အော် ဒုက္ခပါလားလို့ စိတ်ထဲမှာ တွေးခဲ့ပေမဲ့ ကျွန်မရောက်ခဲ့တဲ့ ပြည်သစ်လုပ်ငန်းအသိုင်းအ၀ိုင်းကတော့ ကျွန်မကို လိုလိုလားလားဘဲ ဒေါ် တပ်ခေါ်ခဲ့တာမို့ ကျွန်မလည်း လူရင့်သွားတယ်လို့စိတ်ထဲက ထင်ပေမဲ့ ခပ်ပိန်ပိန်ကလေးမို့ လူရှိန်တာဘဲလေ ဆိုပြီး ငြိမ်နေခဲ့ပါတယ်။ အသက် (50)ကျော် စာရေးကြီးက ဒေါ် တပ်ခေါ်ပြီးစကားပြောရင်တော့ ကျွန်မနည်းနည်းနေရတာ ခက်ပါတယ် ဒါပေမဲ့ အသက်ရွယ်တူပြီး ကိုယ့်ထက် ရာထူးအဆင့်ငယ်တဲ့လူတွေက မလေးမစားလုပ်တာခံရတာထက်စာရင် တော်ပါသေးတယ်လို့ဆိုပြီး ဒီတိုင်းထားလိုက်ပါတယ်။ နောက်တစ်ခုက သစ်လုပ်ငန်းမှာ ဌာဆိုင်ရာလူကြီး အမျိုးသားကို ရာထူးငယ်တဲ့လူ အမျိုးသားက အကိုကြီး လို့ ခေါ်သံတွေလည်း ကြားခဲ့ရတာ ကျွန်မအတွက် တော်တော်လေးထူးဆန်းခဲ့ပါတယ်။ ကျွန်မတို့နဲ့ ရွယ်တူအမျိုးသမီးက သူ့နဲ့ဆက်ဆံရတဲ့ အထက်အရာရှိ အမျိုးသားကို အကိုကြီး ခေါ်ခဲ့ပြီး ပါမစ်ပေါင်းများစွာရခဲ့တာကိုလည်း ကျွန်မ မိန်းခလေးတစ်ယောက်အနေနဲ့ ကြားထဲက ရှက်နေမိခဲ့ပါတယ်။ ကျွန်မကတော့ တတ်နိုင်သလောက် အခေါ်အဝေါ်တွေနဲ့ ဝေးအောင် ရှောင် နေခဲ့လို့ သစ်လုပ်ငန်းမှာ အငယ်တန်းအရာရှိနဲ့ (4)နှစ်ခွဲလုပ်ခဲ့တဲ့တိုင်အောင် ပါမစ်ဆိုတာ ဘယ်လိုစာရွက် ပါလိမ့်လို့ မေးရမလိုဖြစ်ခဲ့တဲ့အတွက်လည်း တခါမှ နောင်တမရခဲ့ပါဘူး။ တရုံးလုံး ပါမစ်ဝေတဲ့နေ့မှာ ခွင့်ယူ မိလို့ နောက်နေ့ရုံးပြန်အတက်မှာ မရတော့ဘူးအပြောခံခဲ့ရတုန်းကလည်း သူငယ်ချင်းတစ်ယောက်နဲ့အတူ ရီရီမောမောနဲ့ တို့ ကမရထိုက်လို့ပါလို့ စိုင်းထီးဆိုင်သီချင်းကို ညည်းပြီးနေလိုက်ခဲ့တာပါ။ လုပ်သက် အနှစ်(20)ကျော်အတွင်းမှာ အဆင့်၊ရာထူးနေရာပေါင်းများစွာကို နေ့စားကစပြီး နောက်ဆုံး စာရင်းကိုင်များရဲ့ ထုံးစံအတိုင်း Finance Manager မှာ လမ်းဆုံးခဲ့ပေမဲ့ ရီမောခဲ့ရတဲ့ အဆင့်တစ်ခုကတော့ အမှတ်တရရှိခဲ့ ပါတယ်။ မြန်မာ့သစ်လုပ်ငန်းမှာပါ ကျွန်မတို့ အလုပ်ဝင်ခင်မှာ အဲဒီရာထူးက ဒု-မန်နေဂျာ ပေမဲ့ ကျွန်မတို့ အုပ်စု (25)ယောက်အလုပ်ဝင်ချိန်မှာတော့ ရာထူးအခေါ်အဝေါ်ပြောင်းလိုက်တယ်တဲ့။ အငယ်တန်းလက်ထောက် တဲ့ကျွန်မတို့ကလည်း လူနောက်တွေမို့ အော် အငယ်တန်းဖြစ်ရတဲ့အထဲ လက်ကထောက်ရဦးမယ် ဆိုတော့ အင်းတော်တော်လေးတော့ အဆင်ပြေမှာဘဲလို့ ရေရွတ်ရင်း အဲဒီအလုပ်မှာ (4)နှစ်ခွဲကြာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအခေါ်အဝေါ်တွေက ကျွန်မကို သိပ်စိတ်အနှောက်အယှက်မဖြစ်ခဲ့ပေမဲ့ ကျွန်မဒီကျွန်းကလေးကို မလာခင် နောက်ဆုံးအလုပ်မှာတော့ အခေါ်အဝေါ်ဆိုတာနဲ့ပတ်သက်ပြီးတော်တော်လေး ခံစားခဲ့ရပါတယ်။
အန်တီ ဆိုတဲ့အခေါ်အဝေါ်ပါ။ ကျွန်မအဲဒီအလုပ်ကို ၀င်တော့ အသက် (35)နှစ်ပါ။ အဆင့်က စာရင်းကိုင်ချုပ် လို့ခန့်ခန့်ကြီးမြန်မာပြန်ရတဲ့ Chief Accountant ပါ။ ကျွန်မအသက်အရွယ်နဲ့ဆိုရင် အန်တီ လို့အခေါ်ခံ ရရင်လည်း ငြိမ်နေရမဲ့အရွယ်ရောက်ပါပြီ။ ဒါပေမဲ့ ကျွန်မအလုပ်ဝင်ပြီးမကြာခင်မှာ စာရင်းလာရှင်းတဲ့ ဆိပ်ကမ်း ပစ္စည်းထုတ်အဖွဲ့က အသက်ရွယ်တူ ၀န်ထမ်းတစ်ယောက်က သမီး လို့ခေါ်လာလို့ကျွန်မတော်တော်လေး စိတ်ဓါက်ကျသွား ပါတယ်။ ငါ့ညီမက ဒါကြောင့်ပြောတာကိုး ငါက ပိန်တော့ မခန့်တာလို့စိတ်ထဲမှာ တင်းသွား ပါတယ်။ တစ်ပတ် လောက်နေမှ သိရတာက အဲဒီလုပ်ငန်းမှာ အန်တီဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘဲ ရာထူး အဆင့်နဲ့သာဆိုင် တယ်ဆိုတာပါဘဲ။ ရာထူးကြီးပြီး အသက်ငယ်တဲ့လူတွေက ရာထူးငယ်ပြီး အသက်ရွယ်တူ ကိုရော နည်းနည်းကြီးတဲ့လူတွေကိုပါ အန်တီနဲ့ သား၊သမီးတွေ ဖြစ်နေကြတာပါလား။ အဲဒါတော့ နည်းနည်း မကဘူး တော်တော်လွန်တယ်လို့ ကျွန်မထင်တာနဲ့ရာထူးအဆင့်အရရော အသက်အရွယ်အရရော ကျွန်မက အန်တီအရွယ်ရောက်နေပေမဲ့ စိတ်ထဲက မကျေနပ်စိတ်လေးကြောင့် ကျွန်မ Finance ဌာနကလူတွေကို ငါ့ကိုအန်တီမခေါ်နဲ့လို့ စိတ်ချဉ်ချဉ်နဲ့ ထုတ်ပြောထားလိုက်မိတော့ ကျွန်မသမီးအရွယ်တွေက မမ ခေါ်ကြလို့ အသက် over 42 ပါလို့ လူမမြင်ရဘဲ မေးတဲ့သူတွေကို ဖြေတာ 24 လားလို့ ပြန်အမေးခံလိုက်ရတော့မှဘဲ ကျွန်မလည်း နောင်တတွေ ရနေမိတော့ ပါတယ်။
ဖြစ်တတ်ပါတယ်လေ။
ဒါပေမဲ့ အခေါ်အဝေါ်က ယဉ်ကျေးမှုသာဖြစ်သင့်ပါတယ်။
လူလူချင်းအတန်းအစားခွဲခြားဘို့ အသုံးချတဲ့ စကားလုံးတစ်ခု မဟုတ်ဘူးဆိုတာကိုတော့ နားလည်ကြစေချင်ပါကြောင်းပါ။

Wednesday, July 8, 2009

စက်ဘီး

ကျွန်မကလေးဘ၀ထဲက အလိုချင်ဆုံးပစ္စည်းတစ်ခုကို ပြပါဆိုရင် စက်ဘီးလို့ပြောရမှာပါ။ နည်းနည်းလေးအရွယ် ရောက်လာချိန်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တဲ့စကားတစ်ခုရှိပါတယ်။ သူများမောင်းတဲ့ကားကို ဘေးကထိုင် စီးမလား။ စက်ဘီးကို ကိုယ်တိုင်နင်းပြီးသွားမလားဆိုရင် စက်ဘီးကို ကိုယ်တိုင်နင်းသွားဘို့ ရွေးချယ်မယ်လို့ပါ။ အဲဒီသူငယ်ချင်းကတော့ သူများမောင်းတဲ့ကားကို ထိုင်စီးနေချိန်မှာ ကိုယ်ကတော့ စက်ဘီး ကလေးနဲ့ဝေးနေရဆဲပါ။ ကျွန်မတို့အမေက စည်းကမ်းတင်းကျပ်တဲ့လူမျိုးထဲမှာပါပါတယ်။ တစ်သွေးတစ်သံ အမိန့်မို့ ငယ်ငယ်တုန်းက တို့အမေက ဟစ်တလာဝင်စားတာလားမသိဘူးလို့ ညီအစ်မနှစ်ယောက်ပြောခဲ့ဘူး ပေမဲ့ ဒီစည်းကမ်းတွေကြောင့် ကျွန်မတို့နှစ်ယောက် လူကောင်းကလေးတွေဖြစ်လာမို့ အဲဒါကို အမေရှိနေတုန်း သိခဲ့ရလို့ အမေ့ကိုလဲ ကျေးဇူးတွေ အခုတော့ တင်မဆုံးပေါ့။ ငယ်တုန်းကတော့ သူငယ်ချင်းတွေကြားမှာ တို့အမေက ပေးလုပ်မှာမဟုတ်ဘူးဆိုပြီး အမြဲမျက်နှာငယ်ကလေးနဲပါ့။ သူများတွေ စက်ဘီးစီးကြ၊လမ်းထွက် ကစားကြတဲ့အချိန်မှာတော့ ကျွန်မတို့ညီအစ်မက အိမ်ထဲမှာဘဲနေခဲ့ရပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးနေ့တော့ ရောက်လာတာပါဘဲ။ ကျွန်မတို့အမေ ဖောင်ကြီးသင်တန်းသွားရမယ်ဆိုတော့ အိုး ပျော်လိုက်တာ အဖွားနဲ့နေခဲ့ ရမှာမို့ လုပ်ချင်တာတွေ အကုန်လုပ်ပစ်လိုက်မယ်လို့ကို တွေးထားတာ။ တကယ်လဲလုပ်ခဲ့တာပါဘဲ။ ပထမဦးဆုံး လုပ်ခဲ့တာကတော့ သူငယ်ချင်းတွေနဲ့ စက်ဘီးစီးသင်တာလေ။ သိတယ်မို့လား။ အိမ်မှာ စက်ဘီးကလဲမရှိတော့ ဆိုင်ကနေ နာရီနဲ့ငှားပြီး လမ်းပေါ်မှာတချိန်လုံးပေါ့။ အမေ့သင်တန်းကလဲ ပထမလမှာ အပြင် ထွက်ခွင့်မရှိတော့ အဲဒီတစ်လအတွင်း အဌာရသ(18)ရပ် အကုန်တတ်အောင် သင်မယ်ဟဲ့ဆိုပြီး ထမင်းမစား ဟင်းမစားပေါ့။ ဒူးခေါင်းက အမာရွတ်တွေက သေရာပါရောဘဲ။ တစ်ပတ်လောက်အတွင်းမှာ စက်ဘီးစီးတတ် သွားပါတယ်။ တစ်လပြည့်လို့ အမေပြန်လာတဲ့နေ့မှာတော့ ကျွန်မတို့ညီအစ်မ အစ်ရှေ့ဝရံတာမှာ ကြိုးနဲ့တုတ်ပြီး ရိုက်ခံရတာကို အခုထိမမေ့ပါဘူး။ ကျွန်မတို့ဘာတွေလုပ်တယ်ဆိုတာ အမေမသိပေမဲ့ အမေပြန်လာရင် လက်မှတ်ထိုးခိုင်းရမဲ့ ပညာရည်မှတ်တမ်းကတော့ အမေသင်တန်းမတက်ခင် အဆင့်(5)ကနေ အဆင့်(40) ကို ရောက်သွားတာက သက်သေခံဖြစ်နေလို့ပါဘဲ။ ညီအစ်မနှစ်ယောက်စလုံးလဲ မဲသဲပြီး ဒါဏ်ရာတွေပလပွနဲ့ လူရုပ်တောင် မပေါ်ဘူးလို့အပြောခံရပါတယ်။ အဲဒီလို အရိုက်ခံရတာတောင် ရီစရာအမြဲတွေးတတ်တဲ့ညီမက အမေကတို့ကိုပြောနေတယ် လူရုပ်မပေါ်ဘူးတဲ့ တို့ နတ်ရုပ်ထွက်နေလားမသိဘူးလို့လေ။ သူကတော့ ဘ၀ကို ရီစရာတွေအဖြစ်အမြဲမြင်လေ့ရှိပါတယ်။ အမေက နင်တို့အပြင်ထွက်ရင် ပြောင်ပြောင်ရောင်ရောင်လေးဝတ်လို့ ပြောသံကြားရင် သူကတိုးတိုးလေး တို့ ဘော်ကြယ်ထိုးဝတ်ရအောင်လို့လည်း ငယ်ငယ်လေးနဲ့ပြော တတ်တယ်။ ကျွန်မကတော့ အမေအရိုက်ခံရပေမဲ့ စက်ဘီးစီးတတ်သွားတာမို့ တန်ပါတယ်လို့တွေးပြီး အမေလစ်တာနဲ့ ဆိုင်က စက်ဘီးကို ငှားစီးလေ့ရှိပါတယ်။ ကိုယ်ပိုင်တော့မရှိသေးပါ။ အသက်(20)ကျော် အလုပ် စလုပ်တော့ ကျွန်မရဲ့ ငယ်ဘ၀အိမ်မက်က ပြန်နိုးလာပါတယ်။ စက်ဘီးလိုချင်တဲ့ရောဂါလေ။ ရတဲ့ပိုတ်ဆံထဲက နေခင်းဗိုက်ဆာရင် ဈေးသက်သာတဲ့ ပလာတာတစ်ချပ်စားပြီး စုထားခဲ့ပါတယ်။ ကျွန်မအဲဒီတုန်းက ပလာတာကို မစားချင်ဘဲ စားခဲ့ရတဲ့စိတ်ကြောင့်ထင်ပါရဲ့ အခုကြီးလာတော့ ပလာတာကို လုံးဝမစားဖြစ်တော့ပါဘူး။ အဲဒီလိုနဲ့ ကျွန်မလိုချင်တဲ့ စက်ဘီးကလေးတစ်စီး ၀ယ်နိုင်သွားပါတယ်။ Pheasant တံဆိပ်နဲ့ အနီရောင်ကလေးပါ။ အိုး ပျော်ချက်ကတော့ အခုတောင်ပြန်တွေးရင် ပျော်ပါတယ်။ အဲဒီစက်ဘီးကလေးနဲ့ ကျွန်မရုံးကိုသွားတယ်။ မနက်ခင်းရုံးမသွားခင် ရွှေမော်ဓေါဘုရားကိုသွားတယ်။ ညနေ ရုံးဆင်းရင် ကျွန်မတို့မြို့က သဇင်စာအုပ်ဆိုင်ကို သွားတယ်။ လိုရာရောက်ခဲ့ပေါ့။ ကျွန်မစက်ဘီးဘယ်လောက်နင်းခဲ့သလဲဆိုရင် ခြေထောက်နဲ့ပေါင်တွေက အပေါ်ပိုင်းနဲ့ မလိုက်ဖက်စွာ တောင့်တင်းခိုင်မာလာတဲ့အထိပေါ့။ စက်ဘီးကိုနင်းချလိုက်ရတဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ ခံစားမှုထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေတောင်ပါလာတယ်လို့ တခါတလေထင်ခဲ့မိတယ်။ ဒါပေမဲ့ အချိန်တန်တော့လည်း လမ်းခွဲခဲ့ရပါတယ်။ ပထမအလုပ်မှာ မပျော်လို့ နောက်အလုပ်တစ်ခု အပြောင်းမှာ အဲဒီချစ်လှစွာသော စက်ဘီးလေးကို လမ်းစာရိတ်အတွက်၊ပထမအလုပ်မှာရာထူးတိုးထားပြီးနှစ်မစေ့ခင်ထွက်လို့ ရော်ကြေးပေးဘို့အတွက်ရောင်းခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စက်ဘီးကလေးနဲ့ကျွန်မဝေးခဲ့ရတာ အခုအထိပါ။ နှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ ကျွန်မရဲ့စက်ဘီးအိမ်မက်ကတော့ ရှင်သန်နေဆဲပါ။ ဒီတစ်ခေါက် ရွာပြန်ရင် စက်ဘီးတစ်စီးလောက်တော့ ၀ယ်စီးပစ်လိုက်မယ်လို့ အားခဲထားပါတယ်။ ဒါပေမဲ့ ဟိုးအရင် အနှစ်(20)ကလို ပျော်ရွှင်လွတ်လပ်ပါတော့မလားလို့တော့ စိတ်ပူနေမိတယ်။ကျွန်မတို့မှာ စိတ်ဒါဏ်ရာ တွေနဲ့မွမ်းကြပ် နေခဲ့တာ ကြာခဲ့ပြီလေ။

အလုပ်(1)

မနက်က ရုံးအလာ ကားပေါ်မှာ စိုင်းထီးဆိုင် သီချင်းကို နားထောင်ဖြစ်ပါတယ်။
လမ်းပေါ်မှာ အရက်သမားတစ်ယောက် မူးလဲနေတယ်။
လောကကြီးရဲ့မတရားပုံလား။
လောကသားရဲ့မှားပုံလား။ ဆိုတဲ့စာသားအရောက်မှာကျွန်မစိတ်တွေက ပထမဦးဆုံးအလုပ်ဆီကို ပြန်ရောက် သွားပါတော့တယ်။ 1987 မှာ ကျောင်းပြီးတဲ့ B.Com ဘွဲ့ရ တစ်ယောက်က အလုပ်ရွေးစရာ သိပ်မရှိပါဘူး။ ကျောင်းဆရာမလုပ်မလား။ စာရင်းစစ်ရုံးကို ၀င်မလား။ ကျွန်မကျောင်းပြီးခါစတုန်းက လူမှုဆက်ဆံရေးမှာ ညံဖျင်းတဲ့အုပ်စုထဲပါပြီး စိတ်လည်းမရှည်ပြန်တော့ ဆရာမအလုပ်က ကျွန်မနဲ့မဖြစ်နိုင်ပါဘူးလို့ ပယ်ခဲ့ပါတယ်။ အဲဒီခေတ်က စာရင်းစစ်ရုံးကို အလုပ်ဝင်ဘို့မလွယ်သလို စာရင်းစစ်အပေါ်မှာမြင်တဲ့အမြင်ကလေးကလည်း နည်းနည်း ရှုပ်နေတာရော ညီမလုပ်သူက နင်စာရင်းစစ်မလုပ်ပါနဲ့ဟာ အဲဒီဝတ်စုံနဲ့ဆိုရင် ကျွန်မက ခပ်ပိန်ပိန်လေးမို့စာရင်းစစ်နဲ့မတူဘဲ ဆေးရုံက အလုပ်သမားလို့ ထင်လိမ့်မယ်လို့ ချီးမွမ်းတာလို့လဲပါပါတယ်။ ဆေးရုံအလုပ်သမား ထမီကလည်း စာရင်းစစ်နဲ့အရောင်တူပြီး နီညိုရောင်ပါ။ နောက်ကျောင်းပြီး ခါစမှာ အသိမိတ်ဆွေတစ်ယောက်က လာခေါ်တဲ့အလုပ်လဲရှိပါသေးတယ်။ သူကတော့ စေတနာကို (3)တန် မကပါဘူး။ (5)တန်လောက်နဲ့ကို လာခေါ်တာပါ။ အလုပ်က တရားရုံးရှေ့ပတ်စာရေးပါ။ အဲဒါကို ငြင်းပယ်လိုက်လို့ မိတ်ဆွေက တော်တော်လေး စိတ်ဆိုးသွားပါတယ်။ အဲဒီနေရာက ၀င်ငွေကောင်းလို့ စေတနာနဲ့လာခေါ်တာလို့လဲ ဒေါသတကြီးနဲ့ပြောခဲ့ ပါတယ်။ အလုပ်မ၀င်ခင်မှာ အိမ်က ပိုတ်ဆံ မတောင်း ချင်တာနဲ့ အဒေါ်အပ်ထည်တွေကို လက်ချုပ်လိုက်ပြီး နေတုန်းပါ။ ကျွန်မအထင်ကတော့ တရားရုံး ရှေ့ပတ်စာရေးဆိုတာ တရားခွင်မှာ စီစဉ်ပေးရ တရားစီရင် နေတုန်းမှာ လက်နှိပ်စက်နဲ့ လိုက်ရေး ရတဲ့လူပါ။ နေ့စဉ်နေ့တိုင်း စိတ်မချမ်းသာစရာ ကြားရမြင်ရတဲ့ လုပ်ငန်းခွင်ကို ကျွန်မ လက်ခံချင်ဘူးလို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။
တွေးရင်း အလုပ်မလုပ်ဘဲနေတာ နည်းနည်းကြာလာတော့ ကျွန်မအမေက ရာဇသံပေး လိုက်ပါတယ်။ အလုပ် မလုပ်တဲ့လူကို ထမင်းမကျွေးဘူးဆိုပါလား။ အဲဒါနဲ့ ကျွန်မလည်း အမေ့ကို ထမင်းဘိုးလေး ပေးနိုင်အောင် ဆိုပြီး အင်တာဗျူးတောင် ဖြေစရာမလိုဘဲ ကျွန်မအမေရဲ့ရုံးမှာ အလုပ်ဝင်လိုက်ပါတယ်။ အဲဒီ ရုံးကလူကြီးရဲ့ သမီးက ကျွန်မနဲ့ကျောင်းအတူပြီးတာမို့ သြကာသ မလုပ်ရဘဲ နေ့စားအလုပ် ရပါတော့တယ်။
အဲဒီအလုပ်မှာ (4)နှစ်ခွဲကြာခဲ့ပြီး အတွေ့အကြုံအမျိုးစုံကိုလည်းရခဲ့ပါတယ်။ အခုပြောချင်တာက အဲဒီအလုပ်က ထွက်ရတဲ့အကြောင်းပါ။ စားသောက်ဆိုင်နဲ့အဖျော်ယမကာလုပ်ငန်း လို့နံမည်လှလှလေးပေးထားပြီး ကျွန်မတို့ အုပ်စုက အောနောစနော့ လို့ နံမည်ပေးထားတဲ့ အပိုဝင်ငွေလည်းတော်တော်ရတဲ့နေရာဖြစ်ပါတယ်။ မန္တလေး ဘီယာ။ရမ်တွေ ခေတ်ကောင်းချိန်ကပေါ့။ ရေ ကနေ ငွေ ဖြစ်တဲ့ဌာနပေါ့။ ဒါပေမဲ့ စိုင်းထီးဆိုင်သီချင်းထဲကလို ကိုယ်လုပ်တဲ့နေရာက လောကသားကိုမှားစေတာ၊လောကကြီးကိုတရားဖြစ်စေတာလားနဲ့ဆင်တူတဲ့ အတွေးမျိုး ကျွန်မစိတ်ထဲမှာ အမြဲတန်းရှိနေခဲ့ပါတယ်။ အရက်နဲ့အစားအသောက်ကိုတွဲရောင်းတဲ့ဆိုင်တစ်ခုကိုလည်း အသက် 24နှစ်အရွယ် နဲ့ဆိုင်မှူးတာဝန်ယူခဲ့ရဘူးတော့ ပိုပြီးမျက်မြင်တွေ တွေ့လာရပါတယ်။ ကျွန်မ ဖောင်ကြီး သင်တန်းတက်ပြီး ဆုရတော့ အဆင့်တစ်ခုတိုးပြီး လူကြီးတွေက အပိုဝင်ငွေ ပိုရတဲ့နေရာကို ချီးမြှင့်တာတဲ့။ အဲဒီဆိုင်က ၀င်ငွေက မက်လောက်စရာပေမဲ့ ကျွန်မ (6)လလောက်လုပ်ပြီးချိန်မှာတော့ ကျွန်မကို ၀င်ငွေမရလဲ နေပါစေ ပြောင်းပါရစေလို့ လူကြီးကို ၀င်ပြောခဲ့တဲ့အတွက် အားလုံးက မေးငေါ့တာကိုလဲ ခပ်တည်တည်နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ကျွန်မမိသားစုလဲပါတာပေါ့။ ဒါကတော့ လူ့သဘာဝမို့ ထားလိုက်ပါတော့။ လမ်းမှာ မူးတဲ့ လူတွေကိုတွေ့တိုင်း အဲဒီလောက်တောင်အားပေးတာတော့မကောင်းပါဘူးလို့ သူငယ်ချင်းနဲ့အမြဲရီစရာပြောခဲ့ ပေမဲ့ အိမ်ပြန်လာတိုင်း ရင်ထဲမှာ မကောင်းတော့ပါဘူး။ အဲဒီအချိန်က ကျွန်မအရက်မသောက်ဖူးသေးပါ။ ကိုယ်တိုင် အားမပေးဘူးသေးတာပါ။ နောက်ပိုင်းမှာတော့ နည်းနည်းပါးပါးအားပေးတတ်ပါသေးတယ်။ အသက် (40)မကျော်ခင်အထိပေါ့။ အပိုဝင်ငွေနဲ့ပြေပြေလည်လည်နေရတဲ့ဘ၀မှာ ကျွန်မ မပျော်နိုင်တော့ပါဘူး။ မိသားစု ကလည်းနားမလည်နိုင်တော့တာမို့ နောက်အလုပ်တစ်ခုကို ချိတ်မိချိန်မှာတော့ လောကသားရဲ့အမှားကို အားပေးသလိုဖြစ်တဲ့ အလုပ်ကနေ ထွက်လာခဲ့ပါတယ်။

Tuesday, July 7, 2009

အလွဲ(3)

နှစ်ပေါင်း(40)ကျော်လူ့ဘ၀မှာ အလွဲတွေက အများကြီးပါ။ ကျွန်မ အစိုးရအလုပ်ကနေထွက်ပြီး company လောကထဲရောက်ခါစ တောကမြို့တက်လာပြီး မအူမလည်နဲ့ပေါ့။ သူငယ်ချင်းတစ်ယောက်က အင်တာဗျူး သွားဖြေတာကို အဖော်လိုက်ရင်း အဲဒီ အလုပ်က ကျွန်မကိုပါလုပ်မလားမေးပြီး ခန့်လိုက်ပါလေရော။ ခန့်တဲ့အကြောင်းကလဲရှိတယ်။ သူတို့က ထိုင်းနောက်ခံဆိုတော့ စာရင်းကိုင်ကို အလုပ်မ၀င်ခင်မှာ ဘန်ကောက်ကို သင်တန်းအရင်ပေးချင်တယ်တဲ့။ သွားဖြေတဲ့သူငယ်ချင်းက ဘန်ကောက်ကို သူမသွားရဲဘူးတဲ့။ အဖော်လိုက်သွားတဲ့ ကျွန်မက တောကတက်လာလာချင်း ဘန်ကောက်သင်တန်းတက်ရမယ်ဆိုလဲသွားမယ်လို့ ၀င်ပြောလိုက်တယ်။ အဲဒီတော့မှ သူငယ်ချင်းက အဖော်ပါရင်သွားမယ်တဲ့။ လုပ်ပုံက။ ချုပ်လိုက်ရင်တော့ ခေါ်ချင်တာတစ်ယောက်ပေမဲ့ နှစ်ယောက်စလုံးကို ခန့်လိုက်ပါလေရော။ လိုအပ်တဲ့စာရွက်တွေလာပို့တဲ့ သူတို့ အကုန်စီစဉ်ပေးမယ်တဲ့။ ဘန်ကောက်ကို သွားမယ်လို့ တစ်ထိုင်တည်းအဖြေပေးလိုက်တဲ့ ကျွန်မက ရန်ကုန်မှာ ကျောင်း(4)နှစ်တက်ဖူးပေမဲ့ မင်္ဂလာဒုံလေဆိပ်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ အတူသွားမဲ့သူငယ်ချင်းက ကြောက်တတ်တယ်။ 1997ခုနှစ်ဆိုတော့ အခုလောက်လဲ အမြင်တွေမကျယ်သေးတော့ ဘန်ကောက်မှာ ရောင်းစားရင် ဘယ်လိုလုပ်မလဲလို့မေးတယ်။ ကျွန်မက ခပ်နောက်နောက်ပြန်ပြောခဲ့မိတယ်။ ရောင်းစားချင်မှ ငါတို့လိုရုပ်ရည်ကို ဘယ်ခေါ်ပါ့မလဲ ခပ်ချောချော အမျိုးသမီးတွေ မြန်မာပြည်မှာ တပုံကြီး ငါတို့ကို ရောင်းရင် စွပ်ပြုတ်လုပ်တဲ့ဆိုင်ကတော့ ၀ယ်လိမ့်မယ်လို့ (ကျွန်မတို့နှစ်ယောက်စလုံးက ခပ်ပိန်ပိန်ကလေးတွေမို့ပါ)။ နောက်တစ်ခုက ကျွန်မ မြန်မာဘက်က လုပ်ငန်းရှင်က နံမည်ကောင်းရှိပြီးသားလို့ ယုံကြည့်တဲ့အတွက်ကြောင့် ဘန်ကောက်သင်တန်းကို လက်ခံလိုက်တာပါ။ ကျွန်မတို့သွားရတဲ့နေ့က ညဘက်လေယာဉ်ပါ။ လူလည်တွေကို ထိုင်းအမျိုးသမီးတစ်ယောက်နဲ့အပ်ပြီး ထည့်ပေးလိုက်တာပါ။ အဲဒီတုန်းက လေယာဉ်တွေက အခုလို အဆောက်အဦးနဲ့တိုက်ရိုက်ဆက်တာ မဟုတ်ဘဲ ကားနဲ့သွားပြီးလှေခါးနဲ့တက်ရတာပါ။ ညဘက်ကလည်းဖြစ် လေယာဉ်လဲတခါမှ မစီးဘူးတော့ လှေခါးအတက်မှာ ဒူးတွေတုန်နေပါတယ်။ ဒါပေမဲ့ စပြီးတဲ့အလုပ်မို့ ဆက်ရမှာ လို့စိတ်ကို တင်းပြီးထွက်လာခဲ့ပါတယ်။ ဘန်ကောက်မရောက်ခင်က အင်္ဂလိပ်စကားကို တစ်ခါမှ မပြောခဲ့ဘူးလို့ စိတ်ပူပေမဲ့ ဘန်ကောက်မှာလည်း အင်္ဂလိပ်စကားကို သိပ်သုံးဘို့မလိုကြောင်းပြီးမကြာခင်မှာဘဲ သိလိုက်ပါတယ်။ ကျွန်မသင်တန်းတက်ရတဲ့ စက်ရုံက Arrow, Lacos,Get away အထည်တွေချုပ်တဲ့ PG Garment ,Rama III လမ်းမပေါ်မှာပါ။ ကျွန်မက မနက်စောစော ကော်ဖီသောက်တတ်တော့ (coffee mix တွေသောက်ရင် ရင်တုန်တတ်လို့) အိမ်ကကော်ဖီမှုန့်လေးထည့်သွားပါတယ်။ သကြားတော့ရောက်တဲ့နေရာက ၀ယ်ရမှာလို့တွေးပြီး။ ထိုင်းလို သကြားကို ဘယ်လိုခေါ်လဲမေးပြီး အဆောင်နားက ဈေးကိုထွက်ခဲ့ပါတယ်။ မနက်ပိုင်းမှာလည်း ထမင်းသွားစားတာ ပြောတာအဆင်မပြေလို့ ထမင်းအိုးနားအရောက် လက်ငြိုးသွားထိုးပြခဲ့ ရတာမို့ ဒီတစ်ခေါက်မှာတော့ သကြားကို ထိုင်းလိုဘယ်လိုပြောရတယ်ဆိုတာ အရင်သင်ပြီးမှ ထွက်လာခဲ့တယ်။ ဆိုင်ကရောက်တော့ (3)ခါလောက် ပြောပြီးမှ အမှုန့်ထုတ်ကလေးကိုရပါတယ်။ ကျွန်မလည်း ဟုတ်ပြီဆိုပြီးပြန် လာခဲ့တာပေါ့။ ဒီလိုဘဲနည်းနည်းချင်း သင်ယူရမယ်လို့လည်း အားခဲလာခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားပြော တတ်ချင်လို့နိုင်ငံခြားသားတစ်ယောက်နဲ့ သူငယ်ချင်းလုပ်ခဲ့တဲ့သူကတော့ ပြောဘူးပါတယ်။ ငါတော့ အင်္ဂလိပ်စကား မတတ်လာဘူး သူဘဲ မြန်မာလို ပြောတတ်လာတယ်လို့တော့ အားပေးဘူးပါတယ်။ အခုလောလောဆယ်တော့ သကြားရပြီမို့ မနက်ကော်ဖီအတွက် မပူရတော့ဘူးလေ။ မနက် ကော်ဖီသောက်လိုက်တော့ သိလိုက်ပါတယ်။ ငံတူးနေလို့ပါ။ လွဲပြန်ပြီလို့။ ထင်တော့ထင်သား ထိုင်းက သကြားလေးတွေက တစ်မျိုးလေးပါလို့။ ဘာသာပြန်ပေးတဲ့ ထိုင်းမလေးကို ပြန်ပြောရတာပေါ့ ငါ့ကိုဆားတွေ ပေးလိုက်တယ်လို့ သူက မှားပေးတာနေမှာလို့ပြောတယ်။ အဲဒါနဲ့ ဆိုင်ကိုတစ်ခေါက်ပြန်သွားပြီး တော်တော်လေး ပြောယူမှ သကြားရလာတယ်။ တစ်ခုခုတော့လွဲနေတယ်လို့ထင်တာ တစ်ခုမကဘူး။ ထိုင်းလို ဆားနဲ့သကြားက အသံထွက်ချင်းဆင်ပြီး အသံအနိမ့်အမြင့်ကွာတာပါလို့ ဈေးရောင်းတဲ့ မွန်မလေးက မြန်မာလိုရှင်းပြတော့မှ အော်မနေ့ကတည်းက သူ့ကို ငါကထိုင်းထင်တာကိုးဆိုပြီး။ နှစ်ထပ်ကွမ်းအလွဲနဲ့ ဘန်ကောက်ခရီးကို စတင်ခဲ့ပါတယ်။

အမြင်မတူသူများ

အလုပ်မှာ တရုတ်မလေးတစ်ယောက် အသစ်ဝင်လာပြီး ကျွန်မနဲ့မျက်နှာချင်းဆိုင်စားပွဲမှာ ထိုင်ရပါတယ်။ သူ့အသက်က ကျွန်မရဲ့ တ၀က်လောက်ရှိပါတယ်။ မိတ်ဆက်စကားပြောပြီးပြီးချင်းမေးတဲ့ မေးခွန်းက အလုပ်ကို ဘယ်လိုအဆက်အသွယ်နဲ့ ၀င်လာခဲ့ပါလဲတဲ့။ င့ါသူငယ်ချင်းက အရင်ဒီနေရာမှာ လုပ်တာ သူထွက်မှာမို့ ငါ့ကို ဒီအလုပ်နဲ့ မိတ်ဆက်ပေးပြီးဝင်လာတာလို့ ဖြေလိုက်ပါတယ်။ အေးဂျင့်ခဘယ်လောက်ပေးရလဲတဲ့။ ပထမတော့ ကျွန်မကြောင်သွားပါတယ်။ နောက်မှ သူက ငါ့သူငယ်ချင်းလေလို့ ငါတို့လူမျိုးမှာပေးစရာမလိုဘူးလို့ပြန်ဖြေတော့ အံသြတဲ့မျက်နှာနဲ့ကြောင်ကြည့်နေပါတယ်။ သူက အလုပ်သမားအေးဂျင့်ကတဆင့် ၀င်လာတဲ့အကြောင်းပြော ပေမဲ့ အေးဂျင့်ခတော့ ဘယ်လောက်လဲလို့ ကျွန်မ မမေးချင်တာနဲ့ မမေးဖြစ်ခဲ့ပါဘူး။ နောက်တခါ ကျွန်မ သူငယ်ချင်းတစ်ယောက် ကားတိုက်ခံရတယ်လို့ ဖုံးရတော့ ကျွန်မလည်းရုံးရောက်ရောက်ချင်းမနေနိုင်လို့ သူ့ကိုပြောမိပါတယ်။ ပြန်မေးတဲ့မေးခွန်းက အလျော်ဘယ်လောက်ရသလဲတဲ့။ ကျွန်မတို့လူမျိုးဆိုရင်တော့ ဘာဖြစ်သွားလဲ။ ဆေးခန်းပြပြီးပြီလား။ ဆိုတဲ့မေးခွန်းတွေဘဲလာမှာလို့ မျှော်လင့်ထားတဲ့ကျွန်မ ချက်ချင်းပြန် မပြောနိုင်တော့ပါဘူး။ အတိုက်ခံရတဲ့သူငယ်ချင်းကလည်း အလျော်တောင်းဘို့နေနေသာသာ ရှက်ပြီးထပြေး လာလို့ မျက်မှန်၊ထမင်းချိုင့်တွေ တိုက်တဲ့နေရာမှာ ကျန်ခဲ့ပါတယ်။ ကျွန်မပြောချင်တာက နေရာဒေသမတူတဲ့ နေရာကနေ လာပြီး အလုပ်အတူလုပ်ကြရတဲ့ လုပ်ငန်းခွင်မှာ အခြေခံအမြင်ကလေးတွေ တော်တော်ကွာကြတာ ကြောင့် ပျော်စရာမကောင်းဘဲ အေးစက်တိတ်ဆိတ်နေခဲ့တာလေးပါ။

အလွဲ(2) နောက်ဆက်တွဲ

ကျွန်မကတော့ သာမန်ယားနာ၊ရေမသန့်လိုဖြစ်တာပါလေဆိုပြီးစိတ်ထဲမှာ ထင်ထားပါတယ်။ တစ်လပြည့်လို့ အပြင်ထွက်ခွင့်ရချိန်မှာ ကျွန်မအိမ်ပြန်ရင်း Mammyလို့ချစ်ခင်စွာခေါ်ခဲ့တဲ့ အစ်မဆရာဝန်က စိတ်ပူပြီး အရေပြားအထူးကုဆရာဝန်ဆီကိုလိုက်ပို့ပါတယ်။ ကျွန်မတို့မြို့မှာတော့ သူကနံမည်ကြီးဆရာဝန်တစ်ဦးပါ။ ဒေါက်တာ ဂျေပရာဆပ် ။ သူက ကျွန်မလက်ကိုကြည့်ပြီး မျက်နှာကိုတဖက်လှည့်ခိုင်းပါတယ်။ ပြီးတော့ အဲဒီနေရာကို အပ်ကလေးနဲ့ထိုးတယ်။ ပြီးတော့ဘယ်လိုနေလဲလို့မေးပါတယ်။ ကျွန်မက နာတယ်လို့ မကြည့်ဘဲနဲ့ ပြန်ဖြေလိုက်ပါတယ်။ အဲဒီအခါမှာ ဆရာဝန်က ကျွန်မညာဖြေတာလို့ ပြောပါတယ်။ အဲဒီလိုပြောလိုက်တဲ့ခဏမှာ ဘာကြောင့်ဆိုတာ ကျွန်မသိလိုက်ပါတယ်။ အနာကြီးရောဂါဖြစ်ရင် အဲဒီလိုနေရာတွေမှာ ခံစားမှုမရှိမှန်း ကျွန်မစာတွေ့အရ သိထားလို့ပါဘဲ။ နာတယ်ဆိုတာလဲ အမှန်အတိုင်းပြောမိတာပါ။ ညာတယ်လို့ အပြောခံလိုက်ရတဲ့ အချိန်မှာ ရှက်တဲ့စိတ်ကြောင့် သေချင်လောက်အောင်ဖြစ်သွားပါတယ်။ အဲဒီအခြေအနေကို သိတဲ့ အစ်မဆရာဝန်က သူက သင်တန်းတက်နေလို့ပါ သင်တန်းပြီးမှ ဆက်ကုပါ့မယ်လို့ပြောပြီး ထိန်းပေး ခဲ့ပါတယ်။ ဆေးခန်းကပြန်လာပြီးကတည်းက ကျွန်မရင်ထဲမှာ ဘယ်လိုဖြစ်ပါတယ်လို့ ပြန်မပြောတတ်တဲ့ ခံစားမှုတွေပါလာခဲ့ပါတယ်။ အဲဒီဝေဒနာတွေနဲ့ ဖောင်ကြီးကိုပြန်ခဲ့ပါတယ်။ ကျွန်မအားလုံးကို သေချာပြန်စဉ်းစား ပါတယ်။ သင်တန်းမတက်ဘဲ ပြန်သွားရင်ကောင်းမလားလို့လည်းတွေးခဲ့ပါတယ်။ စလာတုန်းက RTUလို့ အားပေးထားတဲ့ ပရိတ်သတ်ကလည်းရှိနေတော့ ဖောင်ကြီးကိုပြီးအောင်တက်မယ် နောက်မှ ရောဂါကို စဉ်းစားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖြစ်ချင်တော့ သင်တန်းမှာလည်း စုမှူး၊ခွဲမှူးဆိုတာတွေကရှိသေးတယ်။ နောက်ဆုံးတစ်လမှာ တပ်ခွဲမှူးကို မဲစံနစ်နဲ့ပေးတော့ ပိန်ပိန်ကလေးကို ၀ိုင်းခိုင်းချင်ကြတဲ့ သင်တန်းသူတွေကမဲပေးလို့ ဒုတပ်ခွဲမှူးအရွေးခံရပြန်ရော။ ကြွားတာမဟုတ်ပါဘူး။ သူတို့ အားကိုးတကြီးနဲ့ ၀ိုင်းရွေးထားတဲ့ (အမှန်တော့ ဘယ်သူမှ မလုပ်ချင်လို့မြှောက်ပေးထားတာပါ) ဒုတပ်ခွဲမှူးက ဘယ်ညာအော်ရင်း မိုးရေထဲမှာ သေနတ်ကြီးထမ်းပြီး အကြိမ်ပေါင်းများစွာ မျက်ရည်ကျရတာကိုတော့ သင်တန်းပြီးတဲ့အထိ ဘယ်သူမှ မသိလိုက်ပါဘူး။ မိုးရည်ကိုလွှမ်းသွားအောင်မှ မငိုနိုင်တာကိုး။ ကဲ ထားပါတော့။ အဲဒီသင်တန်းကြီးလည်း အောင်မြင်စွာပြီးဆုံးသွားပါပြီ။ ကျွန်မဘာတွေဆက်ဖြစ်မယ်ထင်ပါသလဲ။ ကျွန်မတို့မြို့ကလေးကိုပြန်လာပြီး အစ်မဆရာဝန်နဲ့ တိုင်ပင်ရတာပေါ့။ အဆုံးသတ်အနေနဲ့ အနာကြီး ရောဂါသည်တွေကိုလက်ခံတဲ့စခန်းတွေကိုတောင် ကျွန်မစုံစမ်းထားပြီးပြီ သူတို့အကြောင်းတွေလည်း ရှာဖွေဖတ် ရတော့တာပေါ့။ သင်တန်းပြီးလို့ တစ်ပတ်လောက်စိတ်ငြိမ်မှ နောက်ထပ်အရေပြားဆရာဝန်တစ်ယောက်ကို ပြဘို့ ကျိုးစားရပါတယ်။ အဲဒီဆရာဝန်က ပဲခူးတိုင်းအနာကြီးရောဂါတိုက်ဖျက်ရေးက အကြီးဆုံးဆရာဝန်ကြီးပါ။ ဒေါက်တာတင်ရွှေပါ။သူ့ကိုပြတဲ့အချိန်မှာ သူကလည်း သေချာစမ်းသပ်ပြီး အနာကြီးရောဂါလို့ အတည်ပြု လိုက်ပါတယ်။ အဲဒီလို အတည်ပြုလိုက်ချိန်မှာ ကျွန်မထူးပြီးမခံစားရတော့ပါဘူး။ ရှက်တာဝမ်းနည်းတာ ဘာဆိုဘာမှမဖြစ်တော့ပါဘူး။ ဆရာကဆေးသောက်ရင် ပျောက်နိုင်ကြောင်းပြောပြီး ပါလာတဲ့ အစ်မဆရာဝန်နဲ့ ဆေးသောက်ဘို့ကိစ္စဆွေးနွေး ကြပါတယ်။ အရေပြားအထူးကုဆရာဝန်ကြီးနှစ်ယေက်က ဒီရောဂါပါလို့ မှတ်ချက်ပေးပြီးမှတော့ ဒီဆေးကို စသောက်ရပြီပေါ့။ ဆေးကလည်း အနီတောင့်အကြီးကြီးတွေပါ။ နံမည်တော့မသိပါ။ သူတို့က ရောဂါကြီးကြီးသာ အမည်တပ်လိုက်တာပါ။ ကျွန်မရဲ့ ဘယ်ဘက်လက်ကောက် ၀တ်က ယားတဲ့အကွက်ကလေးကတော့ အိနြေ္ဒမပျက် နဂိုအတိုင်း ကျပ်ပြားဝိုင်းလောက်ဘဲ ရှိနေပါတယ်။စိတ်ဒါဏ်ရာတွေကတော့ ပွစာကြဲနေတာပေါ့။ ကဲ ဆေးစသောက်ပါပြီ။ အလုပ်ကိုလည်းပြန် ၀င်နေရပြီပေါ့။ သင်တန်းမှာ ပထမဆုရလို့ ရာထူးကလေးကတက်သွားလေရဲ့ စာရင်းကိုင်(2)ဆိုပါလား။ ၀န်ကြီး ဌာနကလည်းဂုဏ်တွေဘာတွေပြုပြီး TV သတင်းတောင် ပါတယ်ဆိုဘဲ။ အဲဒီလိုတဖက်က အောင်မြင်မှုဆိုတာ ရထားတယ်လို့ ထင်ရတဲ့တစ်ယောက်ဟာ အခြားတစ်ဖက်မှာ အနာကြီးရောဂါဆေးကို စသောက်နေရပြီဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူးလေ။ ဆေးစသောက်ပြီးတစ်ပတ်အကြာမှာ ကျွန်မတစ်ကိုယ်လုံး အနာစက်ကလေးတွေ ပေါ်လာတော့တာဘဲ။ ကဲအခုမှ အနာကြီးစပြီထင်ပါရဲ့ဆိုပြီး ဆရာဝန်ဆီတစ်ခေါက်ထပ်သွားရတာပေါ့။ ဆရာဝန်က လိမ်းဆေးပေးလိုက်ပါတယ်။ ပေါက်လာတဲ့အနာတွေက များလွန်းလို့ တခါလိမ်းရင် တစ်ပုလင်းကုန်ပြီး ဆေးက အစ်စစ်အပျော့စားမို့ လက်နဲ့လိမ်းလို့မရပါဘူး။ အနားမှဂွမ်းစလေးပါတဲ့ ဒုတ်တံလေးနဲ့လိမ်းရပါတယ်။ ကျွန်မစိတ်ဓါက်ကျမှာစိုးလို့ထင်ပါရဲ့ ဆရာဝန်အစ်မက နေ့ခင်းတိုင်းသူနားချိန်တွေမှာဆေးလာလိမ်းပေးပါတယ်။ ဒီဘလော့ စရေးတဲ့နေ့က သူ့ရဲ့ (55)နှစ်မြောက်မွေးနေ့ပါ။ သေတူရှင်ဘက်ရဲဘော်တွေအဖြစ်နဲ့ ဂုဏ်ပြုထိုက်တယ်နော်။ ဆေးက လိမ်းလိုက်ရင် ရှဲဆိုပြီးအရေပြားကို စားပစ်လိုက်တယ်။ ပြီးရင်အရေပြားကဖွေးတက်သွားပြီး မှုတ်ထုတ်လိုက်ရင် အရေပြားစလေးတွေက လွင့်ထွက်သွားပါတယ်။ အဲဒီလောက် ပြင်းပါတယ်။ ဆေးလိမ်းရင်း အနာတွေက တိုးတိုးလာလို့ တစ်ပတ်လောက်ကြာတော့ ဆေးလိမ်းပေးတဲ့အစ်မက မဟုတ်တော့ဘူးထင်တယ် ငါတို့ ရန်ကုန်မှာ သွားပြစို့လိုပြောပါတယ်။ ကျွန်မကတော့ ထူးပြီးမစဉ်းစားတတ်တော့တာမို့ သူခေါ်တဲ့နောက်ကို လိုက်ခဲ့ပါတယ်။ ရန်ကုန်လမ်း(20) အောင် ဆေးခန်းကိုပါ။ ဆရာဝန်ကြီးနံမည်က ဒေါက်တာဦးအေးငြိမ်းပါ။ ဦးအေးငြိမ်းဆိုတဲ့နံမည်အတိုင်း ကျွန်မရဲ့ပူလောင်မှုတွေကို အေးငြိမ်းစေခဲ့တဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။ ကျွန်မကို ရာဇ၀င်သေချာမေးပြီး၊ ကျွန်မပြောတာကိုလည်း အာရုံစိုက်ပြီးနာထောင်ပါတယ်။ ကျွန်မက လိမ်ပြောတာပါလို့ ပထမဦးဆုံးအကြိမ်မှာ အပြောခံရပြီးကတည်းက နည်းနည်းလဲ စိတ်ထဲမှာ နာကျင်နေခဲ့တဲ့သူပါ။ ဒါပေမဲ့ ဆရာကြီးက အားလုံးကို စစ်ဆေးပြီးတဲ့အချိန်မှာ အနာကြီးရောဂါမဟုတ်ကြောင်း အတည်ပြုပါတယ်။ ဆေးစသောက်ဘို့ ညွှန်ကြားခဲ့တဲ့ဆရာဝန်တွေဆီကိုလည်း မှားကြောင်းချက်ချင်းကျွန်မတို့ရှေ့တင်ဖုံးဆက် ပြောပါတယ်။ ကျွန်မကိုလည်း ဆေးတွေအကုန်ဖြတ်ပြီး။ ဆေးကြောင့်ဖြစ်လာတဲ့ အနာတွေအတွက် သူဖော်ထားတဲ့ ဖယောင်းချက်အပျော့စားဆေးကိုပေးပါတယ်။ ကျွန်မဘာပြောရမှန်းမသိလို့ ကြောင်နေချိန်မှာ အစ်မဆရာဝန်က ထိုင်ကန်တော့လိုက်လေလို့ သတိပေးပါတယ်။ ကျွန်မကြမ်းပြင်မှာ သေချာထိုင်ကတော့လိုက် ပါတယ်။ အဲဒီနေ့က ကျွန်မတို့နှစ်ယောက် လွတ်လပ်ပျော်ရွှင်စွာ (36)လမ်းကကြေးအိုးသွားသောက်ပြီး ရွာပြန်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မအသက် (24)နှစ်ပါ။ အရွယ်ကောင်းကလေးပေါ့။ မချောပေမဲ့ အနာကြီး ရောဂါသည်တော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ ဒါပေမဲ့ 1990ခုနှစ် ဇူလိုင်လ လောက်ကစပြီး ခံစားရတဲ့စိတ်ဒုက္ခနဲ့ ရောဂါအလွဲကြီးကို နိုဝင်ဘာသင်တန်းဆင်းပြီး 1991ခုနှစ် ဖေဖော်ဝါရီလလောက်မှာမှ အောင်မြင်စွာ အဆုံးသတ်နိုင်ပါတော့တယ်။ ဆေးကြောင့်ဖြစ်တဲ့ အနာတွေကိုတော့ (1)နှစ်လောက် ဆေးထပ်လိမ်းလိုက် ရပါကြောင်း ၀မ်းမြောက်စွာနဲ့အလွဲကြီးတစ်ခုကို ရေးသားလိုက်ရပါတယ်။

Monday, July 6, 2009

အလွဲ(2)

ဘ၀မှာ သေးသေးလွဲတာနဲ့ ကြီးကြီးမားမားလွဲတာတွေများလွန်းလို့ ဘာအရင်ရေးမလဲ စဉ်းစားနေမိတယ်။

ကျွန်မရဲ့ ပထမဦးဆုံးအလုပ် နေ့စားအလုပ်သမား (သူတို့ကတော့ ဘွဲ့ကလေးတစ်ခုရထားတာကိုအားနာလို့ နောက်ကနေ နေ့စား(စာရင်းကိုင်)လို့ထည့်ပေးပေမဲ့ အလုပ်သမားလို့ဘဲ ခံယူထားလိုက်ပါတယ် 1987 ဒီဇင်ဘာမှာပါ။ နေ့စားကလေးကနေ (6)လလောက်ကြာတော့ စာရင်းကိုင်(1)ဆိုတဲ့ အဆင့်လေးကို တိုးပေးတယ်လေ။ အင်းအဲဒါဆိုတော့ အမြဲတန်း ၀န်ထမ်းကလေးဖြစ်ပေါ့။ အမြဲတန်းဝန်ထမ်းဆိုရင် ဖောင်ကြီးသင်တန်း တက်ရမယ်လို့ လူမမြင်ဘူးဘဲနဲ့ ရုံးချုပ်ကနေ စာထုတ်လိုက်ပါတယ်။ ပေါင်(100) လောက်ရှိတဲ့ ခပ်ပိန်ပိန် ကောင်မလေးတစ်ယောက်ရဲ့ ဖောင်ကြီးသင်တန်းစာရင်းမှာပါလာတာကို ၀ိုင်းဝေဖန်လိုက်ကြတာ တော်တော် အားရစရာကောင်းပါတယ်။ RTU (Return to Unit) ။ သင်တန်းရောက်ရင် စစ်ဆေးပြီး မတက်သင့်ဘူးထင်လို့ ပြန်လွှတ်တာ။ တက်နေရင်း ဆက်မတက်နိုင်လို့ပြန်ကြတာလေ။ အဲဒီ ချီးမွမ်းသံတွေက အသက်(20)ကျော် မိန်းခလေးတစ်ယောက်ကို စိန်ခေါ်နေလေရဲ့။ အားလုံးက ပြန်လာရမှာလို့ ၀ိုင်းအားပေးနေတဲ့ကြားက တက်မယ်လို့ ခပ်တည်တည်နဲ့အကြောင်းပြန်လိုက်ပါတယ်။ ဗလ(67)ပါ။

လူကသာ ခပ်သေးသေး သယ်ချင်တာတွေက အများသားမို့ သစ်သားသေတ္တာကြီးတစ်လုံးထဲကို လိုမယ်ထင်တဲ့ပစ္စည်းတွေအကုန်စုထည့်ပြီး ရန်ကုန်ရုံးချုပ် လမ်း(40)ကို လာခဲ့တာပေါ့။ ပိန်ပိန်ကောင်မလေးနဲ့ ကြီးကြီးသေတ္တာကြီးကတော့ အစကတည်းက ပနံရနေပြီလေ။ ရုံးချုပ်ကနေ ဖောင်ကြီးကို TE အမိုးမရှိတဲ့ကားနဲ့ လိုက်ပို့တာပါ။ လမ်းမှာ မိုးတွေက ရွာလိုက်တာ ဇွန်လကြီးပေါ့။ ဖောင်ကြီးဝန်းထဲကို ညနေ (4)နာရီလောက်မှာ ရောက်ပါတယ်။ အဲဒီမှာ စတွေ့တာပါဘဲ။ တက္ကသိုလ်မှာ အဆောင်နေတုန်းက ပစ္စည်းဝိုင်းကူသယ်ပေးတဲ့ ဦးလေးကြီးတွေမျက်နှာကို မြင်ယောင်တာပေါ့။ ဖောင်ကြီးမှာတော့ ကိုယ်ထူကိုယ်ထ ဘယ်ဦးလေးကြီးတွေမှ မရှိဘူးလေ။ ကားပေါ်ကနေဆွဲချပြီး နေရမဲ့အဆောင်ကို ဒရွတ်တိုက်ဆွဲလိုက် တွန်းလိုက်နဲ့ မိုးရွာထဲမှာ တော်တော်နဲ့မရောက်နိုင်ပါဘူး။ ကံကောင်းချင်တော့ ပြန်ဝင်လာတဲ့တပ်ခွဲထဲက အစ်မတစ်ယောက် ခပ်၀၀ သူနံမည်က နောက်မှ သိရတာက မနီလာမောင်တဲ့ သူက ၀ိုင်းကူမပြီးအဆောင်ကိုလိုက်ပို့ခဲ့တယ်။ မိုးရွာထဲပေမဲ့ မနိုင်ဘဲတစ်ယောက်ထဲ မောနေချိန်မှာ ကူညီခဲ့သူမို့ နှစ်ပေါင်းများစွာကြာပေမဲ့မမေ့ခဲပါ့။ ရောက်ပြီးဆေးစစ်မဲ့နေ့မှာ ပြန်ရမှာကြောက်လို့ ချွေးတွေပြန်ခဲ့ပေမဲ့ ဆရာဝန်ကတော့ပုံမှန်အတိုင်း တက်ခွင့်ပေးလိုက်ပါတယ်။ သင်တန်းထဲတော့ရောက်ပါပြီ။ ကျွန်မအတွက်တော့ ဖောင်ကြီးသင်တန်းက ရုပ်ပိုင်း၊စိတ်ဓါက်ပိုင်း ခံနိုင်ရည်တွေကို အများကြီးပေး လိုက်ပါတယ်။ သင်တန်းစတက်တဲ့ ပထမလမှာ အပြင်ထွက်ခွင့် မရပါဘူး။ လူတွေကို ဘောင်တစ်ခုထဲမှာ နေထိုင်တတ်သွားအောင် သင်တန်းပေးတဲ့နေရာလည်း ဖြစ်ပါတယ်။ ထွက်ခွင့်မရတဲ့တစ်လအတွင်းမှာ ကျွန်မဘယ်ဘက်လက်ကောက်ဝတ်အထက်နားမှာ ယားပြီး အကွက်ကလေးတစ်ခုဖြစ်လာပါတယ်။

Friday, July 3, 2009

ပြည်ဆောင်းညမှ ကဗျာတစ်ပုဒ်

နှစ်သုံးဆယ်ကျော်ကြာတဲ့ မီးလျှံများ
လေတိုက်စားရင် ငြိမ်းလုပြီ။
ပြန်မရနိုင်တဲ့ အိမ်မက်တွေကိုတွေကိုတော့
ကြိုးလျော့ဂီတာတစ်လက်လို ပြန်ညှိရင်း။
များလိုက်တဲ့မာယာတွေ ကမ္ဘာမြေက
ဘာလို့များလက်ခံထားခဲ့ပါလိမ့်။
ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ ငါ
တခါတခါ လေဆာသေနတ်နဲ့ လူသတ်ချင်တယ်
ဒါပေမဲ့ တိမ်တွေရဲ့ကိစ္စ ရာသီတွေရဲ့ကိစ္စ
လောကကို မတောင်းဆိုနဲ့
အိနြေ္ဒကြီးတဲ့ ကောင်းကင်လိုဘဲ
နေလိုက်တော့ကွယ်။
ဂျူး
နေ၀င်းမြင့်နဲ့အတူ ဂျူး ကိုလည်းပြန်အမှတ်ရလာပြီး ဒီကဗျာလေးကို ပြန်ရေးပြ လိုက်ပါတယ်။
အဲဒီညမှာ သူရွတ်ပြသွားခဲ့တာပါ။
မှတ်ဥာဏ်သိပ်မကောင်းတဲ့ကိုယ့် စိတ်ထဲကို တိုက်ရိုက်ချရေးပေးသွားခဲတာပါ။
အဲဒီအချိန်က သူလဲ 30 ပတ်ဝန်းကျင် ကိုယ်လဲ 30 ပတ်ဝန်းကျင်မို့ ဆူပွက်နေတဲ့ ခံစားချက်တွေ တူနေလို့လည်း မမေ့နိုင်ခဲ့တာဖြစ်မှာပါ။ အခုတော့ အားလုံးဟာ အိနြေ္ဒကြီးတွေနဲ့ပေါ့။

မျှော်လင့်ချက်

စနေနေ့ဝက် ရုံးတက်ရတဲ့သူတွေရဲ့ထုံးစံအတိုင်း အလုပ်အကြောင်းကလွဲရင် ကျန်တာတွေတွေးပြီး ဘူတာကိုထွက်လာခဲ့တာပေါ့။ ဘူတာကနေကြည့်ရင်တော၊တောင်၊သစ်ပင်လေးတွေ မြင်ရတော့ ရွာကိုလည်းသတိရပေါ့။ တွေးရင်းနဲ့ အခုလိုကိုယ့်ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ဝေးတဲ့အရပ်မှာလာပြီး အလုပ်လုပ်နေရတဲ့ဘ၀ကိုလည်းပြန်သုံးသပ်ရင်း ဆရာနေ၀င်းမြင့် စာပေဟောပြောပွဲတစ်ခုမှာ ပြောသွားခဲ့တဲ့ ပုံပြင်ကလေးကို အမှတ်ရလာတယ်။ 1995 ပတ်ဝန်းကျင်လောက်က ကိုယ်က ပြည်မှာ အစိုးရ၀န်ထမ်းဘ၀နဲ့ သွားပြီး ငယ်ရွယ်တဲ့အချိန်တွေကို ဖြုန်းတီးနေချိန်။ မြို့ခံကျောင်းနေဘက်သူငယ်ချင်းကလည်း အဖော်ကောင်းဆိုတော့ စိတ်သွားတိုင်းကိုယ်ပါတဲ့ ဘ၀လေး ။ နတ်တော်လ စာပေဟောပြောပွဲရာသီမို့ နေ၀င်းမြင့်၊ဂျူး၊ အော်ပီကျယ် တို့(3)ယောက်ဟောမယ်လဲဆိုရော သူငယ်ချင်းနှစ်ယောက် အေးစက်နေတဲ့ ပြည်မြို့ရဲ့ဆောင်းရာသီမှာ ကွင်းပြင်ကြီးထဲရှေ့ဆုံးက ဖိနပ်ကလေးဖင်ခုထိုင်ပြီး ငုတ်တုတ်ကလေး။
ပြောတဲ့လူတွေအားလုံးသူ့ စတိုင်နဲ့သူ ကောင်းလွန်းလို့ ညလယ်ကျော်မှ ပွဲပြီးခဲ့တယ်။ အဲဒီထဲက မကြာခဏအမှတ်ရတာကတော့ မြင်းပုံပြင်ကလေးပါ။ သူငယ်ချင်းမြင်းနှစ်ကောင်ရှိဆိုဘဲ။ တစ်ကောင်နဲ့တစ်ကောင် နှစ်တိုင်း အချိန်၊နေရာတစ်ခုသတ်မှတ်ပြီး ရောက်တဲ့အရပ်ကနေ ပြန်လာဆုံဘို့ ကတိပြုထားတယ်တဲ့။ ပြန်ဆုံတဲ့အခါတစ်ယောက်အကြောင်းတစ်ယောက်မေးကြတာပေါ့။ ပထမမြင်းက ပြောတယ် ငါ ဆပ်ကပ်အဖွဲထဲရောက်နေတယ်တဲ့။ ဆပ်ကပ်ထဲမှာ ပိုင်ရှင်သမီးလေးက မြင်းကျောပေါ်မှာ ကျွမ်းဘားကစားပြီး မြင်းနဲ့ ကွင်းကို ပတ်ပြတဲ့နေရာမှာ သူက ပါဝင်ရတယ်တဲ့။ နေ၊စားစရာမပူရဘူးတဲ့။ ဒုတိယမြင်းက မင်းကွာ တနေ့တနေ့ဒါဘဲလား ပျင်းစရာကြီး ငါတော့ တောထဲမှာ ပိုလွတ်လပ်ပြီး ပိုပျော်ပါတယ်။ တို့အရင်လို ပျော်ပျော်ပါးပါးနေရအောင် တောထဲပြန်လာခဲ့ဘို့ခေါ်တယ်တဲ့။ အဲဒီတော့ ဆပ်ကပ်ထဲရောက်နေတဲ့ ပထမမြင်းက ပြန်ပြောတယ်တဲ့။ ငါတော့ ပြန်မလာနိုင်သေးဘူး။ ငါ့မှာ မျှော်လင့်ချက်ရှိတယ်တဲ့။ ဘာများမျှော်လင့်စရာရှိလို့လဲလို့ ပြန်မေးတော့။ မင်းမသိပါဘူးကွာတဲ့ ဆပ်ကပ်ပိုင်ရှင်သူ့အဖေက သမီးကိုပြောတယ် နင်ကောင်းကောင်း ဂျွမ်းဘားအကွက်ကိုကနော် မဟုတ်ဘဲ မြင်းပေါ်ကနေ ပြုတ်ကျလို့ကတော့ နင့်ကို အဲဒီမြင်းနဲ့ပေးစားမယ်တဲ့။ တနေ့မဟုတ်တနေ့တော့ ကောင်မလေး မြင်းပေါ်က ပြုတ်ကျမှာပါ အဲဒီတော့ ငါလဲကောင်မလေးနဲ့ရနိုင်တယ်လို့ ပြန်ပြောတယ်တဲ့။ ပုံပြင်အဆုံးမှာတော့ ပရိတ်သတ်ကြီးက ရီတာပေါ့။ ကိုယ်လဲရီတဲ့ထဲပါတာ။ ရီသံတွေပြီးသွားတော့မှ ဆရာနေ၀င်းမြင့်က ထပ်ပြီးကောက်ချက်ဆွဲပြတယ်။ အဲဒီတော့မှ ရီနေတဲ့လူတွေ ငြိမ်ကျသွားတော့တယ်။ အဲဒီမြင်းလို လူတွေ လောကမှာ ဘယ်လောက်များနေပြီလဲတဲ့။ မြင်းနဲ့လူဟာ ပေါင်းစပ်ဘို့မဖြစ်နိုင်ဘူးလေ။ ကိုယ်မျှော်လင့်နေတဲ့အရာတွေက ကိုယ်နဲ့အမြီးအမောက်တဲ့ရဲ့လားလို့ ပြန်သုံးသပ်စေချင်ပါတယ်တဲ့။ အဲဒီလို လွဲနေတဲ့ မျှော်လင့်ချက်တွေအတွက် လူတွေ ဘယ်လောက်များအချိန်၊ငွေ၊လူ အားတွေကုန်ခဲ့ပါသလဲတဲ့။
ကိုယ်လဲ ငြိမ်ကျသွားတော့တယ်။ အဲဒီနောက်ပိုင်းမှာ မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုပေမဲ့ ကိုယ်မျှော်လင့်တဲ့အရာတွေက ဖြစ်နိုင်ချေတွေနဲ့ ဘယ်လောက်ဝေးကွာနေပြီလဲလို့ မကြာခဏပြန်တွေးမိတယ်။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကိုလည်း ပြန်ဖျက်ပစ်လိုက်ဘို့ မနှမျောတော့ဘူးလေ။

အလွဲ(1)

ထူးအိမ်သင်ရဲ့ လွဲလွဲလေးဘဲကောင်းပါတယ်ဆိုပေမဲ့ အလွဲတွေအတွက် အရင်မောရတာလေးပါ။ သူငယ်ချင်းတွေက စင်ကာပူ (စီကာစဉ်ကာပူရတဲ့နေရာလေး)ကိုလာကြည့်ပါဦးဆိုတာနဲ့ မြန်မာပြည်က စာရင်းကိုင်အလုပ်ကလေးကနေ ခွင့်တစ်လတင်ပြီး လာခဲ့တာပေါ့။ အလုပ်က မိုးချုပ်မှပြန်ရောက်ပြီး ညီမထည့်ပေးတဲ့အိတ်ကိုဆွဲ နောက်နေ့မနက်လေယာဉ်နဲ့ထွက်ခဲ့တာပေါ့။ ညီမလုပ်တဲ့သူကတော့ ပေးရမဲ့လူကြုံစာရင်းတွေကိုလက်ခံ၊ပစ္စည်းထည့်နဲ့ သူသွားတာထက်ပိုပင်ပမ်းရှာတယ်။ ကိုယ်က အထုတ်ဆွဲထွက်ရုံပါ။ အဲဒါကိုတောင်လွဲဖြစ်အောင်လွဲသေးတယ်လေ။ ချန်ဂီလေဆိပ် ပစ္စည်းရွေးတဲ့နေရာမှာ ကိုယ့်သေတ္တာပုံးလေးနဲ့ ကပ်ရက် Raybin အိတ်ကိုကြည့်တော့ နံမည်ကပ်ပြားလေးမတွေ့ဘူး။ အော် သယ်ရင်းပြုတ်ထွက်သွားတယ်ထင်ပါရဲ့ဆိုပြီးဆွဲချပြီးထွက်ခဲ့တာ။ အိမ်ရောက်တော့ လာကြိုတဲ့သူငယ်ချင်းက ငါးချဉ်ကြိုက်လို့ သူ့ကို ထုတ်ပေးမယ်ဆိုပြီး ဘေးအိတ်ကိုဖွင့်လိုက်တော့ အားပါးပါး ယောက်ကျာင်္းစီး ကတ္တီပါဖိနပ် တစ်ရံထွက်လာပါလေရော။ အဲဒီတော့မှ လွဲပြန်ပြီလို့သိလိုက်ရတာပေါ့။ ကဲ ဘာလုပ်ရင်ကောင်းမလဲစဉ်းစားရတာလေ။ စင်ကာပူမိုးကလဲရွာလိုက်တာသည်းကြီးမဲကြီးဘဲ။ နောက်ဆုံးတော့ သူငယ်ချင်းနဲ့နှစ်ယောက်လေဆိပ်ပြန်သွားမယ် ဆုံးဖြတ်ရတာပေါ့။ လာကြိုတဲ့သူငယ်ချင်းက ကားငှားခေါ်လာတာ အခုတစ်ခေါက်ပြန်သွားမယ်လုပ်တော့ MRT ရထားနဲ့သွားမယ်တဲ့။ ကားငှားသွားရအောင်ဆိုတော့ ဒါရန်ကုန် မဟုတ်ဘူးတဲ့။ မျက်နှာလေး ခပ်ငယ်ငယ်ထားပြီး ကိုယ့်အလွဲလေးနဲ့ကိုယ်မို့ ငြိမ်နေရတော့တယ်။ တစ်ခေါက်ပြန်သွားမယ်သာဆိုတာ နေတဲ့နေရာနဲ့ လေဆိပ်က ရှေ့နဲ့အနောက် ကိုယ့်ပစ္စည်းပြန်မရရင်တောင် သူများပစ္စည်းပြန်ထားနိုင်လဲ မဆိုးပါဘူးလို့ အားတင်းပြီး မိုးရွာထဲမှာ အိတ်အလေးကြီးကို နှစ်ယောက်မပြီး လေဆိပ်ကို ရထားနဲ့ပြန်ထွက်ခဲ့ရတာပေါ့။ လေဆိပ်ရောက်တော့ အိတ်မှားကြောင်းပြောပြတော့ လာလိုက်ခဲ့ဆိုပြီးခေါ်သွားတယ်။ အိုး ကိုယ့်လို အလွဲလုပ်တဲ့လူတွေအများကြီးပါလား ပုံထားလိုက်တာ အိတ်တွေ တစ်ပုံကြီးဘဲ။ ပျော်သလိုတောင်ဖြစ်သွားတယ်။ အဖော်တွေအများကြီးဆိုပြီးလေ။ တွေ့ပါပြီ နောက် Raybin အိတ်တစ်လုံး ကိုယ့်နံမည် စာတန်းကလေးနဲ့ပေါ့။ ကိုယ့်အိတ်ကိုလဲ ဆွဲထုတ်လိုက်ပြီး လှည်းပေါ်လည်းတင်ရော လိုက်ပို့တဲ့ လေဆိပ်ဝန်ထမ်းက တစ်ခွန်းပြောလိုက်တယ်။ Differnt colour bag တဲ့။ အဲဒီတော့မှ သေချာကြည့်မိတယ်။ အိမ်ကထည့်ပေးလိုက်တာ အပြာရောင် ကိုယ်ဆွဲချလာတာ အစိမ်းရောင် အော် တော်တော်လေး လွဲတာပါလားကွယ်။ ဒါ ရောက်ရောက်ချင်းဖြစ်တဲ့ ပထမအလွဲပေါ့။

Thursday, July 2, 2009

အမှတ်တရမွေးနေ့

03.07.2009 Mammy (55)နှစ်ပြည့်မွေးနေ့အမှတ်တရ နဲ့စတင်ခဲ့ပါတယ်။