Wednesday, January 27, 2010

စကားလုံးရဲ့ နက်ရှိုင်းမှု

ကျွန်မက အင်္ဂလိပ်စာ ခပ်ညံညံထဲမှာပါတယ်။
ဒါပေမဲ့ တချို့စာလုံးတွေက ကျွန်မဘ၀ကိုတော်တော်လေး အမှတ်တရရှိစေခဲ့တယ်။

ပထမဦးဆုံးမမေ့နိုင်တဲ့စကားလုံးက crawl တွားသွားသည်။
ကျွန်မ (10)တန်းနှစ်မှာ ကျန်းမာရေးမကောင်းတော့ ကျောင်းက တက်တစ်ရက် မတက်တစ်ရက်
သင်ခန်းစာတွေလဲ အချိတ်အဆက်မမိ ဒါပေမဲ့ (9)တန်းတုန်းက အဆင့်ကောင်းကောင်းနဲ့ အောင်ထားလေတော့
ကျောင်းပျက်ပြီးနောက်ရက်မှာ စာမေးခံရပါတယ်။
From the earth to the moon
သင်ခန်းစာထဲက
Crawl
ဆိုတဲ့စကားကို ကျွန်မအမေးခံရပါတယ်။
အဲဒီစာလုံးကို မသိရမလားဆိုပြီး ဆရာမက ရိုက်ပြောပြောတာ လက်ဖြန့်ဆိုတာကနေ
ဒါလေးတောင် မသိရဘူးလားဆိုတာ
ဒါလားစာတော်တာ ဆိုတာ
စကားလုံးတွေနဲ့ပစ်တဲ့အပြင်
ဖြန့်ထားတဲ့လက်တင်မဟုတ်ဘူး ကိုယ်တွေပါ အရိုက်ခံရတယ်။
ဆရာမကိုယ်တိုင်ကလည်း ဂရုဏာဒေါသတွေများနေတယ်ထင်ပါတယ်။
အဲဒီဆရာမကို စိတ်မဆိုးပါဘူး။
သူ့ကြောင့်ကိုယ်တစ်သက်လုံး မမေ့တဲ့ အင်္ဂလိပ်စာတွေ အများကြီးသိခဲ့ရတယ်။
ဒါပေမဲ့ Crawl ကိုမုန်းတယ်။
ဘ၀မှာ ဘယ်တော့မှ တွားမသွားချင်ဘူး။

အထက်တန်းကျောင်းသူဘ၀ရဲ့ တင်းကြပ်မှုအောက်ကနေထွက်ခဲ့ပြီး
တက္ကသိုလ်မှာ အလွတ်ကြီးလွတ်ခဲ့တာပေါ့။
ပထမနှစ်တုန်းက သီသီအေးအောင်ခဲ့တယ်။
ဒုတိယနှစ်မှာလည်းဆက်လွတ်တုန်း။
နှစ်ကုန်ခါနီးတော့ ဆရာကန့်တော့ပွဲမှာ
ကျွန်မတို့ ပါမောက္ခ ဦးတင်ထွဋ် က စကားတစ်ခွန်းပြောတယ်။
Be prepared တဲ့
နေရာတိုင်းမှာ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေရင် ဘယ်အရာကိုမဆိုရင်ဆိုင်ရဲတယ်တဲ့။
သူက ကျောင်းသူ ကျောင်းသားတွေကို စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ခိုင်းတာပေမဲ့
သူ့စကားက နက်ရှိုင်းလွန်းလို့ 1985 ခုနှစ်ကနေ အခုထိ လုံးဝမမေ့ခဲ့ဘူး။
အဲဒီစကားလုံးက ဘ၀ထဲကိုရောက်ခဲ့တယ်။
အကျိုးအများကြီးရခဲ့တယ်။

နောက်စာလုံးတစ်ခုကတော့
We must appreciate each other.
ကိုယ့်ထက် အသက်(12)နှစ်လောက်ကြီးတဲ့ သူတစ်ယောက်က ပြောခဲ့တာပါ။
ကိုယ်က အသက်ငယ်ပေမဲ့ မာကျောကျော ဂျွတ်ဆတ်ဆတ်မို့ပြောခဲ့တာထင်ပါတယ်။

အခုလောလောဆယ်သတိရနေတဲ့စကားလုံးက
I trust you.
Titanic ရုပ်ရှင်ထဲမှာ မင်းသားက ပျဉ်ပြားပေါ်က ကျခါနီးမှာ ပြောခဲ့တဲ့စကားပါ။
လူတစ်ယောက်ကို ယုံကြည်ဘို့ဆိုတာ ကျွန်မအတွက်တော့ တော်တော်လေးခက်ခဲတဲ့ကိစ္စပါ။
အရာရာကို သံသယနဲ့ ကြီးပြင်းလာသူမို့
အဲဒီစကားလုံးနဲ့နက်ရှိုင်းမှုကို ကိုယ်တိုင်မခံစားနိုင်ခဲ့ဘူး။
ဒါပေမဲ့ အဲဒီစကားလုံးကို သုံးကြည့်ချင်တယ်။
အခုခေတ်ကြီးထဲမှာ ရမလား။

Wednesday, January 20, 2010

ကျီးလန့်စာ စား

ကျွန်မ မနက်တိုင်း ဖယ်ရီစောင့်တဲ့နေရာမှာ ခိုကလေးတွေရှိတယ်။
ခိုစားရောင်းတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။

မနက်ခင်းအိမ်ကမထွက်ခင် ကော်ဖီတစ်ခွက်ဘဲ သောက်လေ့ရှိပေမဲ့
ရုံးရောက်ရင်တော့ တော်တော်ဆာနေတတ်လို့ ရောက်ရောက်ချင်းမုန့်တစ်ခုခု စားလေ့ရှိတယ်။

ဖယ်ရီချိန်ထက် အနည်းဆုံး 10မိနစ်စော ရောက်လေ့ရှိတာမို့
ခိုကလေးတွေကို ကြည့်ရင်း မိုးလင်းလင်းချင်း သူတို့ဆာမှာလို့ တွေးမိပြီး
နေ့တိုင်း ခိုစာကျွေးဖြစ်တယ်။

သူများတွေ ခိုစာကျွေးပြီး ဆုတောင်းလေ့ရှိတယ်လို့ကြားဘူးပေမဲ့
အကျိုးလိုလို့ ညောင်ရေသွန်းတယ် ဆိုတဲ့အဖြစ်မျိုးကို မကြိုက်တာမို့
ခိုလေးတွေ လုစားနေတုန်းမှာ ကြည်နူးတဲ့စိတ်ကလေးနဲ့ အမြဲတစ်ချက်ကြည့်ဖြစ်ပါတယ်။
ဒါပါဘဲ။

ဒီနေ့တော့ ခိုစာကျွေးရင်း ကားလမ်းမပေါ်မှာမို့ ဟွန်းသံ အိတ်ဇောပိုတ်ကအသံတွေ
ထွက်လာရင် သူတို့စားနေရာကနေ လန့်ပြီး ပျံပြေးကြတာ စားနေတုန်းမှာလဲ
စိတ်အေးလက်အေးမဟုတ်ဘဲ ဘေးဘီကို ရန်သူလားဆိုပြီး ကြည့်နေရတာတွေကို
သတိထားမိပြီး အတွေးတွေက ရှည်နေပါတော့တယ်။

ကျီးလန့်စာစားဆိုတဲ့စကားပုံကိုလဲ သတိရလို့ပေါ့။

ခုတော့ ကျီးတွေမဟုတ်ပါဘူး ခိုတွေလေ။

လူ့ဘ၀တွေလည်း အမျိုးမျိုးပေါ့။

အစားကောင်းတွေချည်းစားရတဲ့လူ

ကောင်းတခါဆိုးတလှဲ့စားနေရတဲ့လူ

ဘ၀မှာတခါမှ အကောင်းဆိုတာ မစားရတဲ့လူဆိုပြီး
အမျိုးမျိုးပေါ့

အဲဒီထဲကမှ အစားကောင်းစားရပေမဲ့ စိတ်အေးလက်အေးမစားနိုင်တဲ့လူ

ထမင်းကြမ်းကို ယပ်ခတ်ပြီးစားတဲ့လူ

စားသောက်ဆိုင်မှာ အလျှံပယ်စားရပေမဲ့ လက်ကဖုံးကို မချတမ်းပြောနေရပြီး
အစားကိုဖြောင့်ဖြောင့်မစားနိုင်တဲ့လူ

အိုး စားနည်းစတိုင်တွေကလည်းမျိုးစုံပေါ့။

ကျွန်မကတော့ ညနေစာထမင်းကို ချစ်ခင်တဲ့လူတွေနဲ့ အေးအေးလူလူစားချင်ခဲ့တယ်။

ဟင်းကောင်းဘို့ထက် စားကောင်းဘို့ကို ပိုလိုချင်ခဲ့တယ်။

ကျီးလန့်စာစား ဘ၀မျိုးကို မုန်းတယ်။

Friday, January 15, 2010

မုန့်ဟင်းခါး

လူမျိုးတိုင်း သူ့ရိုးရာ အစားအစာဆိုတာရှိကြစမြဲလေ။

ကျွန်မကတော့ ကိုယ့်အစားအစာထဲမှာ မုန့်ဟင်းခါးကို အကြိုက်ဆုံးပါ။

ကျွန်မတို့ငယ်ငယ်က အမေ့လုပ်စာတစ်ခုတည်းနဲ့စားခဲ့ရစဉ်က
မနက်တိုင်း မုန့်ဟင်းခါးကို စားခွင့်ရှိတာ ကျွန်မတို့အဘွား အမေ့ရဲ့အမေ။

ကျွန်မတို့ကတော့ သူကြိုက်တဲ့ဆိုင်က ဝေးပေမဲ့ မနက်တိုင်းဝယ်ပေးခဲ့ရတယ်။

ကျွန်မတို့ကလေးနှစ်ယောက်ကတော့ အမေပုံပေးတဲ့ ထမင်းနဲ့ ဟင်းကို မနက်စာစားပြီး
ကျောင်းသွားရတာဘဲ။

ငါးပေါတဲ့နေ့ဆိုရင်တော့ အမေက မုန့်ဟင်းခါးချက်လေ့ရှိတယ်။

တခါတလေစားရလို့ထင်တယ် အရမ်းကို စားကောင်းတာဘဲ။

ကျွန်မတို့အိမ်မှာ ဦးနှောက်အားနည်းတဲ့ ဘကြီးတစ်ယောက်ရှိတယ်။
အိမ်မှာ မုန့်ဟင်းခါးချက်ရင် ငါးဆယ်သားလောက်ကို ဇလုံကြီးထဲတခါတည်းထည့်ပြီး
စားလေ့ရှိတယ်။

ဧရာဝတီတိုင်းဘက်ကိုရောက်တော့ မုန့်ဟင်းခါးထဲကို ငါးဆုပ်ကြော်တွေထည့်စားတာတွေ့ခဲ့ရတယ်။

ဒေသအလိုက် ငါး၊ပဲ၊ဆန်မှုန့်တွေ အချိုးအစားကွာတာက လွဲရင် မုန့်ဟင်းခါးကို
နေရာတိုင်းစားတာတွေ့ခဲ့ရတယ်။

စင်ကာပူမှာ နေတုန်းက ထမင်းကို ဘာနဲ့စားရမှန်းမသိရင် စံပြဒေါ်ကြည်အထုပ်ကလေး
အရည်ဖျော်ပြီး ထမင်းနဲ့ခေါက်စားလိုက်တာဘဲ။

ကျွန်မတို့သူငယ်ချင်းနှစ်ယောက် မရည်ရွယ်ဘဲ အစိုးရအလုပ်က ချက်ချင်းထွက်ဖြစ်တယ်။

အပြင်အလုပ်ကလဲ မရသေးတော့ အပြန်လမ်းပေါ်မှာ တစ်ယောက်ကို တစ်ယောက်အားပေးရင်း
ပြောဖြစ်တဲ့စကားတစ်ခုရှိတယ်။

မြန်မာပြည်မှာ မုန့်ဟင်းခါး နဲ့ လျှက်ဆား လုပ်တတ်ရင် ထမင်းမငတ်ဘူးတဲ့။

ကျွန်မက မုန့်ဟင်းခါးချက်တတ်ပြီး သူက လျှက်ဆားဖော်တဲ့နည်းသိတယ်တဲ့။

အဲလိုအားတင်းပြီး အစိုးရအလုပ်ကထွက်ခဲ့ပေမဲ့ သူလဲ လျှက်ဆားဖော်မရောင်းသလို
ကျွန်မလဲ အခုထိ မုန့်ဟင်းခါးထွက်မရောင်းဖြစ်သေးဘူး။

ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်ရေစက်ကရှိနေတော့ ကျွန်မကုမ္ပဏီတစ်ခုကို ရောက်တော့
လူထပ်လိုတာနဲ့ သူ့ကိုလှမ်းခေါ်ပြီး အခုထိ အလုပ်အတူ (အုပ်စု) လုပ်ဖြစ်နေတယ်။

မနေ့ကစက်ရုံမှာ ၀န်ထမ်းတွေကို မုန့်ဟင်းခါးကျွေးမယ်လို့ အစည်းအဝေးမှာ ပြောတယ်။

Admin Manager ကတော့ လူကြီးတွေအကြိုက်ရတယ်ဆရာလုပ်တာဘဲ။
ဒါက သူ့လိုင်းကိုး။

အစည်းအဝေးမှာသာရတယ်ပြောတာ သူ့ဆီက လူတွေက ရေနွေးအိုးတည်ရုံ အမြည်းဝယ်ရုံ
လုပ်တတ်တာလေ။

သေချာခေါ်မေးတော့ အိမ်မှာ နည်းနည်းပါးပါးတောင် ဖြစ်မြောက်အောင် ချက်စားဘူးတဲ့လူမရှိဘူး။

ကျွန်မကလည်း အနေအထိုင်မတတ်တော့ ဒီမနက် မုန်ဟင်းခါးချက်ဖြစ်တယ်။

အများအတွက် ဟင်းချက်တိုင်းသတိရတဲ့စကားတစ်ခွန်းရှိတယ်။

ကိုးရီးယား ခေါက်ဆွဲပြုတ်ပြိုင်ပွဲ ကားမှာ မင်းသားက နောက်ဆုံးပြိုင်ပွဲမှာ အနိုင်ရတုန်း ပြောတဲ့စကားပါ။
သူအခုလို အနိုင်ရတာဟာ ချက်နေတုန်းမှာ ကိုယ်ချစ်တဲ့လူကို ကောင်းကောင်းစားပါစေဆိုတဲ့
စိတ်စေတနာလေးနဲ့ချက်တာမို့ အဲလိုအရသာရှိတဲ့ခေါက်ဆွဲရတာပါတဲ့။
အများအားဖြင့်တော့ သုံးကြတဲ့အဆာတွေက အတူတူပါဘဲလေ။
စိတ်စေတနာသာကွာသွားကြတာပါ။

အခုလည်း စာရင်းကိုင်က မုန့်ဟင်းခါးချက်စရာမလိုပေမဲ့
ကိုယ့်စက်ရုံထဲက၀န်ထမ်းတွေ ကောင်းကောင်းလေးစားရပါစေဆိုတဲ့စိတ်နဲ့ချက်တာမို့
သူတို့စားတာကိုကြည့်ပြီး
ပင်ပမ်းပေမဲ့ ကျေနပ်မိတာပါဘဲ။

Thursday, January 14, 2010

စိတ်ဓါက်ကျခြင်း

ကျွန်မက အမြဲတမ်း တက်တက်ကြွကြွနဲ့လှုပ်ရှားနေတတ်တယ်လို့
လူတွေက မြင်ကြတယ်။

ဒါပေမဲ့ တခါတလေ ကျွန်မ စိတ်ဓါက်ကျနေခဲ့တယ်။

ကျွန်မစိတ်ဓါက်ကျချိန်တွေမှာ ဘာလုပ်တယ်ထင်ပါလဲ။

ငယ်ငယ်တုန်းကတော့ ငိုခဲ့တယ် အိပ်ယာထဲစောစောဝင်ပြီးတော့
လူမသိအောင် ခေါင်းမူးခြုံထားလိုက်သေးတယ်။

နည်းနည်းကြီးလာတော့ သီချင်းဆိုခဲ့တယ်ထင်တယ်။

နောက် စာအမျိုးမျိုးတွေဖတ်ခဲ့တယ်။

တခါတလေ ရုံးကနေခွင့်ယူပြီး အိပ်ယာထဲမှာ ခွေခွေကလေး ငြိမ်နေခဲ့ဘူးတယ်။
အဲဒါဆိုတော်တော် အခြေအနေဆိုးနေပြီ။

နောက်ဆုံးဆင့်မှာတော့ တရားနာခဲ့တယ်။

စိတ်ဓါက်အကျဆုံးအချိန်ကတော့ ကိုယ့်ကိုယ်ကို
သေတော့မယ်လို့ထင်တဲ့အချိန်ဖြစ်မယ်။

အဲဒီအချိန်မှာတော့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့
အလုပ်ပေးတရားခွေကို ခဏတိုင်းပြန်နာပြီး။
ခံစားနေရတဲ့ ဝေဒနာတွေအတွက် ရုပ်ရှိရင်ရောဂါရှိပြီလို့
မှတ်သာထားလိုက်ပေတော့ ဆိုတဲ့စကားလေးရေရွတ်ရင်
ဝေဒနာကို စောင့်ကြည့်ရင်းအိပ်ပျော်သွားခဲ့တယ်။

မနက်မိုးလင်းတော့ အော် ငါမသေသေးပါလားဆိုပြီး ထခဲ့တယ်။

နေ့စံပြီးညခံရတဲ့ ငရဲပြည်ဆိုတာရှိတယ်လို့ကြားဘူးပေမဲ့
နေ့ခင်းဘက်အလုပ်ကိုသွား
ညဘက်မှာ ဝေဒနာတွေခံစားခဲ့ရစဉ်က ပြိတ္တာဘ၀မကူးဘဲ
လူအဖြစ်နဲ့ ငရဲခံရတယ်လို့ တွေးမိတယ်။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အပြင် မိဘတာဝန်က ကိုယ့်တာဝန်လို့
စိတ်ကြီးဝင်ခဲ့တဲ့အတွက်လည်း ၀င်ငွေရတဲ့အလုပ်က
ကိုယ့်ဘ၀မှာအရေးအကြီးဆုံးလို့ခံယူခဲ့မိတယ်။

အဲဒါကြောင့် ထင်တယ် ဖယ်ရီကားပေါ်တက်လိုက်တာနဲ့
ဝေဒနာတွေကို ခဏမေ့ထားနိုင်ခဲ့တယ်။

မေ့ထားခဲ့တဲ့ဝေဒနာတွေက ညနေ ရုံးကားပေါ်ကဆင်းတာနဲ့
အလုအယက်တိုးဝင်လာတယ်ထင်တယ်။

ဒါပေမဲ့ လူဆိုတာ သေနေ့စေ့မှ သေတယ်ဆိုတာမှန်တယ်။
သေနေ့မစေ့သေးတော့လည်း ပြန်ကောင်းလာတာဘဲ။

ကျွန်မနေမကောင်းခဲ့ဘူးလို့ ဘေးလူတွေကိုပြောပြတော့ ဘယ်တုန်းကလဲတဲ့
သူတို့ သတိတောင်မထားမိခဲ့ဘူးထင်တယ်။

ကျွန်မကံကောင်းတာဖြစ်မယ် အသည်းအသန်ဖြစ်တဲ့အချိန်တွေက သင်္ကြန်ပိတ်ရက်နဲ့
အခြားရုံးပိတ်ရက်တွေဖြစ်နေတော့ လူမသိဘဲ ကျော်ဖြတ်နိုင်ခဲ့တာပေါ့။

အခုလည်း စိတ်ဓါက်နည်းနည်းကျနေတာကို သိနေတယ်။

ကျနေတဲ့စိတ်ကို မြင်နေရတယ်။

စောင့်ကြည့်လိုက်ရင်ပြန်တက်လာမယ်ဆိုတာသိတယ်။

အချိန်ယူပြီးစောင့်ကြည့်လိုက်ဦးမယ်။

Wednesday, January 13, 2010

ဘဝ

ပြီးခဲ့တဲအပတ်က senior အစ်မတစ်ယောက် ရုတ်တရက်ဆုံးတယ်လို့ သတင်းကြားတဲ့နေ့အသုဘပို့သွားခဲ့တယ်။
သူနဲ့မတွေ့တာ 10နှစ်ကျော်ခဲ့ပြီ။ ဒါပေမဲ့ ကိုယ်နဲ့အလုပ်အတူတွဲလုပ်ခဲ့သူမို့ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ပေါ့။
သူလည်းကိုယ့်လို အပျိုကြီးမို့ အချင်းချင်းအားပေးတဲ့အနေလဲပါတာပေါ့။
ပြန်လာပြီးနောက်ပိုင်း လူဘ၀ကို အရင်ကထက် ပိုစဉ်းစားဖြစ်တယ်။
တကယ်တော့ ဘ၀ဆိုတာ အချိန်တွေကို ပေါင်းထားတာလေ။
တနေ့တနေ့ ကိုယ့်အချိန်တွေ ဘယ်လိုကုန်သွားသလဲလို့ ပြန်တွေးဖြစ်တယ်။
မနက်စောစောအိပ်ယာထ ရေချိုး ဘုရားရှစ်ခိုး သူများထည့်ပေးတဲ့ ထမင်းချိုင့်ဆွဲပြီး ရုံးကားမှီအောင်ပြေးရတယ်။
မနက်(7)နာရီမှာ အိမ်ကထွက်လာလိုက်တာ ည(7)နာရီမှ အိမ်ကိုပြန်ဝင်ဖြစ်တယ်။
အိမ်ရောက်တော့လည်း ညစာစား စကားနည်းနည်းပြောပြီးတာနဲ့ လူက အင်ဂျင်ကျနေပြီလေ။
ဒါဘ၀တဲ့လား။
အဲဒီလို မောင်းနှင်လာတာ 43နှစ်ရှိသွားပြီ။
ဒီအတိုင်းဆက်သွားမှလား။
ဒါဆိုရင်တော့ ရုတ်တရက်ဆုံးသွားတဲ့ senior အစ်မလိုဘဲ လောကထဲက ထွက်သွားရမယ်ထင်တယ်။
ရုပ်ပိုင်းလိုအင်တွေပြည့်စုံဘို့အတွက် စိတ်အင်အားတွေနဲ့အချိန်တွေအကုန်ခံပြီး
နောက်ဆုံး အဲဒီရုပ်ပိုင်းတွေကို ထားခဲ့ပြီးလောကထဲက ထွက်ခွာဘို့ဆိုတာကတော့
နည်းနည်းပြန်စဉ်းစားရလိမ့်မယ်ထင်ပါတယ်။
ကျွန်မအချိန်တွေကို ပြန်စီစဉ်ရတော့မယ်။

ချစ်ခင်တဲ့လူတွေကို အချိန်ပေးမယ်။

စိတ်ပိုင်းတည်ငြိမ်ဘို့အတွက် အချိန်ယူမယ်။

စာဖတ်ဘို့ စာရေးဘို့ အချိန်ယူမယ်။

တပတ်မှာ တစ်ရက်ပိတ်ပြီး ပိတ်တဲ့ရက်မှာလည်း လူမှု့ရေးတွေနဲ့အချိန်ကုန်နေရင်တော့
တော်တော်လေး ကြေကွဲရမယ်ထင်တယ်။

အချိန်က ရပ်မနေဘူးလေ။

ကျွန်မနယ်မှာတုန်းက အချိန်ကနှေးတယ်။
ရန်ကုန်ရောက်တော့ အချိန်က နည်းနည်းပိုမြန်လာတယ်။
စင်ကာပူမှာတော့ အိုး မြန်လိုက်တာ မနည်းသတိထားကြည့်ရတယ်။

နောက်တစ်ခုက အသက်ကြီးလာတော့ ပိုမြန်လာတယ်။

အမှန်တော့ အချိန်က ပိုမြန်တာမဟုတ်ပါဘူး။

ကျွန်မတို့စိတ်တွေက အချိန်ကို မခံစားနိုင်တော့လောက်အောင် ဖြစ်လာတာပါ။

စိတ်မှာ အတွင်းပိုင်း ခံစားမှုတွေ တည်ရှိမှုတွေပျောက်ကွယ်ပြီး
အပြင်ပိုင်း ခံစားမှုတွေက နေရာဝင်ယူလာတော့
ကိုယ့်ရဲ့အချိန်ပျောက်သွားတာပါ။

အခုတော့ ပျောက်နေတဲ့အချိန်ကို ပြန်ရှာဘို့

ကျွန်မကျိုးစားကြည့်တော့မယ်။

Tuesday, January 5, 2010

ကမ်းခြေ

ကျွန်မကိုငယ်ငယ်တုန်းက ဗေဒင်က နေနှစ်သေတတ်တယ်လို့ ဟောဘူးတော့
အမေက ရေနဲ့ဝေးဝေးနေဘို့ပြောခဲ့တယ်။
နောက်ပြီး အဆုတ်မကောင်းတော့ အအေးမခံနိုင်တော့ ရေနဲ့ပိုဝေးခဲ့တာပေါ့။
ပထမဦးဆုံးရေနဲ့နီးနီးနေဘူးတာဆိုလို့ အင်းလျားလေးအစပ်နဲ့ အင်လျားကန်ဘောင်ပေါ့။
နောက် အမေ့အုပ်ထိန်းမှုနဲ့လွတ်ပြီး ကိုယ်လုပ်ချင်ရာလုပ်ခွင့်ရတော့
သွားလို့ရတဲ့နေရာအကုန်လျှောက်သွားတာပေါ့။
ပြည်ကိုရောက်တော့ စာရင်းစစ်တွေက ငပလီသွားချင်တယ်တဲ့
အရင်က ကမ်းခြေကိုသွားဘို့စိတ်မ၀င်စားပေမဲ့ ပိုတ်ဆံမကုန်ဘဲ သွားရမှာမို့အားတက်သရောပေါ့
ထုံးစံအတိုင်း ပြည်သစ်လုပ်ငန်းက တီအီ11 ကားကြီးပေးလိုက်တာဘဲ
ပြီးရင် ငပလီမှာတည်းဘို့ ဘန်ဂလိုစီစဉ်ပေးလိုက်တယ်လေ
နေချင်သလောက်နေတဲ့
စာရင်းစစ်အဖွဲ့တွေနဲအတူ ကျွန်မသူငယ်ချင်းတစ်ယောက်လဲခေါ်ခဲ့တယ်။
သွားဘို့ကားရှိပြီး နေစရာရပေမဲ့ စားစာရိတ်အတွက် ကြံဖန်ရသေးတယ်။
အသွားမှာ ပြည်က ကြက်သွန်တွေတင်သွားပြီး အပြန်မှာ သံတွဲက ငါးနီတူခြောက်တွေပြန်တင်ခဲ့တာပေါ့
အဲဒီလိုနဲ့ တီအီ11 ကားကြီးနဲ့ ပြည်ကနေ ရခိုင်ရိုးမတောင်တန်းကို ကျော်ပြီး
ငပလီကို ချီတက်ခဲ့ပါတယ်။
ကုန်တင်လို့ကြာတာရော လမ်းမှာနားနားနေတာရောနဲ့
ငပလီကို ည 11နာရီမှာ ရောက်တော်မူပါတယ်။
မီးမလာတဲ့အတွက် လှိုင်းသံတွေကိုသာကြားရပြီး ပင်လယ်ကိုရောက်ရောက်ချင်းမမြင်ရပါဘူး။
ကျွန်မတို့ဘန်ဂလိုက ကမ်းစပ်ကိုမေးတင်ထားတာမို့ ညဘက်လှိုင်းသံတွေ တ၀ုန်းဝုန်းကြားနေရတယ်။
ကျွန်မက မနက်စောစောနိုးတတ်တာမို့ မိုးလင်းလင်းချင်းပင်လယ်ကြီးကိုထွက်ကြည့်မိတယ်။
ကျွန်မဘ၀မှာ ရေပြင်အကျယ်ကြီးကို ဒီတခါပထမဦးဆုံးမြင်ဖူးတာပါ။
အိုး လှလိုက်တာ မပြောတတ်အောင်ပါဘဲ။
အဲဒါနဲ့ကမ်းခြေကို ဆင်းလျှောက်ဖြစ်တယ်။
သဲသောင်ပြင်က ရေပြန်ကျသွားတဲ့နေရာလေးတွေက သိပ်လှတာဘဲ။
ပန်းချီဆွဲထားသလို အကွက်ကလေးတွေပေါ်နေတယ်။
ဖိနပ်မစီးဘဲ တစ်ယောက်ထဲ လျှောက်သွားပစ်လိုက်တယ်။
နေနည်းနည်းထွက်လာတော့ ရေမကူးတတ်ပေမဲ့ ရေထဲဆင်းချင်လာတယ်။
ဘောင်းဘီလေးပြန်လဲပြီး ရေထဲကို ဘောကွင်းမပါဘဲ ဆင်းချသွားတာလေ။
ခဏလဲနေရော အိမ်လောက်ကြီးတဲ့လှိုင်းကြီးက ပုတ်လိုက်တာ
ဘာကိုမှ မသိတော့အောင်ဖြစ်သွားခဲ့တယ်။
သတိရလို့ကြည့်လိုက်တော့ သောင်ပြင်ပေါ်မှာ ခွေခွေကလေး
တော်သေးတာပေါ့ မနက်ပိုင်းလှိုင်းက ကမ်းခြေဘက်ပုတ်လို့
ညဘက်ဆို ပင်လယ်ထဲဆွဲခေါ်သွားတာတဲ့
အခြားလူတွေက ရေကူးတတ်လို့ ဆင်းသွားတယ်မှတ်နေတာတဲ့
တခါဆိုတခါဘဲ ကြောက်လဲကြောက်သွားတယ်။
နောက်နေ့တွေမှာတော့ လုံးဝမဆင်းတော့ဘဲ ဘန်ဂလို ၀ရံတာကနေ ထိုင်ကြည့်နေဖြစ်တယ်။
အခြားလူတွေကတော့ အစားတွေစားကြ လမ်းလျှောက်ကြ ရေဆော့ကြနဲ့ ဆူညံနေတာဘဲ။
ကျွန်မကတော့ တိတ်တိတ်ကလေး ပင်လယ်နဲ့ကမ်းခြေကို ထိုင်ကြည့်နေဖြစ်ခဲ့တယ်။
ညဘက်အိပ်ရင်လည်း လှိုင်းသံတွေကို သေချာနားထောင်ပြီးအိပ်ဖြစ်ခဲ့တယ်။

အဲဒီတော့မှ ပင်လယ်နဲ့ကမ်းခြေကို ချစ်သွားတယ်။ 1995ပေါ့။

1997မှာ ဘန်ကောက်ကိုရောက်တော့ ပတ္တရားကမ်းခြေကိုရောက်ခဲ့တယ်။
ငပလီကိုရောက်ဖူးထားတော့ အိုး ပတ္တရားကမ်းခြေကရေတွေက ညစ်ပတ်တယ်လို့
ပြောမိတယ်။
ဒါပေမဲ့ နိုင်ငံခြားသားအများကြီးတွေ့ခဲ့ရတယ်။
လိုချင်တာကို ငွေပေးရင် အချိန်မရွေးရနိုင်လို့ဘဲပေါ့။

လိုက်ပို့တဲ့ ယိုးဒယားအဖော်တွေက သဘောင်္သီးထောင်းဘို့အတွက် အကုန်ပြင်ဆင်လာပြီး
ကမ်းခြေရောက်မှ ထောင်းတာမို့ တော်တော်လေးစားကောင်းတယ်။
speed boat စီးခဲ့တယ်။
ဆင်စီးမလား။
စက်ဘီးစီးမလား။
အိုး လိုချင်တာအကုန်ရနိုင်တယ်နော် ငွေတော့လိုတာပေါ့။
ဒါပေမဲ့ တို့ငပလီက သဘာဝအတိုင်း ပိုလှတယ်လို့ ခပ်တည်တည်နဲ့ ကြွားခဲ့မိတယ်။

2005 New Year မှာတော့ သူငယ်ချင်းတွေခေါ်လို့ ချောင်းသာကမ်းခြေကို သွားခဲ့တယ်။
အင်း....ငပလီလောက်မလှပေမဲ့ ပတ္တရားထက်တော့ သာပါတယ်။
စိတ်တွေ ရှုပ်ထွေးနေချိန်မှာ သွားခဲ့ရလို့
ကမ်းခြေကအပြန်မှာ နည်းနည်းကြည်လင်လန်းဆန်းလာခဲ့တယ်။
အစားတွေက ငပလီထက်ပိုကောင်းကောင်းစားခဲ့ရတယ်။
အဓိကက ပင်လယ်စာတွေပေါ့။
သွားတဲ့သူငယ်ချင်းတွေကလဲ လူညီတော့ ပျော်စရာပါ။
နှစ်သစ်မကူးခင်အချိန်မှာ လိုက်နိုးပြီး ကမ်းခြေမှာ သွားအော်ကြတာလေ။
ချမ်းလိုက်တာလဲအရမ်းဘဲ။
လပြည့်ညမို့ ပိုပြီး အေးချမ်းနေတော့တယ်။
နောက်ထပ်ကမ်းခြေကိုလာဦးမယ်လို့ စိတ်ထဲက ဆုံးဖြတ်လိုက်တယ်။

စင်ကာပူခဏရောက်တော့ စင်တိုဆာ ကိုသွားဖြစ်တယ်။
အဲဒီတော့မှ သူတို့ကိုသနားတော့တာ။
နောက်ကျိနေတဲ့ရေနည်းနည်းလေးထဲမှာ ပျော်နေလိုက်ကြတာ
သူတို့ကို မြန်မာပြည်က ငပလီကိုခေါ်ပြချင်လိုက်တာ။

ဒါပေမဲ့ သဘာဝတရားကို အနိုင်ယူသွားတဲ့ ပြုပြင်ထားတဲ့အရာတွေက အများကြီးလေ

အရှေ့ကမ်းခြေတွေ အနောက်ကမ်းခြေတွေလည်းရောက်ခဲ့တယ်။

ဒါပေမဲ့ ငပလီကိုအလှဆုံးလို့ဘဲထင်နေခဲ့တယ်။

အခုလည်းစိတ်တွေမောနေလို့ ကမ်းခြေကိုသွားချင်တယ်။

ဒါပေမဲ့

အရင်လိုလွတ်လပ်တဲ့ စိတ်သွားတိုင်းကိုယ်ပါတဲ့ဘ၀မျိုးမဟုတ်ဘူးလေ။

ပင်လယ်ပြင်လို့ ဘ၀ကို ဟင်းလင်းပြင်ဖြစ်ချင်တယ်။

ဘယ်အရာကိုမဆိုလက်ခံနိုင်တဲ့ ကမ်းခြေလိုဖြစ်ချင်တယ်။

လှိုင်းပုတ်တဲ့ဒါဏ်ကိုလဲခံနိုင်တဲ့လူဖြစ်ချင်တယ်။

ရေပြန်အကျမှာ ကမ်းခြေကအညစ်အကြေးတွေမကျန်ခဲ့သလို

စိတ်ထဲမှာလဲ ကိစ္စတစ်ခုပြီးတိုင်း အဲဒီလိုဘာမှ မကျန်တဲ့အဖြစ်မျိုးလိုချင်တယ်။

အဲဒီတော့ ကမ်းခြေကိုသွားမှ ဖြစ်တော့မယ်။
ဒါပေမဲ့..............................