Thursday, October 21, 2010

TB and TV

ကျွန်မအလုပ်လုပ်တဲ့စက်ရုံမှာ ကျန်းမာရေးမကောင်းတဲ့ ၀န်ထမ်းတစ်ယောက်က ဆေးခွင့်တင်လာပါတယ်။
ကျွန်တော့်မှာ တီဗွီရောဂါ ရှိနေပါသဖြင့်တဲ့။

ကျွန်မလဲ ခဏတော့ ဖတ်ရင်းရပ်သွားတယ်။ အဲဒါကို အတူထိုင်နေတဲ့ admin manager က ထရီပါတယ်။

သူက တီဘီဖြစ်နေတာတဲ့။

သူရီပေမဲ့ ကျွန်မကတော့ မရီနိုင်ပါဘူး။

ကျန်းမာပါတယ် နေကောင်းပါတယ်လို့ပြောတဲ့လူတွေက ဥာဏ်နည်းလို့ပါတဲ့။
ရု့ပ်ရှိတဲ့လူတိုင်း ရောဂါရှိပါတယ်တဲ့

ဘုန်းကြီးဟောတာနော်

ကျွန်မ အပြင်းအထန်နေမကောင်းနေချိန်တွေမှာတော့ မဟာစည်ဆရာတော်ကြီးရဲ့

အသံခပ်မာမာနဲ့ နာတဲ့သဘောကတော့ နာမှာဘဲ မှတ်ဘို့က မိမိတာဝန်ဘဲလို့
အလုပ်ပေးတရားမှာ ပြတ်ပြတ်သားသားပြောတာကို ပြန်ကြားယောင်ပြီး နာတာကို မှတ်နေလိုက်တယ်။

တရားတော့ ထူးထူးခြားခြားမသိပေမဲ့ အနာတော့ တော်တော်သက်သာသွားပါတယ်။

ကဲ တီဗွီဇတ်လမ်းလေး ဆက်ပြောမယ်။

တီဘီ.........ဆိုတာ ကျွန်မနဲ့မစိမ်းတဲ့ရောဂါ တစ်မျိုးပေါ့။
စိမ်းတဲ့ရောဂါက ခပ်ရှားရှား။

အသက် (40)အထိ တခါမှ ပေါင်တစ်ရာ မပြည့်ခဲ့ပါဘူး။

ကျွန်မအသက် (15)နှစ် (10)တန်းတက်တဲ့နှစ်ပေါ့။

လူစိတ်ဖိစီးမှုနဲ့ အကြောင်းတရားတွေ ပေါင်းစုံတဲ့အခါမှာတော့
ကျွန်မနဲ့ TB စတင်တွေ့ခဲ့တာပါဘဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း (30)က နယ်မြို့ကလေးတမြို့မှာ
TB ရောဂါကို X'Ray ရိုက်ဘို့ ပြည်သူ့ဆေးရုံကြီးကို သွားခဲ့ရတယ်။

သာမန်လူနာတွေအတွက် X'Ray ကို ဆေးရုံအဆောက်အဦးထဲမှာ ရိုက်ပေးပေမဲ့
TB သမားတွေအတွက်တော့ ဆေးရုံဒေါင့်က တထပ်အဆောက်အဦးလေးမှာ သီးသန့်ထားခဲ့တယ်။

အဲဒီတထပ်အဆောက်အဦးလေးမှာ X'Ray ရိုက်တဲ့နေရာလေးကို အခန်းကန့်ထားတယ်။

လွတ်နေတဲ့ အခြားတဖက်ခြမ်းကိုတော့ ဆေးရုံ-ထောင် လုပ်ထားတယ်။

ထောင်ကျသမားတွေအတွက် ဆေးရုံပေါ့။

အသက်(15)နှစ်အရွယ် မိန်းခလေးတစ်ယောက် ဓါက်မှန်ရိုက်ဘို့ အသွားမှာ
ဖြစ်တဲ့ စိတ်ခံစားမှုကတော့ တော်တော်လေးပြင်းထန်ခဲ့တယ်။
အဆောက်အဦးကလဲ ညစ်ပတ်ပြီး ထောင်သမားနဲ့တွဲထားတော့ တော်တော်လေး အနံမကောင်းဘူး။

ဒါပေမဲ့ အဲဒီမှာဘဲ ဓါက်မှန်ရိုက်ခဲ့ပြီး TB ရောဂါရှိပါတယ်လို့ ဆရာဝန်က အသိအမှတ်ပြုခံခဲ့ရတယ်။

အဲဒီခေတ်တုန်းက TB ဆိုရင် လူတွေက ကြောက်ကြတာ အခုလဲ ကြောက်တာပါဘဲလေ။

ကျွန်မတို့မြို့မှာ TB ကုတဲ့ဆရာဝန်က ဒေါက်တာဦးစိုးမြင့်တဲ့

တခါတလေ ဆရာဝန်ဆိုတဲ့လူတွေကို လေးစား အထင်ကြီးခဲ့တယ်။

သူတို့ကို အချိန်မရွေးကူးနိုင်တယ်လို့ ထင်ရပေမဲ့ အဲဒီလူတွေအတွက်

သူတို့ဘ၀ကိုပေးခဲ့တယ်။

ကဲ အဲဒီခေတ်က TB ဘယ်လိုကုသလဲ စလိုက်မယ်။

ထိုးဆေးကို တစ်လ နေ့တိုင်းထိုးရတယ်။

နောက်(4)လ တစ်ပတ်(2)ကြိမ်ထိုးရတယ်။

သောက်ဆေးကိုတော့ စဖြစ်ကတည်းက ညတိုင်း (6)ပြားတစ်နှစ်လောက် သောက်ရတယ်။

ညအိပ်ခါနီးတိုင်း ဆေးခြောက်ပြားကို ရေနဲ့မျှောချရတဲ့ဘ၀ က သိပ်ကိုဆိုးပါတယ်။

ကြာတော့ အဲဒီဆေးအနံကိုလဲ မခံချင်တော့ဘူး။

အဲလိုနဲ့ တစ်နှစ်လောက်ကုလိုက်တဲ့အခါမှာ ကျွန်မနဲ့ TB ရေစက်ကုန်တယ်လို့
ဆရာဝန်က အသိအမှတ်ပြုလိုက်ပါတယ်။


အဲလိုနဲ့ နောက်ထပ် 24နှစ်လောက်အကြာ အသက် (39)နှစ်မှာတော့ ရေစက်ကုန်ပြီလို့ ထင်ရတဲ့

TB နဲ့ ဒုတိယအကြိမ်ပြန်တွေ့ပါတော့တယ်။

အသက်(15)နှစ်တုန်းက အမေညွှန်ကြားချက်တွေအတိုင်း လုပ်ခဲ့ရတာလေ

အခုတကြိမ်မှာတော့ အသက်ကလဲ (40)နားနီးနေတော့ ကိုယ်တိုင်ဘဲ ကြဲရတော့တာပေါ့။

ဘယ်ဆရာဝန်နဲပြမလဲပေါ့။

ကျွန်မက အလုပ်တဖက်နဲ့နေမကောင်းတဲ့လူ ဆေးဘိုးကလဲ ကုန်ဦးမှာဆိုတော့
အလုပ်ထွက်ပြီးတော့လဲ နားလို့မဖြစ်
အဲဒီတော့ အကြာကြီးစောင့်ရတဲ့ အထူးကုတွေဆီကို ဘယ်အချိန်ပေးသွားနိုင်မလဲ

အဲဒါနဲ့ ဆေးခန်းမှာ လူမရှိပေမဲ့ စေတနာရှိတဲ့ ဆရာဝန်တစ်ယောက်ကို ရွေးချယ်မိဘို့
ကံတရားက ညွှန်ပြလိုက်ပါတယ်။

သူ့နံမည်က ဒေါက်တာ သန္တာမွှန်း တဲ့။

သူလဲ သူ့ဘ၀ကို TB လူနာတွေကြားထဲမှာ မြုပ်နှံထားတဲ့ လူတစ်ယောက်လို့ မြင်ပါတယ်။

အခုလဲ လှိုင်သာယာဘက်က TB ဆေးရုံမှာ

လိုအပ်တဲ့ စစ်ဆေးမှုတွေအားလုံးလုပ်ပြီးချိန်မှာတော့ TB ပါလို့ သူက ပြောပါတယ်။

ကျွန်မကလဲ ကိုယ့်ရာဇ၀င်ကို အကုန်ပြောထားတဲ့သူပါ။

ဒုတိယအကြိမ်ပြန်ဖြစ်တာမို့ ကုရတာ ပိုများမယ်တဲ့

သူဆေးခန်းမှာ ကျွန်မကို အချိန်ပေးပြီးသေချာရှင်းပြတယ်။

(56)ရက်နေ့တိုင်းရက်ဆက် ဆေးထိုးရမယ်ဆိုတဲ့အသံလဲကြားရော

အားနည်းနေတဲ့အချိန်လဲဖြစ်တော့ လူကို မူးနောက်သွားတာပါဘဲ။

နောက်ပြီး ဆေးကို ထိရောက်အောင် သောက်ဘို့လဲ လိုတယ်တဲ့။

ကဲ ထိရောက်အောင် ဘယ်လိုသောက်မလဲ ဆိုပြီး သူက ကျွန်မအတွက် ကူစဉ်းစားပေးတယ်။

ကျွန်မက ရွှေပြည်သာမှာ အလုပ်လုပ်တဲ့လူ (5)နာရီရုံးမဆင်းခင် အစာနဲ့ဝေးတဲ့အချိန်မှာ
ဆေးကိုကြိုသောက်လိုက်ပါ တဲ့။

အိမ်ပြန်ရောက်ချိန် (6)နာရီမှာ ဆေးထိုးပါတဲ့။

နောက်တစ်နာရီလောက်နေမှ ညစာကိုစားပါတဲ့။

တစ်လအရင်စမ်းလုပ်ပြီးမှ ပြန်စစ်ဆေးမယ်ပေါ့။

ကျွန်မက အဲဒီအကြောင်းကို ဘယ်သူ့မှမပြောဘဲ တစ်ယောက်တည်းကြဲနေတာဆိုတော့

ဆေးခန်းကအထွက် တစ်ယောက်ထဲ ဧပြီလနေပူပူ လူရှုပ်တဲ့ ရွှေဘုံသာလမ်းထဲမှာ

ဘာကိုမှ မမြင်အောင် ဖြစ်လာလို့ ကားငှားပြီး အိမ်ပြန်လာခဲ့တယ်။

လူကလဲ ပါးလှပ်နေပြီ ပေါင်90လောက်ကိုဖြစ်နေတာလေ။

ဟုတ်ပြီလေ ဆေးစထိုးဘို့ကိုတော့ သင်္ကြန်ပိတ်ရက်မတိုင်ခင် စလိုက်ပါတယ်။

အဆင်မပြေရင်လဲ သင်္ကြန်ပိတ်ရက်နဲ့ဆိုတော့ အိမ်မှာနားလို့ရတယ်ပေါ့။

ကဲဆေးထိုးဘို့အတွက် အိမ်နားက အထူးကုဆေးခန်းတစ်ခုကိုသွားပြောပါတယ်။

အဆင်မပြေပါ။ ထိုးမပေးနိုင်ဘူးတဲ့။

နောက်ထပ် ကျွန်မအမေနဲ့ ပလဲနံပသင့်ပြီး အမြဲပြနေတဲ့ အိမ်နားက M.B.B.S ဆရာဝန်တစ်ယာက်ဆီကို
သွားဆွေးနွေးပါတယ်။

ထိုးမပေးနိုင်ပါတဲ့။

အင်း..........ဆေးကုရတာအရမ်းခက်ပါဘဲ။

အကောင်းဘက်ကလှည့်စဉ်းစားပေးလိုက်ပါတယ်။

အဲဒီဆေးက လူ့ခန္ဓာကိုယ်အလိုက် ချိန်ဆထိုးရတာ။ နောက် shock ရတတ်တာမို့
ကြောက်ပြီး ငြင်းကြတာလို့

စိတ်ပျက်ပျက်နဲ့ တစ်ယောက်ထဲ လမ်းလျှောက်သွားရင်း

အိမ်နဲ့ တစ်မှတ်တိုင်လောက်မှာရှိတဲ့ ဆေးခန်းအသစ်ကလေးဆီရောက်သွားပါတယ်။

မောလဲမော စိတ်ကိုလဲ မနည်းထိန်းထားရတဲ့နေ့ပေါ့။

ဝေဒနာ ခံစားရတာထက် ဝေဒနာကို ကုဘို့က ပိုခက်တဲ့ဘ၀ပါ။

အဲဒီဆေးခန်းကလေးမှာ MSc ဆက်တက်နေတဲ့ ဆရာဝန်မ ငယ်ငယ်လေးနဲ့တွေ့ပါတယ်။

သူက ကျွန်မကို သေချာစိတ်ဝင်တစားနဲ့ပြန်ဆွေးနွေးပြီး သူနေ့တိုင်းထိုးပေးမယ်လို့ ပြောပါတယ်။

ကျွန်မထက်အသက် (10)နှစ်ကျော်လောက်ငယ်မယ်ထင်ပါတယ်။

ဒါပေမဲ့ သူဟာ တကယ့် ဆရာဝန်ကောင်းပီသစွာ ကူးစက်ရောဂါဖြစ်နေတဲ့လူနာတစ်ယောက်ကို

ဆက်ဆံလိုက်တာကိုကြည့်ပြီးအော် လူ့ဘ၀က နေပျော်ပါသေးတယ်ဆိုတဲ့ စိတ်ဝင်လာပါတယ်။

ညနေ(5)နာရီ ရုံးအပြန်ကားပေါ်မတက်ခင်မှာ ဆေး(2)တောင့် သောက်ရတယ်။

ဗိုက်ထဲမှာ ဘာအစာမှ မရှိတဲ့အချိန်မို့ ကျွန်မကလဲ သေချာစောင့်ကြည့်တတ်သူမို့

အစာအိမ်ထဲမှာ ပူလောင်တဲ့ ခံစားမှုကိုရတယ်

ပြီးတော့ ရုံးကားပေါ်တက် အိမ်ရောက်ရောက်ချင်း ဆေးခန်းကို ဆေးထိုးဘို့ပြေး

ဆေးစထိုးလိုက်တာနဲ့ ကိုယ်ကလဲ အားနည်းနေတဲ့အချိန်ကြောင့်လဲ ဖြစ်နိုင်ပါတယ်

နားရင်းပါးရင်းတွေတောင် ပူထူတက်လာတယ်ထင်ပါတယ်။

အဲဒီလိုနဲ့ 28 ရက်ပြည့်ပြီးချိန်မှာတော့ အထူးကုဆီ ကို တစ်ခေါက်သွားရပါတယ်။

ကျွန်မ သလိပ်မှာ ပိုးတွေ့သေးတယ်တဲ့

ပုံမှန်လူတွေဆိုရင် တစ်လလောက် ထိုးပြီးရင် ရောဂါမပျောက်တောင် သလိပ်မှာ ပိုးမတွေ့ဘူးတဲ့။

ဆေးစာရွက်ကို လှမ်းပေးရင် မျက်နှာခပ်တင်းတင်းနဲ့ပြောလိုက်တဲ့ သူနာပြုမလေးကို

မျက်စိထဲက မနည်းဖျောက်ယူရပါတယ်။

ကျွန်မက ခေါင်းမာတဲ့လူမျိုးပါ။

မလုပ်ချင်ရင် သေခါမှ သေရော ကုမှာမဟုတ်ဘူး။

အေး ကုပြီဆိုရင်လဲ အဲဒီဆေးသောက်ရင်း အသေခံမဲ့လူမျိုး

သူ့မျက်နှာက ဆေးမှန်မှန်မသောက်ဘူးလား ဆိုတဲ့ အကြည့်မျိုးလေ

ကဲထားပါ။

ပိုးရှိလဲ နောက် (28)ရက်ဆက်ထိုးရမှာဘဲ။

အဲဒီတော့ carry on ပေါ့။

အလုံး(30)လောက်နေ့တိုင်း ထိုးပြီးချိန်မှာတော့ ကျွန်မ တင်ပါးနှစ်ဘက်စလုံး ယောင်ကိုင်းနေတာဘဲ

ဆေးထိုးခါနီး ဆရာဝန်မလေးက အစ်မရယ် ထိုးရမှာတောင် အားနာတယ်တဲ့

အားမနာပါနဲ့ ထိုးပါလို့ ပြန်အားပေးလိုက်ပါတယ်

မဟုတ်ရင် သူလက်တွန့်နေမှာစိုးလို့လေ

ဆေးထိုးပြီးပြန်လာရင် ကျွတ်ကျွတ်အိတ်နဲ့ ရေခဲထည့်ပြီး တနေ့ (3)ခါလောက် အနည်းဆုံးကပ်ရတယ်

မဟုတ်ရင် နောက်တနေ့ထပ်ထိုးဘို့ အဆင်သင့်မဖြစ်ဘူး။

ရုံးကား ပေါ်က အဆင်းမှာ မနည်းအားယူပြီးထရတယ်။

အဲလိုဖြစ်နေပေမဲ့ ကျွန်မကတော့ နေ့တိုင်းရုံးတက် လုပ်စရာရှိတာတွေကို

ဆက်လုပ်နေဆဲဘဲ။

ကျွန်မပတ်ဝန်းကျင်ကလူတွေကို ရောဝါမကူးအောင်
အတတ်နိုင်ဆုံးဆင်ခြင်နေပြီး သူတို့က အခုထိ သိတောင် သိမှာမဟုတ်ဘူး။

အဲဒီလိုနဲ့ (56)ကြိမ်မြောက်ဆေးလုံးကို ထိုးပြီးချိန်မှာတော့

ပထမဆင့်အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

အဲဒီဆရာဝန်မလေးကိုလဲ ကျေးဇူးတင်လိုက်တာ အခုအချိန်အထိမမေ့ဘူး။

သူ့ကို အကျီင်္အဖြူလေးတစ်ထည် လက်ဆောက် ၀ယ်ပေးဖြစ်တယ်။

သူ့ရဲ့ စိတ်ထားလေးအတွက်ပေါ့။

ကဲဆေးထိုးတဲ့အလုပ်တော့ပြီးပြီ

ဆေးသောက်တဲ့အလုပ်ကို (8)လ တိတိလုပ်ရတယ်။

စကုချိန်ကနေ (8)လမြောက်တဲ့အချိန်မှာတော့ ဘာပိုးမှမရှိတော့ပါတဲ့။

သလိပ်စစ်တဲ့နည်း
X'Ray
သွေးစစ်တဲ့နည်း
အရေပြားထဲဆေးထိုးတဲ့နည်း

အဲလိုတော့ သိသလောက် စစ်ကြည့်တာ TB က နှုတ်ဆက်သွားပါပီတဲ့။

အဲဒါတွေကြောင့် ကျွန်မစားပွဲပေါ်ရောက်လာတဲ့ တီဗွီရောဂါ လို့မှားရေးထားတဲ့

ခွင့်တိုင်စာလေးကို ဘယ်လိုစိတ်ထားမျိုးနဲ့ ရီရက်ပါ့မလဲ။

Wednesday, October 20, 2010

သည်းခံပါရှင်။

မြန်မာ့အသံမှာလာတဲ့သတင်းကို နားထောင်ရင်း သည်းခံပါရှင် လို့ပြောသံကို ပြန်ကြားဖြစ်တယ်။

အခုတစ်ခေါက် ပုဂံခရီးမှာပေါ့။

စိတ်တွေရှုပ်ထွေးနေတာနဲ့ ပုဂံဘက်သွားမယ်လေ ရထားနဲ့သွားမယ်ပေါ့ အေးအေးဆေးဆေးလို့ စီစဉ်လိုက်တယ်။

ရထားက ညနေ(4)နာရီထွက်တာမို့ (3)နာရီခွဲလောက် ဘူတာရောက်တော့

ပုဂံမှ ရန်ကုန်သို့ ထွက်ခွာလာတော့ ရထားအမှတ်(......)သည် ရန်ကုန်အ၀င်နောက်ကျပါသဖြင့် ရန်ကုန်မှ ည(9)နာရီခန့်မှသာ ထွက်ခွာနိုင်ပါမည်တဲ့။

အဲလို တောင်းပန်သံကို အရင်ကြားလိုက်ရပါတယ်။

အင်း...ညနေ(4)နာရီနဲ့ ည(9)နာရီကြား ဘူတာမှာမထိုင်ချင်တာနဲ့ ကားငှားပြီးအိမ်တစ်ခေါက်ပြန်ခဲ့ပါတယ်။

အေးလေ (9)နာရီတော့ထွက်မှာပါပေါ့။

ဒါနဲ့ ည(8)နာရီမှာ နောက်တခါ ကားထပ်ငှားပြီး ရန်ကုန်ဘူတာကြီးကို လာခဲ့ပါတယ်။

မသွားခင်ရက်က ဗုံးတွေ့ထားတာမို့ အလာလမ်းမှာ လူတွေရှင်းနေတယ်။

ည(9)နာရီထိုးတော့ မနေနိုင်တာနဲ့ ဒုရုံပိုင်ချုပ်လို့ ခန့်ခန့်ထည်ထည်ရေးထားတဲ့ အခန်းထဲကို ၀င်ပြီး
မေးတော့ မကြာခင် တွဲထိုးပါတော့မယ်တဲ့။ ခဏလောက်စောင့်ပါတဲ့။

သည်းခံရပြန်ရော

ည(10)နာရီမှာတော့ ရထားပေါ်ကိုရောက်ပါပြီ။

လူတွေက များမှများ အထူးတန်းမှာ တတွဲလုံးမှ (2)ယောက်ဘဲရှိပါတယ်။

ကျွန်မက အိပ်စင်ဝယ်ထားပါတယ်။

အိပ်စင် 20မှာ 7ဦးဘဲ ပါပါတယ်။

ရထားမထွက်ခင် တံခါးလာခေါက်လို့ ဖွင့်လိုက်တော့ မီးရထား ၀န်ထမ်းပါ
မျက်နှာသုတ်ပုဝါနဲ့ ဆပ်ပြာခဲလေးလာပေးပါတယ်။
အင်း မဆိုးဘူးပေါ့။

ခဏနေတော့ နောက်ထပ်လာခေါက်ပြန်ပါတယ်။

ရထားက မီးစက်ကြီးမောင်းမရလို့ air con မရပါဘူးတဲ့။ အဲဒါကြောင့် 15000 တန်လက်မှတ်ကို 4000 လာပြန်အမ်းတာပါတဲ့။

အင်း သည်းခံပါရှင်ပေါ့။

ပြန်မအမ်းလဲ သည်းခံရမှာမို့ ပြန်အမ်းတာကို ကျေးဇူးတင်လိုက်ပါတယ်။

မတတ်နိုင်ဘူးလေ air con မရတော့လဲ တံခါးဖွင့်အိပ်ပေါ့။

အဲလိုနဲ့ ည (10)နာရီခွဲလောက်မှာ ရန်ကုန်ဘူတာကြီးကနေ အောင်မြင်စွာ ထွက်ခွာလာပါပြီ။

ရထားတခါမှ မစီးဘူးလို့လိုက်တာတဲ့ညီမလေးတစ်ယောက်ကို ပြောဖြစ်တယ်

ရထားစီးရတာ မြင်းစီးရသလို ခုန်တယ်လို့

တို့မြန်မာပြည်ရထားကိုပြောတာပါ။

စလုံးက ရထားတွေကတော့ ငြိမ်တာပေါ့။

အဲလိုငြိမ်လို့လဲ နည်းနည်းကွေ့တက်ရတဲ့ Jurong East အ၀င်မှာ သင်တန်းကောင်းကောင်းမတက်ထားတဲ့
တရုတ်မတွေရဲ့ အနင်းကိုလဲ ခံခဲ့ရတယ်။

အဲလိုနဲ့ မိုးလင်းတော့ ရထားက ရပ်သွားဘယ်ရောက်နေပါလိမ့်ပေါ့။

အောင်လံမြို့။

ဟာ ဒါဆိုအဝေးကြီးလိုပါသေးလားပေါ့။

အဝေးကြီးသာလိုသေးတာ ရထားက ရပ်နေတာ (1)နာရီလောက်ရှိပြီ။

မနေနိုင်တာနဲ့အောက်ဆင်းမေးတော့ ရှေ့မှာ မိုးရွာလို့ လမ်းပျက်တာပြင်နေတာပြီးမှ မောင်းလို့ရမယ်တဲ့။

ကဲ စိုင်းထီးဆိုင် သီချင်းထဲကလိုပေါ့ စောင့်လက်စနဲ့ စောင့်ဦး အချစ်ဆုံးပေါ့။

အောင်လံဘူတာမှာဘဲ ဆင်းပြီး ပဲပြုတ်ထမင်း ၀ယ်စားလိုက်တယ်။

ဆန်နဲ့ဆီလေးက ကောင်းတော့ လျှောကနဲဝင်သွားပါတယ်။

အစာကြေချိန်လောက်မှ ရထားထွက်တယ်။ ထွက်ပြီး 1နာရီလောက်ကြာမှာတော့
ဟဲဟဲ ရထားက ရပ်သွားပြန်ရော။

ဒီတခါတော့ သည်းခံပါရှင် အဆင့်မဟုတ်တော့ပါဘူး။

ရထားစီးခရီးသည်များခင်ဗျာ ရှေ့မှာ တံတားကျိုးနေပါသဖြင့် ဆက်သွားမရပါတဲ့။
ကျေးဇူးပြုပြီး ကားလမ်းမှာစောင့်ဆိုင်းနေတဲ့ကားများနဲ့ ကားလမ်းအတိုင်းတံတားအကျော်ကိုသွားပါမယ်။

တံတားဟိုဘက်မှာတော့ ပုဂံဘက်ကထွက်လာတဲ့ ရထားတစ်စီးပေါ်ကို ပြန်ပြောင်းစီးရပါမယ်တဲ့။

အင်း သည်းမခံနိုင်တော့ပါ။

ဒါပေမဲ့ ဘယ်မြို့နဲမှမနီးတဲ့ နေရာဆိုတော့ သည်းခံရဦးမှာပေါ့။

ထုံးစံအတိုင်းရထားလမ်းနဲ့ကားလမ်းက ဝေးတော့ ကားပေါ်ရောက်အောင် အထုတ်တွေထမ်းသယ်ရပါတယ်။

ကားလမ်းရောက်တော့ ဆင်ပေါင်ဝဲမြို့ လို့ ဖတ်လိုက်ရပါတယ်။

ကား နာရီဝက်လောက်စီးပြီးတဲ့အခါမှာ ကားလမ်းမကနေ ရထားလမ်းမရောက်အောင် ပြန်လျှောက်ရပြန်ပါတယ်။

အဲဒီအချိန်မှာ ရထားနဲ့သွား သိပ်ကောင်းတယ်လို့ ညွှန်းတဲ့သူငယ်ချင်းကို ဖုံးဆက်ဖြစ်ပါတယ်။

ငါတော့ ခါကာဘိုရာဇီတောင်သွားတက်ရင်တောင် အဲလောက်ပင်ပန်းမှာ မဟုတ်ဘူးလို့

အဲလိုနဲ့ နောက်ထပ်ရထားတစ်စီးပေါ်ပြန်တက်ပြီး ပုဂံဘက်ကို ဆက်ထွက်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ ဂျပန်က ကျည်ဆံရထားတို့ ဘာတို့ကိုတွေးရင်း စီးလာတာပေါ့။

အဲဒီလို အခါပေါင်းများစွာ သည်းခံပြီးတဲ့အခါမှာ

ပုံမှန်မနက် (8)နာရီရောက်ရမဲ့ ပုဂံမြို့ကြီးကို ည(8)နာရီမှာ ဆိုက်ရောက်လာပါတော့တယ်။

မိုးတွင်းမှာ ပုဂံကို ခရီးသွားမယ်ဆိုရင်တော့ ရထားဆိုတာ စိတ်ကူးထဲတောင် ထည့်ဘို့ မသင့်တော်ပါကြောင်း။

မိုးကင်းတဲ့ ဆောင်းတွင်းနဲ့နွေမှာလဲ အင်း.............သည်းခံဘို့လိုလာရင် သည်းခံရဦးမယ်ထင်ပါတယ်။

(အမှားပြင်ပေးတဲ့ညီမလေး ကျေးဇူးပါ။ သည်းခံပါ)