Thursday, March 31, 2011

ပင်စင်စား

ကျွန်မရုံးလာတဲ့လမ်းပေါ်မှာ လှိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ရှိတယ်။

လကုန်ရက်နီးတိုင်း အဲဒီဘဏ်ထဲမှာ အသက်ကြီးပိုင်းလူတွေ များများ ရပ်နေတာကိုတွေ့ရတယ်။

ပင်စင်လာထုတ်ကြတာလေ။

သူတို့ကိုမြင်တိုင်း ကျွန်မစိတ်ထဲမှာ တမျိုးခံစားရတယ်။

ကိုယ်တိုင် အသက်ကြီးပိုင်းရောက်လာလို့လဲ ဖြစ်နိုင်ပါတယ်။

အသက်ကြီးလို့ ပင်စင်ယူရတဲ့အချိန်မှာ

လူအများစုဟာ သာမန်စားဝတ်နေရေးအတွက် စိတ်ချရတဲ့အခြေအေနမျိုး

မရှိပါဘူး။

မြန်မာတွေမို့ သားသမီးတွေ ဆွေမျိုးတွေက ကြည့်ရှုကြလို့သာ

ဘ၀နေ၀င်ချိန်မှာ တိမ်တောက်ကြရတဲ့ လူမျိုးပါ။

ကျွန်မတို့ မြန်မာတွေမှာ ကံတရားပါဘဲ လေ ဆိုပြီး

ဘ၀ကို ကံလက်ထဲ ပစ်ထည့်ထားနိုင် လို့သာပေါ့။

နောက် တာဝန်ရှိသူတွေက တွင်တွင်သုံးတဲ့စကားလုံးတွေလဲ ရှိသေးတယ်။

ကိုယ်ထူကိုယ်ထ တဲ့

စရိတ်မျှပေး တဲ့

စကားလုံးတွေသာလှတာပါ

တကယ်လက်တွေ့ မပြည့်စုံတဲ့လူတွေရဲ့ဘ၀က မလှဘူး။

စင်ကာပူ ခဏနေတော့လဲ စားသောက်ဆိုင်တွေမှာ

အသက်ကြီးတဲ့လူတွေက စားပွဲသုတ် ပန်းကန်သိမ်း တံပျက်လှည်း

လုပ်တာကို ကြည့်ပြီး ရောက်ခါစမှာ စားဘို့ ခက်နေတယ်။

ကျွန်မတို့လူမျိုးက ကိုယ်ဘဲ အပင်ပန်းခံလိုက်မယ်

ကိုယ့်မိဘ အိုကြီးအိုမ ဖြစ်နေမှ လုပ်နေတာကို ဘယ်လို စိတ်နှလုံးနဲ့

ကြည့်နေနိုင်ပါ့မလဲ။

အဲ့လိုကြည့်မနေနိုင်လို့ လုပ်လိုက်တာ လွဲသွားတာလဲ ရှိခဲ့တယ်။

တနေ့ကျွန်မနယ်ပြန်သွားတော့ အသက်(55)နှစ်အမေက ရုံးကနေ မောကြီးပမ်းကြီးပြန်လာတာတွေ့တော့

အမေပင်စင်ယူချင်ယူပါလား သမီးလုပ်ကျွေးပါ့မယ်လို့ပြောတုန်း

အမေကလဲ ရုံးက လူကြီးနဲ့အဆင်မပြေလာတဲ့နေမို့

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ကြုံပြီး

အသက်(55)နှစ်မှာ လုပ်သက်နှစ်(30)ပြည့် ပင်စင်တင်လိုက်ပါရော။

ပင်စင်ယူပြီး အိမ်မှာလဲနေရော Depression ၀င်တော့တာပါဘဲ။

ညဘက်အိပ်မပျော်တာတို့။ လူတွေက ငါ့ကို ဘယ်လိုဆက်ဆံကြတာတို့

ထိုင်နေရင်း ၀မ်းနည်းလာလို့ ငိုတာပါတို့

ဖြစ်ကုန်ပါလေရော။

နောက်ဆုံးတော့ စိတ်ရောဂါဆိုင်ရာ ဆရာဝန်ဆီပြပြီး ဆေးသောက်လိုက်မှဘဲ

နည်းနည်း ပြန်တည်ငြိမ်လာတော့တယ်

သူ့ကို နားခိုင်းလိုက်တာ ကျွန်မ မှားသွားတယ်လေ။

တနေ့မှာတော့ လူဆိုတာ အိုရမှာပါ

ကိုယ်အိုတဲ့အချိန်မှာရော..........

Sunday, March 27, 2011

မြန်မာ့ပညာတတ်.......မြန်မာ့ဓလေ့

ကျွန်မက ပညာတော့ သိပ်မတတ်ဘူး။ လက်မှတ်တွေ အများကြီးမရှိဘူး။

ဒါပေမဲ့ ပညာတတ်တဲ့လူတွေကို အထင်ကြီးတယ် လေးစားတယ်။

တခါတလေ ပညာတတ်နဲ့ ငွေကြေးက နည်းနည်း ဝေးနေပေမဲ့

ပညာတတ်တွေကို လေးစားတယ်။

ကျွန်မက 1987 မတိုင်ခင်ကျောင်းပြီးတဲ့လူပါ။

ကျွန်မတို့တုန်းက ပညာသင်ယူမှုကို ပြန်စဉ်းစားဖြစ်တယ်။

ဆရာဝန်တို့ အင်ဂျင်နီယာတို့ ဆိုရင်တော့ တော်တော် လူကြိုက်များတဲ့လိုင်းပေါ့။

ကျွန်မရဲ့ရည်ရွယ်ချက်က ရန်ကုန်မြို့မှာ ကျောင်းတက်ချင်တာ

တကယ်တော့ အိမ်ကအမေရဲ့ အုပ်ချုပ်မှုအောက်က လွတ်ချင်တာ

ဘယ်လိုင်းကိုလျှောက်ရင် ကောင်းမလဲ စဉ်းစားကတည်းက

ကျွန်မတို့မြို့မှာ ဒေသကောလိပ်မတတ်ရတဲ့ လိုင်းကိုရွေးတာ

ပထမ ဘာဖြစ်ချင်လဲ

ကိုယ်ရထားတဲ့အမှတ်နဲ့ ဆရာဝန်လိုင်းမရတာတော့ သေချာပြီ

အဲတုန်းက အမှတ်ကောင်းရင် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ဆရာဝန်လိုင်းလျှောက်ချင်လျှောက်ရမှာ

ဒါပေမဲ့ အသက်နည်းနည်းကြီးလာတော့

ကျွန်မ ဆရာဝန်မဖြစ်ခဲ့တဲ့အတွက် ဘ၀ကိုကျေးဇူးတင်ခဲ့တယ်။

အင်ဂျင်နီယာက လူကြိုက်များတဲ့ထဲပါတော့ ပထမဦးစားပေး

နောက် ရန်ကုန်မှာဘဲ တက်ရမဲ့ စီးပွားရေးတက္ကသိုလ်

နောက် ရန်ကုန်မှာဘဲ တက်ရမဲ့ မနုသ ဗေဒ

ဆိုပြီး 3ခု ထည့်လိုက်တယ်။

ဘာလိုင်းရတယ် ဆိုတာ မသေချာပေမဲ့ ရန်ကုန်တက်ရမှာတော့ သေချာပြီလေ

ဟဲ ဟဲ အဲ့တော့ ထွက်တော်မူနန်းကခွာဘို့

အထုတ်အပိုးပြင်တာပေါ့။

အိပ်ယာတလိပ်နဲ့ သေတ္တာတလုံးပါဘဲ။

နောက်ဆုံးတော့ ဘ၀ကပေးတဲ့ စီးပွားရေးတက္ကသိုလ်ကိုရောက်ခဲ့တယ်။

အဲဒါက ကျွန်မအတွက် ကံကောင်းတယ်လို့ပြောရမယ်။

ကျွန်မက ဂဏန်းတွေကို စိတ်ဝင်စားပါတယ်။

ဒါပေမဲ့ စာရင်းကိုင်လောကမှာ ပုဇွန်တွေများတယ်။

အသက်(16)နှစ်ကျော်လောက် ရန်ကုန်ကျောင်းတက်ဘို့ အဆောင်ရောက်လာတာပေါ့

ရန်ကုန်ကို အဆောင်လာနေတဲ့ နယ်ကလူတွေကို လေ့လာကြည့်တယ်

ပထမတစ်နှစ်တော့ အိမ်က ချုပ်ပေးလိုက်တဲ့ တောပုံကလေးတွေနဲ့

နောက်နှစ်တွေလဲ ရောက်ရော အိုး..........ပုံစံတွေက လုံးဝကို ပြောင်းလဲသွားတာပါ့

ကျွန်မတို့ ရန်ကုန်နဲ့နီးတဲ့ ပဲခူးကလာတာမို့ ပထမနှစ်ကတည်းက

ပြောင်းသွားတာပါဘဲ။

အဆောင်မှာလူပေါင်းများစွာ နယ်ပေါင်းများစွာက နေရတယ်

လူမှုဆက်ဆံရေး၊

အိမ်ကပေးတဲ့ငွေကို လောက်ငှအောင် ချင့်ချိန်သုံးတတ်တာ

ကိုယ့်အသိစိတ်နဲ စာမေးပွဲအောင်ရေး

တကယ့်ပညာတွေကို တက္ကသိုလ်က လေ့ကျင့်ပေးလိုက်တာလေ

ကျွန်မ ငယ်ငယ်က လူတော သိပ်တိုးဘူး။

နှစ်ပတ်လည် ညစာစားပွဲဆိုတာ ယောက်ကျာင်္းလေးဆောင်နဲ့ မိန်းခလေးဆောင်ပေါင်းပြီးလုပ်ကြတာ

နောက်ပြီး ယောက်ကျာင်္းလေးဆောင်မှာ သွားလုပ်တာ

ထိုင်တော့ မိန်းခလေး ယောက်ကျာင်္းလေး တစ်ယောက်ခြားထိုင်ရတာ

ပထမနှစ် ညစာစားပွဲမှာ ကျွေးတဲ့ ဒန်ပေါက်ကို မစားဘဲ ပြန်ခဲ့တာ

အဲ့လို ဖြစ်ခဲ့ပေမဲ့ နောက်နှစ်များမှာတော့ ဟဲ ဟဲ

ဆောင်ပုဒ်တွေက အများကြီး

မစွံ တောင် တက်

မတက် လှေ လှော်

မလှော် စာ ပြ

လုပ်စရာတွေ တပုံကြီး

အသင်းအသင်းတွေ အကြောင်းပြပြီး

အတွဲအတွဲ တွေ ရသွားကြတာလဲ အများကြီး

အဲ့ဒီလိုလေး ပျိုးထောင်ပြီး (4)နှစ်ကျောင်းပြီးလို့ အလုပ်ထဲ ၀င်တဲ့အချိန်မှာ

ကျွန်မတို့အတွက် ဘ၀က သိပ်မစိမ်းတော့ဘူးလေ

ကျောင်းပြီးလို့ အလုပ်ဝင်မယ် နယ်သွားရမယ်ဆိုတော့လဲ

ကျောင်းနေတုန်းက အထုတ်ကလေး ဆွဲပြီး ထွက်လာခဲ့တာ

အခုဆို အနှစ်(20)ကျော်ခဲ့ပေါ့။

ကျွန်မ အလုပ်လုပ်ခဲ့တဲ့နေရာတွေကို ကျွန်မ အမေ မသိဘူး။

အမေ ပင်စင်ယူပြီး Depression ၀င်နေတော့မှာ သူ့သမီးကို အားကိုးအောင်

အလုပ်နေရာကိုခေါ် ကြွားတာတော့ ရှိလာတယ်။

စာရင်းကိုင်လေး ခေါင်းစုတ်ဖွားနဲ့ပြန်လာတာမို့ အမေ အားရှိအောင်ပါ။

အခုလုပ်နေတဲ့အလုပ်က 1နှစ်ခွဲရှိနေပေမဲ့ အမေမသိသေးဘူး ဘယ်နေရာဆိုတာ

အဲဒါတွေကို ပြောနေတာ အကြောင်းရှိတယ်။

အခုတလော ကျွန်မအလုပ်မှာ B.E ဘွဲ့ရ အင်ဂျင်နီယာတွေလိုတာနဲ့

ထုံးစံအတိုင်း ကျွန်မ တို့စက်ရုံကို နည်းလမ်းမျိုးစုံနဲ့ လူတွေရောက်လာကြတယ်။

စက်ရုံထဲရောက်နေတုန်း ၀န်ထမ်းတစ်ယောက် လာပြောတယ်။

ဧည့်သည်ရောက်နေတယ်တဲ့

ဘုန်းကြီးတပါးလဲ ပါတယ်တဲ့

ဧည့်သည်ဆိုရင် စောင့်ခိုင်းထားပြောမလို့ဘဲ ဘုန်းကြီးတပါးအလုပ်ထဲလာတယ်ဆိုတော့

နည်းနည်းတွေသွားတာနဲ့ ချက်ချင်းတက်လာခဲ့တယ်။

ကျွန်မတို့ဒါရိုက်တာလူကြီးတစ်ယောက်က စာရေးပေးလိုက်တာပါ။

B.E မိန်းခလေး တစ်ယောက် နယ်က အလုပ်လုပ်ဘို့ ရန်ကုန် တက်လာတာတဲ့

အဖေ ၊ အမေ၊ အဒေါ် နဲ့ ရန်ကုန်ရောက်ဖူးတဲ့ ဘုန်းကြီးတပါး အဖော်ပါလာပါတယ်။

နာရီကြည့်လိုက်တော့ 11နာရီ ဖြစ်နေတာနဲ့ ခဏစကားပြောပြီး

အလုပ်လုပ်မဲ့ညီမလေးကို ထားခဲ့ပါ ကျန်တဲ့လူတွေ ပြန်လိုက်ပါလို့ပြောပြီး

ပြန်လွှတ်လိုက်ရတယ်။

မဟုတ်ရင် ဆွမ်းကပ်ရတော့မယ်လေ။

ကဲ ...............အဲဒါပါဘဲ။

နယ်တွေမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်တွေဖွင့်ပြီး

ပညာတတ်တွေ မွေးထုတ်တယ်ဆိုပေမဲ့ ........................

နိုင်ငံတော်က အကြားမလပ် ပညာသင်နိုင်အောင် ဆိုလား မြန်မာ့ရုပ်မြင်သံကြားမှာ

ပြောသံကြားလိုက်တယ်............ဆိုပေမဲ့..........

အဲဒီလို B.E အင်ဂျင်နီယာမျိုး ကျွန်မတို့ စက်ရုံမှာ အခုဆို ရောက်နေတာ (6)ယောက်လောက်ရှိလာတော့

မြန်မာ့ပညာတတ်ကို နည်းနည်း စိတ်ဝင်စားလာတယ်။

နောက်တစ်ပိုင်းက ဘုန်းကြီးနဲ့ မြန်မာ့ဓလေ့

ကျွန်မတို့အိမ်က ခြေတံရှည် အိမ်ကလေး လူများရင် လှုပ်နေတတ်လို့

ကျွန်မက အောက်ထပ်ကို အုတ်ကလေး တက်ရင် ငြိမ်သွားမယ်လို့

လူတတ်ကြီးလုပ်ပြီးအကြံပေးတော့ ကျွန်မ အမေက ဘာလုပ်တယ်ထင်လဲ

အိမ်နားက ကျောင်းက ကျောင်းထိုင်ဆရာတော်ကို သွားလျှောက်တယ်။

ကျွန်မက ရီပြီး အမေတော့မှားနေပြီ အမေ့သားမက်က အင်ဂျင်နီယာလေ

အိမ်ပြင်မှာ သားမက် အင်ဂျင်နီယာကို မပြောဘဲ ဘုန်းကြီးလျှောက်ရလားပေါ့။

နင်မသိပါဘူးတဲ့ သူ့သားမက် အင်ဂျင်နီယာက အိမ်တစ်လုံးပြီးအောင် ဆောက်ဖူးတာ မဟုတ်ဘူးတဲ့

တို့ကျောင်းက ဆရာတော်က ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း ဆောက်နေတာ

မတွေ့ဘူးလားတဲ့

ဟုတ်တော့လဲ ဟုတ်နေတာဘဲ

ဘုန်းကြီးက သူ့တပည့်တွေကို မင်းတို့ ကြည့်လုပ်ပေးလိုက်လို့ ပြောတာနဲ့

အခု အိမ်ပြင်တာပြီးတော့မယ်

ကျွန်မလဲ မနေနိုင်တာနဲ့ ကျွန်မ မတ် အင်ဂျင်နီယာကို မေးရတယ် ဘယ်လိုလဲ ဆိုတော့

သူက ကောင်းပါတယ် အစ်မတဲ့................

ကဲ ဒါ တို့ မြန်မာ့ ပညာတတ်နဲ့ မြန်မာ့ ဓလေ့ပါ။

Monday, March 21, 2011

ရိုးမြေကျ

ရိုးမြေကျ ဆိုတဲ့ မြန်မာစကားလုံး ကိုသဘောကျခဲ့တယ်။

ဒါပေမဲ့ အဲဒီစကားတစ်ခုတည်းနဲ့ မရပ်တည်နိုင်ဘူးဆိုတာ သိလာတာ မကြာသေးဘူး။

ရိုးမြေကျ ဘို့အတွက်

ဒိုးတူဘောင်ဘက် ဆိုတဲ့ စကားနဲ့တွဲမှ တကယ်ရိုးမြေကျမယ်လို့ ထင်ပါတယ်။

Wednesday, March 16, 2011

မြတ်သောအကျင့် .............................ကိုနေ၀င်း

မနက်မိုးလင်းလင်းချင်း

ကားလမ်းဘက်က ကားသံတွေ အတိုင်းသား ကြားတဲ့ အခိုက်မှာ

ငါက နိုးတ၀က် အိပ်တ၀က်

အသာယာ အနားတိုးလှုပ်ရွေ့ ငါ့မိတ်ဆွေကို နိုးရင်း နှုတ်ဆက်

ကြုံလို့လွှဲမရတဲ့ နေ့ရဲ့ရောင်ခြည် ရောက်လို့လာပြီ

ခွင့်ပြု့သူငယ်ချင်း


တလှမ်းချင်းလှမ်းရွေ့ တဖြည်းဖြည်းတက်ခဲ့

အရှေ့မှာ မျှော်လင့်ခြင်း

တိုးရင်းတွန်းရွေ့ အသက်ဆက် ယုံကြည်ခြင်း

မမြဲသောလက်နဲ့ ချို့တဲ့ငါ့ဘ၀ ရှိပါစေသူငယ်ချင်း

ငါသည် မြတ်သောအကျင့်ကို ကျင့်ရွေ့ မြေမှာရပ်ရွေ့ နေ၏

နေမွန်းတည့် တနေ့ရဲ့ ကျွမ်းလု အလင်းရောင်တွေ လွှမ်းမိုးတလက်လက်

အနောက်တောင်လေပြေ ဖြေးညှင်းတိုက်ခတ် ကံကို အားထားရှေ့ဆက်

ငါ့ကုသိုလ်ဟာ နည်း နည်း လွန်းလှ

တကိုယ်စာ ၀မ်းရေးအတွက် လမ်းရဲ့အလယ်မှာ လမ်းလျှောက်နေတုန်း

ညလဲ မိုးချုပ်လု တနေ့ရဲ့အဆုံးသတ်

ငါ့ရင်မှာ စိတ်က တထင့်ထင့် နားခိုရာကို တွေး စဉ်းစားရင်း

အလိမ္မာသားလေး အခုတော အမိနောက်ကွယ်မှာ အမှားကြီးမှားခဲ့

ကိုယ်ကိုယ်အားကိုး အဆိုးရဲ့သံသရာ အမိုက်ရဲ့ ကံကြမ္မာ ဘ၀က တိုက်ပွဲ

မြှားမိုးနှင်းအောက် ဒူးထောက် ခေါင်းငုံ ငြင်းပယ် ၀န်ခံခြင်း

သွေးစွန်းလက်နဲ့ ရဲရင့်အောင်နိုင်မင်း

ငြိမ်းအေးခြင်း မှာ မေးစက်ငါ့ဘ၀ ကုသိုလ်ခေါ်သူငယ်ချင်း

ငါသည် မြတ်သောအကျင့်ကို ကျင့်ရွေ နေရာအနှံတွင် နေ၏

(အချို့စားသားတွေ နည်းနည်းမှားနိုင်ပါတယ်)

Thursday, March 10, 2011

အမှတ်တရများ

ကိုနေ၀င်း အသက်(60)ပြည့် show ပွဲလေးကို နားထောင်ဖြစ်တယ်။
သီချင်းတွေနဲ့ ဝေးနေတာကြာပါပြီ။

သီချင်းတွေက လူ့စိတ်ကို ခံစားမှု ပေးတာ သေချာတာပေါ့။
ကျွန်မ တက္ကသိုလ်အဆောင်မှာ နေတုန်းက သူငယ်ချင်းတစ်ယောက်ကပြောတယ်
နင်ညည်းတဲ့သီချင်းကို နားထောင်ရင် နင်ဘာခံစားရတယ်ဆိုတာ သိတယ်တဲ့။
ဟုတ်မှာပါ။

အမှတ်အရဆုံးသီချင်းကတော့
စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုတဲ့

ကိုယ်လေ ကံမလိုက် တဖက်သတ်ဘ၀ တိုက်ပွဲတောင် အရှုံးကနေ သားရေဖြစ်အောင်
ကျိတ်ရင်ဆိုင်လာတာဘဲ.............ဆိုပြီး
အားတင်းပြီး တက်လာခဲ့ရတဲ့ ဘ၀လေ

သီချင်းတွေက ကျွန်မငယ်ဘ၀မှာ တော်တော်လေး အရေးပါခဲ့တယ်။

စာအုပ်၊သီချင်းနဲ့ ဘာသာတရားသာမရှိခဲ့ရင် ခုလောက်ဆို
သေတာရယ်
လမ်းဘေးရောက်တာရယ် နှစ်ခုထဲက တစ်ခုပေါ့

ကျွန်မတို့ငယ်ငယ်က အိမ်မှာ ရေဒီယို တစ်လုံးရှိတယ်။

အမေက သီချင်းကြိုက်တယ် အလုပ်တွေလုပ်ရင်း အမြဲသီချင်းညည်းနေတတ်တယ်

ဒေါသဖြစ်တဲ့အချိန်ကလွဲရင်ပေါ့။

ဒေါသဖြစ်ပြီး မောတဲ့အချိန်ဆိုရင်တော့ ကျွန်မတို့ညီအစ်မကို မြည်တွန်တောက်တီးနေတာပေါ့။

ကျွန်မတို့အမေမှာ သီချင်းစာအုပ်ရှိတယ် ကိုအံကြီးတို့ ကိုတင်လှိုင်တို့ မာမာအေးတို့ပေါ့။

ကျွန်မတို့ညီအစ်မ နွေရာသီမှာ ပျင်းရင် သီချင်းဖတ်ကြတယ်။

သီချင်းကို နားမထောင်ဘူးတော့ အလိုက်ကိုမသိဘူးလေ။

အဲတော့ ဖတ်ကြတယ် ခေါ်မှာပေါ့ အသံထွက်ပြီး။

စာသားတွေက အကုန်ရနေပြီး ရေဒီယိုကလာတဲ့အချိန်မှာ အလိုက်ကို နားထောင်ရတယ်။

အဲလိုကျိုးစားကြပေမဲ့ ရပ်ကွက်အဆိုတော်တောင် မဖြစ်ခဲ့ပါဘူး။

ပထမဦးဆုံး တိတ်ခွေနဲ့ သီချင်းဖွင့်လို့ရတဲ့ ကက်ဆက်ကလေး တခု အိမ်ကိုရောက်လာတယ်။

ကျွန်မ (8)တန်းနှစ်လောက်မှာပေါ့။ ကက်ဆက်လို့သာပြောတာပါ အခုစဉ်းစားကြည့်လိုက်တော့

အသံထွက်တယ်ဆိုရုံကလေးပါ။

အဲဒီကက်ဆက်ကလေးထဲကိုဘဲ တိတ်ခွေတွေပြန်ပြန်ရစ်ပြီး မရမချင်း နားထောင်ခဲ့ကြတယ်။

အဲဒီခေတ်က ခိုင်ထူးတို့ ကိုင်ဇာတို့ စိုးလွင်လွင်တို့ စိုင်းထီးဆိုင်တို့ပေါ့

အများအားဖြင့် ခိုင်ထူးသီချင်းတွေပါ။

အဲဒီတုန်းက ၀င်ငွေရှိလာရင် သီချင်းနားထောင်ဘို့ စက်ကောင်းကောင်းတစ်ခုတော့

အရင်ဆုံး ၀ယ်မယ်ဆုံးဖြတ်ထားတာ

ပထမဆုံး ၀င်ငွေရလာတော့ စက်ဘီးမ၀ယ်နိုင်ခင်မှာ SANYO ကက်ဆက်အသစ်ကလေး တလုံး

ဝယ်ဖြစ်ခဲ့တယ်။

အဲဒါလေးကို ခေါင်းအုံးဘေးထားအိပ်တာပေါ့

2နှစ်လောက်ကြာတော့ NATIONAL တွေ ကောင်းတယ်ပြောတာနဲ့ လဲခဲ့တယ်

အဲဒီကက်ဆက်ကလေးနဲ့ ပြည်မှာ 5နှစ်ကြာခဲ့တယ်။

ရန်ကုန်ရောက်လာတော့ ညီမလုပ်တဲ့လူက SONY ကက်ဆက်ကလေး စွန့်တယ်။

သူ့အိမ်မှာ TV တွေဘာတွေရှိလာတော့ ပိုနေလို့တဲ့။

ကျွန်မ NATIONAL လေးကို အမေ့အိမ်ပြန်ပို့ပေါ့။

အဲဒီ SONY လေးနဲ့ ခါးသက်တဲ့ ဇော်ဝင်းထွဋ်တွေ ကြိုက်ခဲ့တယ်။

ရောဂါတွေနှိပ်စက်တာခံနေရချိန်မှာတော့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရား

စိတ်ဓါက်တွေ တအားကျနေချိန်မှာ ဦးဇောတိကခွေတွေနဲ့ SONY ကက်ဆက်ကလေးနဲ့ပေါ့။

နောက်ဆုံးတော့လဲ SONY လေးကို ထားခဲ့ပြီး အဝေးကိုထွက်ခဲ့ရပေါ့။

တက္ကသိုလ်အဆောင်နေတော့ စိုင်းထီးဆိုင် သီချင်းပေါင်းချုပ်စာအုပ် ၀ယ်ထားပြီး

ကျွန်မထက်တတန်းငယ်တဲ့ မာမာလွင် ထားဝယ်သူနဲ့ ပေါင်းပြီး

ညနေခင်း သူများတွေ အတွဲကိုယ်စီနဲ့လမ်းလျှောက်ထွက်ချိန်မှာ လမ်းဘေးထိုင်ပြီး

သံပြိုင်ဖတ်တာပေါ့။

စစ်ကိုင်းလမ်းသီချင်း ကို စစ်ကိုင်းလမ်းမှာ သွားဆိုရအောင်လို့ ခေါ်တဲ့ မသီတဂူဇေယျ ကိုလဲ သတိရတယ်။

ကျွန်မတို့သူငယ်ချင်းတွေ 1985ခုနှစ်လောက်က RC(2) နောက်ဘက်က သမိုင်းဝန်း CANTEEN
မှာထိုင်တုန်း

ဆိုင်က ခိုင်ထူးသီချင်းဖွင့်တယ်။

ကျွန်မကလဲ မနေနိုင်မထိုင်နိုင် မရည်မွန် အဲဒါ ငါအဆောင်မှာ

ဆိုဆိုနေတဲ့သီချင်းလေ လို့ ပြောမိတယ်။

ရိုးလွန်းတဲ့ မုံရွာသူက ဘာပြန်ပြောတယ်ထင်သလဲ

အံသြတကြီးနဲ့ နင်ဆိုတာနဲ့လဲ မတူဘူးတဲ့

ကောင်းရော

နောက်မှ ကျွန်မမျက်နှာငယ်သွားတယ်ထင်ပါတယ်

ငါက နင်ဆိုတာ အမြဲနားထောင်နေကျမို့ သူ့အသံနားထဲမ၀င်ဘူးဆိုဘဲ

အဲဒီမှတ်ချက်ကြောင့်ဘဲ ကျွန်မဘယ်တော့မှ လူတွေရှေ့သီချင်းမဆိုဖြစ်တော့ပါဘူး။

ဒါပေမဲ့ သီချင်းတွေကတော့ ဘ၀မှာ အမြဲတမ်းအားတင်းဖော်ပါ။