Friday, July 16, 2010

ဘ၀ ပျော်ရွှင်မှု ငွေ နဲ့ လွတ်လပ်ခွင့်

မနေ့က ကျွန်မ အခွန်ရုံးတခုကိုသွားရင်း ဟိုးလွန်ခဲ့တဲ့ အနှစ် 20 1990 မတိုင်ခင်က
ကျွန်မနဲ့အတူလုပ်ခဲ့ဘူးတဲ့ Senior တစ်ယောက်ကို ပြန်တွေ့တယ်။

ကျွန်မ ပထမဦးဆုံးအလုပ် စာရင်းကိုင် (1) အဆင့်မှာ သူက စာရင်းကိုင် (3)ပေါ့။

တခါတုန်းက အကြောင်းတွေလို့ ပြန်စဉ်းစားရင်း

ဘ၀ ပျော်ရွှင်မှု ငွေ နဲ့ လွတ်လပ်ခွင့် စကားလုံးတွေ ခေါင်းထဲမှာ စီနေတယ်။

1967-1983 ဆယ်တန်းမအောင်ခင် မိသားစုနဲ့နေရတဲ့ဘဝ

တင်းကြပ်တဲ့အမေနဲ့ နှိမ်ချတဲ့ပတ်ဝန်းကျင် အလည်မှာ

ဘ၀ဆိုတာ ရှောင်ပုန်းနေရတာလို့ ထင်တယ်။

ကိုယ့်ကိုယ် သိမ်ငယ်စိတ်နဲ့ လူတွေကိုရှောင်ပြီး စာအုပ်တွေနဲ့နေခဲ့တယ်။

ပျော်စရာမကောင်းသလို ငွေနဲ့ လွတ်လပ်ခွင့် လဲမရှိခဲ့ပါဘူး။

1983-1987 တက္ကသိုလ်အဆောင်သူဘဝ

ကျွန်မက ကားမူးတတ်တယ်။ ဒါပေမဲ့ ကျောင်းဆောင်ကို စပို့တဲ့နေ့ကစပြီး

မမူးတတ်တော့တာ အမှတ်တရပါဘဲ။

အော် ကားမူးတယ်ဆိုတာလဲ စိတ်ကြောင့်ပါလားနော်။

ခေတ်ကောင်းတဲ့ အဆောင်သူဘ၀မှာ ပျော်တာပေါ့။

အိမ်ကပေးတဲ့ငွေကို လောက်ငှအောင်သုံးရတာကလွဲရင် စိတ်လွတ်လပ်မှုအပြည့်ရတယ်။

လွတ်လပ်ပျော်ရွှင်မှုကြောင့် စိတ်အားတက်လာခဲ့တယ်။

ဘ၀ဆိုတာ ပိတ်မှောင်နေတာမဟုတ်ပါလားလို့ ယုံကြည်လာတယ်။

စိတ်ချင်းတူတဲ့သူငယ်ချင်းတွေရလာတယ်။

အဲဒီခေတ်က မြေနီကုန်းမှာ တဲလေးတွေနဲ့ဖွင့်တဲ့ စာအုပ်အဟောင်းတန်းကို စနေတိုင်းရောက်တယ်။

မကြည့်ဘူးတဲ့ရုပ်ရှင်ရုံမရှိခဲ့ဘူး။
မင်္ဂလာဒုံရုံအထိတောင်သွားကြည့်ခဲ့ကြတယ်။

ဒါပေမဲ့ မိန်းခလေးအများစုသွားကြတဲ့ ဗိုလ်ချုပ်ဈေးကို ပထမနှစ်မှာ တခါဘဲရောက်တယ်။

အဆောင်က ထမင်းဘိုး refund ပြန်ရတဲ့နေ့ပေါ့။

Ready Made အကျီင်္အပြာရောင်ကလေးတစ်ထည် ၀ယ်ခဲ့တယ်။

ဈေးသည်က မပြချင်ပြချင်ထုတ်ပြလို့ ဈေးမဆစ်ဘဲ ၀ယ်ခဲ့တယ်။

အမေချုပ်ပေးလိုက်တဲ့အကျီတွေမ၀တ်ချင်လို့ ကိုယ်ကြိုက်တဲ့ အထည်နည်းနည်းဘဲ ၀တ်တော့

သူငယ်ချင်းတွေက အကျီ ၀ယ်ပေးဘူးတယ်။

အဲဒီခေတ်က ယိုးဒယားဘက်က၀င်တဲ့ ကျိုင်းတုံအကျီလို့ ခေါ်မယ်ထင်တယ်။

အပြာရောင်နဲ့ပန်းရောင် (2)ထည်

အဲဒီတုန်းက ငါ့ကိုဘာလို့ပေးတာလဲလို့ မစဉ်းစားခဲ့ပေမဲ့ နောက်မှ အော် ငါ့မှာ

ဝတ်စရာမရှိဘူးထင်လို့ စုဝယ်ပေးတာဖြစ်မယ်လို့ သိလာတယ်။

ဒါပေမဲ့ သူငယ်ချင်းတွေ နောက်ပိုင်းမှာ အေးအတူ ပူအမျှ လေ။

အခုထိ အဲဒီသူငယ်ချင်းတွေနဲ့ ခင်မင်ဆဲ။ စကားပြောရရင်ပျော်ရွှင်ဆဲ။

အခုထိ တစ်ယောက်သတင်းတစ်ယောက်နားစွင့်ဆဲ။

အားလုံးနီးပါး အပျိုကြီးဖြစ်ဆဲ။

မိုးမိုး(အင်းလျား)ရဲ့ ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား

စန်းစန်းနွဲ့(သာယာဝတီ)ရဲ့ မဟူရာအကျဉ်းထောင် စာအုပ်တွေရဲ့ တန်ခိုးထင်ပါရဲ့။

ပျော်ရွှင်မှု နဲ့ လွတ်လပ်မှုကို ရခဲ့ပါတယ်။

1988-1993

အမေ့လောင်းရိပ်နဲ့မကင်းတဲ့ အလုပ်ကို ၀င်ခဲ့ရတယ်။

ငွေအတန်အသင့်ရခဲ့တယ်။

ပျော်ရွှင်မှု လွတ်လပ်မှု ပြန်ဆုံးရှုံးခဲ့တယ်။

အဲဒီအလုပ်ကနေ ဖောင်ကြီးသင်တန်းတက်ခဲ့တယ်။

သင်တန်းက အပြန်မှာရလာတာကတော့ ဇွဲနဲ့ယုံကြည်မှုပါဘဲ။


1993-1997

မိသားစုနဲ့ဝေးတဲ့နေရာက အလုပ်ကိုပြောင်းခဲ့တယ်။

ကိုယ့်ဘ၀ကို ကိုယ့်စိတ်ကြိုက်နေခဲ့တယ်။

ငွေမရပေမဲ့ ပျော်ရွှင်မှု လွတ်လပ်မှုကို အပြည့်ပြန်ရတယ်။


1998-2007

အစိုးရအလုပ်ကထွက် ရန်ကုန်ရွှေမြို့တော်ကြီးကိုလာ ကုမ္ပဏီလောက ကို ပြန်စခဲ့ပေါ့။

ညည်းခံမှု ချုပ်တည်းမှု တွေနဲ့ စားဝတ်နေရေးပြေလည်တဲ့ငွေကိုရခဲ့တယ်။

ပျော်ရွှင် လွတ်လပ်မှုတွေ ပြန်ဆုံးရှုံးရတယ်။

ငွေနဲ့ အတွေ့အကြုံတွေရခဲ့တဲ့ကာလပေါ့။


2008-2009

စင်ကာပူကို အလည်(1)လ သွားလိုက်တာ အလုပ်ဝင်နေတာနဲ့ 1နှစ်ခွဲကြာသွားတယ်။

ငွေ ရခဲ့တယ်။

Oversea အတွေ့အကြုံဆိုပြီး နည်းနည်းအထင်ကြီးခံရတာ ရခဲ့တယ်။

မသွားခင်က လစာထက် ပြန်လာပြီးမှ 3ဆ ပိုရလာတယ်။

အလုပ်ရှင်က အတူတူဘဲ သူ့အမြင်ပြောင်းသွားတာထင်တယ်။

ကျွန်မအမြင်ကတော့ အရင်သူ့အလုပ်က ရခဲ့တဲ့အတွေ့အကြုံကြောင့်
ကျွန်မ Oversea မှာ ရပ်တည်နိုင်ခဲ့တာ ကို သူသိရင်..................

အခုလား

ငွေနည်းနည်းရတယ်။

ဘ၀ပျောက်နေတယ်။

မိုးလင်းကမိုးချုပ် အလုပ်ထဲမှာရှိနေတယ်။

ပျော်ရွှင်မှုနဲ့လွတ်လပ်မှုကို မေ့နေတယ်။

မေ့နေမှန်းသိတာကို ပြန်သတိရလာလို့ပါ။

အခုတော့ ဘ၀ ကို အေးချမ်းတည်ငြိမ်မှုနဲ့တည်ဆောက်ဘို့ စတင်ပြင်ဆင်နေတယ်။

ရမရ စောင့်ကြည့်လေ နော်။

Friday, July 2, 2010

တစ်နှစ်ပြည့်ဘလော့လေး

3.7.2009 မှာ
စလုပ်တတ်ခဲ့တာပါ။ တစ်နှစ်ပြည့်ပြီပေါ့။

နောင့်နောင့်ကို ကျေးဇူးတင်ရမယ်။

သူနဲ့စကားစပ်မိပြီး ဒါလေးကို လုပ်တတ်သွားတာပေါ့။

ဘလော့လုပ်တဲ့ရည်ရွယ်ချက်က ကိုယ်ဖြတ်ခဲ့တဲ့ပတ်ဝန်းကျင်ကို
မှတ်တမ်းတင်တာပါ။

ဘလော့လေးမှာ အရာရာကို အမှန်အတိုင်းတင်မယ်လို့
ရိုးစင်းတဲ့စိတ်ကလေးနဲ့ စ ဖြစ်ခဲ့တာပါ။

တကယ်တော့ အခက်ဆုံးက ရိုးဘို့ပါ။

လူထုဦးလှရဲ့ ဂုဏ်ထဲမှာ ရိုးဂုဏ်ကို အကြိုက်ဆုံးလို့ပြောခဲ့တာ
အမြဲသတိရတယ်။

ရိုးသားဘို့ ကျိုးစားနေဆဲပါ။