Wednesday, September 23, 2009

Ease.....Dis-Ease......Disease

ပြီးခဲ့တဲ့ အပတ်က မြန်မာအင်ဂျင်နီယာတစ်ယောက် (၈)ထပ်တိုက်ပေါ်က
ခုန်ချတဲ့သတင်းတစ်ခု သူငယ်ချင်းဆီက ကြားလိုက်ရပါတယ်။
stress တွေများလာ လူတွေကိုရှောင်
နောက်ဆုံးအလုပ်ထွက်ရတဲ့အနေအထားကို
ရောက်ပြီး သူငယ်ချင်းတွေက ပြန်ဘို့ လေဆိပ်ကိုအပို့
ပစ္စည်းတွေအကုန်ကားပေါ်ရောက်ပြီးမှ
ခဏပြန်တက်လိုက်ဦးမယ်ဆိုပြီး တက်သွားပြီးမှ ခုန်ချတာတဲ့။
ကြားရတာ စိတ်ထဲမှာ တော်တော်လေး နင့်သွားပါတယ်။

ကျွန်မတို့ မြန်မာတွေ အခုနောက်ပိုင်းနှစ်တွေမှာ Oversea ထွက်လုပ်ကြတာ
Fashion တစ်ခုလိုဖြစ်လာပါတယ်။
အဆိုတော် အရိုး ရဲ့ လူလည်အာရှသား သီချင်းလေးကို ဒီမှာ မကြာခဏ နားထောင်ဖြစ်ပါတယ်။
သား လေယာဉ်ပျံကြီးနဲ့ ဖောရင်းသွားတာကို အမျိုးနဲရပ်ကွက်ကို ပတ်ကြွားဘို့အမေကို မှာခဲတယ်တဲ့။
နောက်ကြိုက်တဲ့ စကားလုံးတွဲလေးက
မဟာလူတန်းစားအိမ်မက်များ၊
ဘ၀ဆိုးထဲမှာပျော်အောင်သာနေကြ.........တဲ့

အိမ်မက်လို့ထင်ချင်အောင်လဲ ဒီမှာက အားလုံးအဆင်ပြေအောင်
စီစဉ်ထားတာကို: ငွေရှိရင်ပေါ့
ငွေရှာရတာလေးတစ်ခုသာ မလွယ်တာလေ ကျန်တာ အားလုံး Ease

ကျွန်မတို့ပတ်ဝန်းမှာလဲ အတူတူပါဘဲ
သားကတော့ သမီးကတော့ ဘယ်နိုင်ငံမှာလေ လို့ပြောကြတာ
ဂုဏ်တစ်ခုလို့ထင်နေတတ်ကြပြန်ပါတယ်။
ကိုယ်သားသမီးတွေက အခြားနိုင်ငံမှာ ဘာတွေလုပ်နေရတယ်ဆိုတာ
သူတို့မသိပါဘူး။

သေချာပြန်စဉ်းစားကြည့်တော့
နိုင်ငံအတွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေးအတွက်
ထွက်ပေါက်ရလိုရငြားအခြားနိုင်ငံတွေကို ထွက်လာကြရတာပါ။
ဒါပေမဲ့ ထွက်လာတဲ့လူအများစုက Dis-ease နဲ့အရင်တွေ့ကြရတာပါ။
ဘယ်လောက် အဆင်ချောပါတယ်ပြောပေမဲ့
အနည်းနဲ့အများတွေ့ကြုံကြရသူတွေချည်းပါဘဲ
နောက်ပိုင်းမှ Ease ဘက်ရောက်သွားသူတွေနဲ့
Disease ဘက်ရောက်သွားသူတွေဆိုပြီး
နှစ်ပိုင်းကွဲသွားပါတယ်။

အခုလို အင်ဂျင်နီယာ ပညာတတ်တစ်ယောက်က
ခုန်ချလောက်အောင် Disease ဘက်ရောက်သွားရတာ
ဘယ်လောက်များ ၀မ်းနည်းစရာကောင်းပါသလဲ

ဒါပေမဲ့ မြန်မာပြည်တွင်းမှာ Ease ကိုမျှော်ပြီး
Dis-ease ကို ရင်ဆိုင်ဘို့
Disease ကို ခံနိုင်ရည်ရှိဘို့
အပြင်းအထန်ကျိုးစားနေတဲ့သူတွေ အများကြီးဆိုတာ
..........................................

Tuesday, September 22, 2009

အပူ.......အအေး

ကျွန်မ မပြန်ခင် မြန်မာပြည်က မိတ်ဆွေတစ်ယောက်က စာအုပ်မှာလို့
အ၀ယ်ထွက်ခဲ့ပါတယ်။

ပထမဦးဆုံးတော့ Popular Book Shop တွေပေါ့။
ဒါပေမဲ့ သူမှာတဲ့စာအုပ်က professional မို့ သူငယ်ချင်းအင်ဂျင်နီယာကတော်ကြီးညွှန်းတဲ့
Orchard Road ပေါ်က Wheelock ဆိုင်ကိုရောက်သွားပါတယ်။
အားပါးပါး စာအုပ်တွေများမှများပါလား။
ဒါပေမဲ့ အဲဒီစာအုပ်ကိုတော့မရခဲ့ပါ။ အင်တာနက်ကနေရောင်းပြီး UK ကိုမှာရမယ်ဆိုတဲ့
ဗဟုသုတ တစ်ခုတော့ ရခဲ့ပါတယ်။

ကျွန်မပြောချင်တာက စာအုပ်ထက် Orchard လမ်းမပေါ်ကမြင်ကွင်းပါ။
ပိတ်ရက်(3)ရက်ဆက်တိုက်ဖြစ်တာလဲပါမှာပေါ့။
လမ်းတွေကို မမြင်တော့ဘဲ နေပူပူမှာ လူပင်လယ်ကြီးဘဲမြင်နေပါတော့တယ်။
ရွာက ဘုရားပွဲမှာတောင် အဲဒီလောက်လူတွေများတာ မမြင်ခဲ့ဘူးပါဘူး။
နဂိုက လူများရင် မူးတတ်တဲ့ကျွန်မကတော့ shopping mall တခုရဲ့လှေခါးမှာ
အခြားသူငယ်ချင်းတွေ ဈေးဝယ်တာကို ထိုင်စောင့်နေခဲ့ရပါတော့တယ်။

ကျွန်မရွာမှာတုန်းက ခင်မင်သူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းပြီး
လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူမျိုးပါ။
ဒီရောက်ပြီး မကြာခင် သူငယ်ချင်းက ပြောပြပါတယ်။
သူအလုပ်လာရှာခါစက agent တစ်ခုကိုရောက်သွားတော့
agent က တက္ကသိုလ်မှာ တဆောင်တည်းနေလာတဲ့ ညီမလေးတစ်ယောက်
ဖြစ်နေပါတယ်တဲ့။ ဒါပေမဲ့ ပထမဦးဆုံး နှုတ်ဆက်စကားက
ဒီအရွယ်ကြီးမှ ဘာလာလုပ်တာလဲ တဲ့။
သူ့စကားကို တဆင့်ကြားရပေမဲ့ ဘယ်လိုမှ နားထောင်မကောင်းဘူးလို့တော့
စိတ်ထဲမှာ ထင်နေခဲ့ပါတယ်။

နောက်တပတ်လောက်နေတော့ ကျွန်မနဲ့ မြန်မာ့သစ်လုပ်ငန်းမှာ အတူလုပ်ခဲ့
အပြင်အလုပ်မှာလဲ အတူလုပ်ပြီး Bangkok သင်တန်းကိုတောင် (3)လ အတူ
သွားခဲ့တဲ့ တစ်ယောက်နဲ့ ဘူတာတစ်ခုရဲ့အထွက်မှာ မျက်နှာချင်းဆိုင်တွေ့ကြပါတယ်။
သူက ကျွန်မကိုစေ့စေ့ကြည့်သွားပါတယ်။ နှုတ်မဆက်ပါ။

အော်..............ဒါခေတ်မှီတဲ့ နိုင်ငံတော်ရောက် လူမှု့ဆက်ဆံရေးထင်ပါရဲ့လို့တွေးပြီး
ကျွန်မညီမ တစ်ဝမ်းကွဲအပါအ၀င် ကိုယ်က စပြီး ဘယ်သူ့ကိုမှ မဆက်သွယ်ဘူးလို့
စိတ်ပိုင်းဖြတ်လိုက်ပါတယ်။

စိတ်ကားအေးစက်တဲ့လူတွေရှိသလို နောက်ပိုင်းမှာ ခင်မင်ဖော်ရွေတဲ့လူတွေကိုလည်း
အများကြီးတွေ့ခဲ့ရလို့ အော် နေသာပါသေးတယ်ပေါ့။

ကျွန်မရွာပြန်မယ်လို့ ထုတ်ပြောလိုက်တော့
ဝေဖန်၊အားပေးသံအမျိုးမျိုးလက်ခံရခဲ့ပါတယ်။
အစ်မတစ်ယောက်က သတင်းကို ရထားပေါ်မှာ ဖုံးနဲ့ကြားရပြီး
စိတ်ထဲ ဘယ်လိုဖြစ်မှန်းမသိလို့ အိမ်ပြန်လမ်းမှာ ဘူတာမှားဆင်းသွားပါသတဲ့။
အဲဒီလို အပေါင်းအသင်းလျော့သွားမှာကို စိုးရိမ်တဲ့လူတွေ ရှိတယ်ဆိုတာ
သိလိုက်ရပါတယ်။
သူအမျိုးသား အင်ဂျင်နီယာက Road Inspector မို့
တကျွန်းလုံးသိနေပြီး ရောက်ခါစ မျက်စိလည်တဲ့သူတွေအတွက်လည်း
လမ်းပြတစ်ယောက်ဖြစ်ပါတယ်။
သူကိုယ်တိုင်ကလည်း ယောက်ကျာင်္းလိုက်ပို့သမျှကိုမှတ်ထားပြီး
သူငယ်ချင်းတွေကို မအားတဲ့ကြားက လိုက်ပြီးပို့တတ်ပါတယ်။

အခု မြို့ကနေတောပြန်မယ်ဆိုတော့
တောမှာ အနေအထားမကျမှာစိုးလို့ထင်ပါရဲ့
တောထဲသွားရအောင်လို့ခေါ်လာပါတယ်။
ကျွန်မကလည်း Orchard Road ပေါ်ခေါ်ရင်သာ ငြင်းမိမှာ
တောထဲဆိုတာနဲ့တင် စိတ်ဝင်စားပြီးသား
အဲဒါနဲ့ဘဲ သူငယ်ချင်းတွေစုပြီး

MOUNT FEBER PARK

ကိုသွားဖြစ်ခဲ့ပါတယ်။

Harbour Frank ဘူတာအထွက်မှာ စားစရာ သောက်စရာတွေဝယ်ပြီး
တောထဲ ၀င်ခဲ့ပါတော့တယ်။

စ၀င်ကတည်းက အတက်လမ်းကလေးနဲ့စတက်ခဲ့ရပါတယ်။
အသက်ငယ်တဲ့ ညီမလေးတွေက ရှေ့ကရောက်နေတာမို့
ဟေ့ လူပြတ်တယ် စောင့်ကြဦး တော်ကြာ ကျား နဲ့တွေ့နေဦးမယ်လို့
လှမ်း စ လိုက်တော့ တကယ် ကျား ကလည်း ကျွန်တော်တို့ရှိပါတယ်ဆိုပြီး
ဂီတာထမ်းပြီးဆင်းလာတာနဲ့ကြုံလို့ ရီလိုက်ရတာ မောနေတာပါဘဲ။

ပထမဦးဆုံးကြားရတဲ့အသံကတော့ ပုဇဉ်းရင်ကွဲအော်သံတွေပါ
မဆိုင်ပေမဲ့ နေ၀င်းမြင့် ရဲ့ ပုဇဉ်းရင်ကွဲ ၀တ္ထုတိုများ ကို သတိရလိုက်ပါသေးတယ်။
တောတောင်ထဲမှာ အေးအေးဆေးဆေး စာအုပ်ကလေးနဲ့အိပ်ရရင်တော့
ဘ၀အမောတော်တော်များများပြေမယ်ထင်ပါရဲ့

တကယ့်သဘာဝကို လူတွေအတွက် အဆင်ပြေအောင် နည်းနည်းမွမ်းမံထားတာကလွဲရင်
ပူပြင်းဆူညံပြီး မောနေတဲ့ မြို့တော်ကြီးကနေ ခဏလောက် ထွက်ပြေးချင်သူတွေ အတွက်ကတော့
အေးချမ်းတဲ့နေရာလေးပါ။

အဆောက်အဦးတစ်ခုမှာ wedding အတွက် ပြင်ဆင်ထားတာတွေ့လို့
အသက် 40ကျော် စိတ်လျော့ထားတဲ့ အပျိုကြီးတွေဖြစ်လို့
ဒီဘ၀တော့ မဖြစ်နိုင်တော့ဘူး နောင်လာနောက်သားတွေအတွက်
မှတ်ထားမှ လို့ အချင်းချင်းအော်ဟစ် သတိပေးလာရပါသေးတယ်။

ဒါပေမဲ့ နဂါးပုံစံ တံတားပေါ်မှာ မင်္ဂလာစုံတွဲကိုတွေ့လိုက်ရတော့
အားလုံး သွားရေတွေကျသွားပါတော့တယ်။
အတူသွားတဲ့ ရှမ်းမလေးကဆို လက်ညိုးတစ်ချောင်းထောင်ပြီး
တစ်ယောက်လို အော်နေလို့ ဓါက်ပုံရိုက်ထားပေးလိုက်ကြသေးတယ်။

တံတားနားမှာပါလာတာတွေ ဖွင့်စားကြတာပေါ့။

ကျွန်မတို့ထဲမှာ အပျော့ဆုံး အမြဲတမ်းနောက်ဆုံးက လျှောက်တဲ့တစ်ယောက်က
မျက်နှာငယ်လေးနဲ့မေးရှာပါတယ်။
ဒါ အဆုံးရောက်ပြီလားတဲ့
လိုက်ပို့တဲ့အစ်မက မဟုတ်သေးဘူးဆက်သွားရမှာတဲ့
ပြန်လှည့်ရင်ပိုဝေးတယ်လို့ ချိန်းခြောက်ခေါ်လာခဲ့ရပါတယ်။
ရှေ့မှာ အဆင်းရောက်ပြီဆိုပြီး
ထပ်တက်နေရလို့ အော် အဆင်းဆိုတာ အတက်နဲ့အတူတူဘဲလို့
ဝိုင်းအော်ခဲ့ကြပါတယ်။

နောက်ဆုံးတော့ သံတွေနဲ့လုပ်ထားတဲ့ တံတားရှည်ကိုရောက်ပါတော့တယ်။
တောင်ဆင်းမှာ တံတားထိုးတာတာမို့ ဘေးပတ်ဝန်းကျင်ရဲ့ တောတောင်တွေနဲ့
တကယ်တကယ် စိတ်ကူးယဉ်စရာပါဘဲ။
တံတားပေါ်ကနေကြည့်ရင် မြို့ပြရဲ့တိုက် အမြင့်တွေကို လှမ်းမြင်နေရတာကိုတော့
စိတ်ထဲမှာ နည်းနည်း အနှောက်အယှက်ဖြစ်တာကလွဲရင်
အေးချမ်းတဲ့ခံစားမှုကို ရခဲ့ပါတယ်။

နေ့ခင်း 2နာရီလောက်ကတည်းက စထွက်လာလိုက်ကြတာ
လမ်းဆုံးကို 6နာရီကျော်မှ ရောက်ခဲ့ကြပါတော့တယ်။
လမ်းဆုံးတာနဲ့ကားလမ်းမပေါ်ကိုရောက်တာမို့
အဆင်ပြေပြေနဲ့ အိမ်ကို ည (7)နာရီကျော်လောက်မှာ ပြန်ရောက်ခဲ့ကြပါတယ်။

လမ်းမခွဲခင်မှာ ဦးဆောင်လိုက်ပို့တဲ့အစ်မက ညကျလို့ နာနေရင် ငါ့ကို မေတ္တာမပို့နေနဲ့ဦးလို့
မှာရှာပါတယ်။
ကျွန်မကတော့ နာလာရင် ကျွတ်ကျွတ် လို့ မအော်ဘဲ
မတိုး လို့သူ့နံမည်အော်မဲ့အကြောင်းပြောရင်း နှုတ်ဆက်ခဲ့ပါတယ်။

အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အမှတ်တရပေါ့။

Wednesday, September 16, 2009

ပုဂံ..........(1)

ဂျူး ရဲ့ မြစ်တို့၏မာယာ ဖတ်ပြီး ကျွန်မ ပုဂံသွားချင်စိတ်ဖြစ်နေခဲ့ပါတယ်။
ပြည်ကိုရောက်တော့ စာရင်းစစ်တွေက ပုဂံဘုရာဖူးသွားချင်တယ်လဲပြောရော
ဖြစ်အောင်ကို စီစဉ်တော့တာပါဘဲ။
လိုက်မဲ့လူက (20)ယောက်လောက်ရှိတာမို့
ချောင်ချောင်ချိချိလေးစီးရအောင် တီအီး11 အမိုးပွင့်ကားကြီးနဲ့ပေါ့။
ကားပေါ်ကို ကောက်ရိုးတစ်တောင်လောက်တင်
အဲဒီပေါ်ကမှ ရိပ်သာကငှားလာတဲ့ မွေ့ယာတွေတင်
အပေါ်က ဖျာတွေခင်းပေါ့ ဇိမ်ကျကျနဲ့လေတဖြူးဖြူး နေပူပူမှာ
အညာကို ဘုရားဖူးထွက်ပါတယ်။
စားစရာအိုးခွက်ပုဂံတွေနဲ့ မီးသွေးမီးဖိုလေးပါ တင်လိုက်ပါသေးတယ်။

ရန်ကုန်မှာရောက်နေတဲ့ ကျွန်မရဲ့အရင်းနှီးဆုံးသူကို ဖုံးဆက်ပြီး
ပုဂံသွားမယ် အ၀တ်အစား (5)စုံလောက်ယူပြီးလာခဲ့ပြောတာ
နားကြားမှားပြီ ပုဇွန်းခြောက်(50)သားယူပြီးတက်ချလာပါတယ်။

အဲတော့လည်း ငပိချက်တအိုးချက်သွားဖြစ်တာပေါ့။

ကဲ တီအီးကားကြီးနဲ့ ပြည်က မနက်(6)နာရီမှာ ထွက်လိုက်တာ
လမ်းမှာတွေ့တဲ့ သစ်လုပ်ငန်းမှန်သမျှဝင် မုန့်စား ဆီထည့်နဲ့ အလုပ်ကို ဖြစ်လို့
အောင်လံ တောင်တွင်း မကွေးနဲ့ ချီတက်လာလိုက်တာ ပုပါးကို ည(7)နာရီလောက်
ရောက်သွားပါတော့တယ်။

တည်းစရာလည်းသိပ် မရှာရပါဘူး တောင်ပေါ်တက်တဲ့စောင်းတန်းမှာ
ဇရပ်တွေပြည့်လို့

ကျွန်မတို့က အိပ်ယာလိပ်ပါ ပါတာမို့ ကိုယ့်အိပ်ယာလေးကိုယ်ခင်း အိပ်လိုက်ရုံပါဘဲ။

မနက်လင်းမှ ပုပါးတောင်ပေါ်တက် မျောက်တွေကိုမိတ်ဆက် တော တောင် တွေကြည့်ပြီး

နေ့ခင်းနေပူပူမှ ပုဂံကို ဆက်ခဲ့ကြတာပါ။

လမ်းမှာတွေ့တဲ့ ထန်းလျှက်ဖိုကလေးတွေနဲ့ ရေခပ်နေတဲ့လူတွေကို ကြည့်ပြီး
ပင်ပမ်းဆင်းရဲလိုက်တာလို့ ညည်းခဲ့မိပါတယ်။

ပုဂံကို ညနေစောင်းလောက်ရောက်ပါတယ်။
ဒီလောက်လူအများကြီး ဟိုတယ်မတည်းနိုင်ပါဘူး။
အစိုးရ၀န်ထမ်းဘ၀ ချွေချွေတာတာ ချစ်ချစ်ချုပ်ချုပ်ပေါ့
အခုခေတ်လိုမှ မဟုတ်တာ
ဧရာဝတီမြစ်ကမ်းဘေးက ဆွမ်းလောင်းကျောင်းကို ရောက်သွားတာပေါ့။
ဘုန်းကြီးရဟန်းမရှိဘဲ ဆွမ်းချက်လောင်းဘို့နဲ့ ဧည့်သည်တည်းဘို့ဆောက်ထားတဲ့
ကျောင်းကလေးပါ
အုတ်ကျောင်းကလေးဖြစ်ပြီး အာနန္ဒာဘုရားနဲ့နီးပါတယ်။
ကျောင်းမှ ရေချိုးစရာရှိပေမဲ့ ကျွန်မတို့ ရေမကူးတတ်ဘဲ
ဧရာဝတီမြစ်ရေညိုညစ်ညစ်ထဲဆင်းချိုးခဲ့ကြပါတယ်။
ထူးခြားတာကတော့ မနက်ခင်း အာရုံတက်ချိန်မိုးမလင်းခင်မှာ
ဆွမ်းထလောင်းကြပြီး ဆွမ်းခံသူနဲ့ဆွမ်းလောင်သူမြင်ကွင်းက
စိတ်ကို ကြည်နူးစေခဲ့ပါတယ်။

ကျွန်မအနှစ်သက်ဆုံးကတော့ ရွှေစည်းခုံဘုရားပါ။
စိတ်အင်အားကိုပေးတယ်လို့ ခံစားရပါတယ်။
စိန်ဖူးတော်ကို ရေအိုင်ငယ်ကလေးထဲက တဆင့်မြင်ရတာကိုကြည့်ပြီး
မြန်မာ့ရှေးလူကြီးတွေရဲ့ အံမခန်းပညာရပ်တွေ ဘယ်ရောက်ကုန်ပြီလဲလို့
အတွေးနယ်ချဲ့ခဲ့ဘူးပါတယ်။

နတ်လှောင်ကျောင်းကိုကြည့်ပြီးလည်း
အော် တို့မြန်မာဘုရင်တွေ အစွမ်းထက်ပုံများ
နတ်တွေတောင် ကျောင်းထဲထည့်လှောင်နိုင်ခဲ့တယ်နော်ပေါ့

နောက်အာနန္ဒာဘုရား ကို အ၀င်ဝက ဖူးရင် မြင်ရတာနဲ့
တဖြည်းဖြည်းရှေ့တိုးလာချိန်မှာ မြင်ရတဲ့ မျက်နှာတော် အပြောင်းအလဲကိုလဲ
သေချာ အချိန်ယူကြည့်ခွင့်ရပါတယ်။

ရှင်အစ္စဂေါဏကျောင်းကိုလည်း ၀င်ခဲ့ပါတယ်။
ရှင်အစ္စဂေါဏ မတဲ့ကိန်းဆိုက်မည်ကို ယုံကြည်လို့ပါ။

ုပုဂံခရီးစဉ်တလျှောက်လုံးစားခဲ့ရတာတော့
ပုန်းရည်ကြီး၊ပဲခြမ်းကြော်၊လဘက်သုပ်၊ခရမ်းချဉ်သီးချက်နဲ့
အကြော်တို့ပါဘဲ။
ကျွန်မတို့အိုးသူကြီးက တတ်နိုင်တာကျွေးတာလေ
စားဘို့ထက် သွားဘို့အဓိကကိုး။

ပုဂံမှာ (3) ညလောက်အိပ်ပြီးမှ မကွေးကိုပြန်ထွက်လာခဲ့ပါတယ်။
မကွေး မြသလွန်ဘုရားစောင်းတန်းမှာလဲ တစ်ညအိပ်ခဲ့ပါသေးတယ်။
မြသလွန်ဘုရားကနေ ဧရာဝတီမြစ်ကြီးကို ညဖက် ထိုင်ငေးရင်း စကားတွေဖောင်ခဲ့ကြတာပေါ့။
မကွေးရောက်တော့ ကားဆီတွေကျန်နေသေးတာနဲ့
တဖက်ကမ်းကိုကူးပြီး ရွှေစက်တော်ကို ခရီးဆက်သေးတာ
အဲဒီလို စိတ်သွားတိုင်း ကိုယ်ပါခဲ့ကြတာ
တီအီးကားကြီးနဲ့ဖြည်းဖြည်းချင်းသွားရတာမို့ပေါ့
လွန်းပြန်ယာဉ်သာ သုံးခွင့်ရရင် အခုလောက်ဆို ကမ္ဘာကို နှစ်ပတ်လောက်ပတ်ပြီးပြီလေ
ညနေစောင်းရောက်သွားတော့ ချောင်းထဲ ရေဆင်းချိုးလိုက်ကြတာ
ရေက အေးစိမ့်ပြီး ကြည်လင်နေတာမို့ တော်တော်လေး အရသာရှိတာပါလား။
အထက်စက်တော်ရာ ကို ညမိုးချုပ်မှ တက်နိုင်တော့တယ်လေ။
အဲဒီမှလည်းတည်းစရာ မကုန်ပါဘူး သစ်လုပ်ငန်းတဲလေးထဲ
ဝင်တည်းလိုက်ကြတာ အဆင်ကိုပြေလို့ပါ။
အညာဆောင်းကို ပျော်ပျော်ကြီးအန်တု လာခဲ့ပေမဲ့
ရွှေစက်တော်ဆောင်းရဲ့အအေးဒါဏ်ကိုက
တော်တော်လေးရက်စက်ခဲ့တယ်။
တောင်တွေကြားထဲက ချိုင့်ဝှမ်းထဲမှာဖြစ်ပြီး စမ်းချောင်းဘေးမှာဆိုတော့
အေးချက်ကတော့ ကမ်းကုန်ပါဘဲ။
ကျွန်မတို့တွေ ပါလာတဲ့ပရုတ်ဆီတွေတစ်ယောက်နဲ့တစ်ယောက်လူးပေးရင်း
ပိုပိုချမ်းလာတာမို့ မီးထလှုံနေခဲ့ရပါတယ်။
နောက်တစ်ည အိပ်ဘို့ကို ထောက်ခံမဲ့သူမရှိတော့တာမို့
ကားအီအီကြီးနဲ့ ပြည်တော် ပြန်လာပါတော့တယ်။
ပျော်ခဲ့တာပါဘဲ။
(1995)

အမျိုးသားတန်းမြင့်ကျောင်း

ကျွန်မမောင်လေးက ဆရာကန့်တော့ပွဲဖိတ်စာပို့တာနဲ့ အတွေးတွေက
အထက်တန်းကျောင်းသူဘ၀ကို ပြန်ရောက်သွားပါတယ်။
ကျွန်မ သူငယ်တန်းကနေ (10)တန်းအထိနေခဲ့ရတာ

ပဲခူး အ.ထ.က(3) လို့ ခေါ်တဲ့ အမျိုးသားတန်းမြင့်ကျောင်း ပါ။

အမျိုးသားတန်းမြင့်ကျောင်း လို့ ခေါ်လိုက်တာကို ပိုအားရှိပြီး
အဓိပါယ်ပြည့်ဝသလိုပါဘဲ။
နောက်ပြီး အဲဒီကျောင်းမှာ နေခဲ့ရတယ်ဆိုတဲ့အတွေးက
အမြဲတန်း စိတ်အင်အားကိုရှိစေခဲ့ပါတယ်။
တို့က အမှတ်(3)ထွက်လေ ဆိုပြီးတော့ပေါ့။

အမျိုးသားတန်းမြင့်ကျောင်းရဲ့ သင်္ကေတတစ်ခုကတော့
အမျိုးသားနေ့ တန်ဆောင်မုန်းလပြည့်ကျော်(10)ရက်နေ့ကို
ခမ်းခမ်းနားနားလုပ်ကြတာပါ။
မရောက်ခင်တလလောက်ကတည်းက ကျောင်းသား၊ကျောင်းသူတွေကို
အကတိုက် အမျိုးသားနေ့မှာ ကျောင်းကနေရွှေမောဓေါဘုရားအထိ
အကအဖွဲ့တွေနဲ့ တန်းစီလှည့်ကြတာပါ။
ညဘက် အငြိမ့်တွေငှား၊ကျောင်းသားဟောင်းတွေ ညစာစားပွဲလုပ်
ဆရာကန့်တော့ပွဲတွေလုပ်နဲ့ ပျော်စရာကောင်းပါတယ်။

ကျွန်မတောင် အမေကိုမပြောဘဲ အကတိုက်ထားပြီး ၀တ်စုံဘိုးတောင်းခါနီးမှ
အသိပေးလို့ အမေက ဒီနှစ်တော့ရှိပါစေ နောက်မလုပ်ရလို့ အမိန့်ထုတ်လိုက်ပါတယ်။
မဟုတ်ရင် accountant မဖြစ်ဘဲ dancer တွေ ဘာတွေဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။

သူငယ်တန်းကျောင်းသူ ဘ၀ကို အဲဒီမှာ စခဲ့ရပါတယ်။
လက်ဦးဆရာမကတော့ ကျွန်မတို့ခေတ်မှာ နံမည်ကြီး အရိုက်ကြမ်းတဲ့
ဆရာမ ဒေါ်သောင်းသောင်းပါ။
အသံနဲ့ရုပ်ဟန်အမူအယာကို အခုထိ မျက်စိထဲပုံဖော်ကြည့်ရင်
မြင်ယောင်လို့ရပါသေးတယ်။
အဲဒီလောက် စွဲခဲ့တာပါ။

မေလ မွေးတာမို့ ဇွန်ကျောင်းအပ်ချိန်မှာ အသက်မပြည့်ပေမဲ့
ဇွန်လကျောင်းဖွင့်ရက်မှာတော့ ကျောင်းတက်ခွင့်ရခဲ့ပါတယ်။
ကျွန်မက မူကြို(2)နှစ်ကျော် တက်ခဲ့တာမို့
တကယ်တန်းပြောရရင် ကျောင်းပါးဝနေပါပြီ။
ကျောင်းကို ငိုယိုလာတဲ့အဆင့်ကို ကျော်ခဲ့ပေမဲ့
အခြားကလေးတွေ အတန်းထဲမှာ ငိုယိုနေလို့
ဆရာမဒေါ်သောင်းသောင်းက ခြောက်လှန့်ကြိမ်းမောင်းရပါတယ်။
အဲဒီလိုကြိမ်းမောင်းပြီးနောက်နေ့ဆိုရင်
ကျွန်မက သူအခန်း(A) ကနေ ကျောင်းအုပ်ကြီးဦးဝင်းမောင် အမျိုးသမီး
ဒေါ်မြင့်မြင့်ရီ သင်တဲ့ (B) ခန်းကို ကိုယ့်သဘောနဲ့ကိုယ်ပြောင်းတက်နေလိုက်ပါတယ်။
(B)ခန်းက အခြားကလေးတွေကို ဆူပြန်ရင်လည်း
နောက်နေ့ (A) ခန်းပြန်ရောက်သွားပြန်ပါတယ်။
အဲဒီလို ဟိုအခန်းကူးတက် ဒီအခန်းကူးတက်လုပ်ရင်း
စာမေးပွဲဖြေခါနီးရောက်လာတော့
အမေ့ဆရာဖြစ်တဲ့ ကျောင်းအုပ်ကြီး ဦးမြင့်ဦးက မသန်းရီနင့်သမီး စာမေးပွဲဖြေရင်လဲ
ကျောင်းအပ်တော့လို့ ခေါ်ပြောယူရပါတယ်။
ကျောင်းအပ်ရင် အခန်းပြောင်းတက်လို့မရကြောင်းလဲ တခါတည်း သတိပေးလိုက်ပါတော့တယ်။
အမေနဲ့ဆရာမဒေါ်သောင်းသောင်းက မေးပါတယ်။
ဘာလို့အခန်းပြောင်းတက်သလဲတဲ့။
ဆရာမတွေက ဆူတာကိုးလို့ ပြန်ဖြေသတဲ့။
ဒါနဲ့နောက်ဆုံးမှာတော့ အဆူအရိုက်ကြမ်းတဲ့ ဆရာမဒေါ်သောင်းသောင်းစားပွဲခုံဘေးမှာ
ကျွန်မကိုခုံလေးတစ်လုံးနဲ့ မျက်စိရှေ့ထိုင်ခိုင်းထားရပါတော့တယ်။
အခြားကလေးတွေကို ဆူပြီးရင် ကျွန်မကိုဆူတာမဟုတ်ဘူးနော်လို့
ဆရာမက ပြောတာကိုလဲ အခုထိကြားယောင်နေခဲ့ပါတယ်။
အဲဒီလို ကလေးမျိုးပါ။

အမေရိုက်လို့သာ အဆင့်ကောင်းအောင် ကျိုးစားခဲ့ရတာပါ။
သေချာပြန်စဉ်းစားလိုက်တော့ စာကို စိတ်ဝင်းတစားမရှိခဲ့ပါဘူး။
အမေကသာ စောင့်မကြည့်ခဲ့ရင် စာတတ်လာမဲ့ ပုံတော့မရှိပါဘူး။

ဒါပေမဲ့ အပြောင်းအလဲတစ်ခုဖြစ်လာခဲ့ပါတယ်။
ကျွန်မ(6)တန်းနှစ်မှာပါ။
ကျွန်မတို့အတန်းပိုင်ဆရာမက ငွေနဲ့မိဘရာထူးကိုလိုက်ပြီး
အတန်းအစားခွဲတတ်တဲ့သူဖြစ်နေပါတယ်။
ကျွန်မသူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချမ်းသာပြီး
ကိုယ်ပိုင်ကားနဲ့အိမ်က လိုက်ပို့လေ့ရှိပါတယ်။
ကျွန်မကိုလည်း သူ့ကားနဲ့ဝင်ဝင်ခေါ်တတ်ပါသေးတယ်။
နောက်တစ်ယောက်ကတော့ သူ့အဖေက ရာထူးရှိတဲ့သူပါ။
ကျွန်မကတော့ ငွေနဲ့ရာထူးနှစ်ခုစလုံးမရှိတဲ့သူပါ။
ဒါပေမဲ့ အဲဒီဆရာမနဲ့ကျွန်မအမေက ကျောင်းနေဘက်
အမျိုးသားတန်းမြင့်ကျောင်းထွက်တွေပါ။
တနေ့မုန်စားဆင်းချိန်မှာ သူတို့နှစ်ယောက် ကစားပြီးအငြင်းအခုန်ဖြစ်ရာကနေ
နောက်ဆုံးတော့ အားလုံးက ၀င်မကစားတဲ့ ကျွန်မခေါင်းပေါ်အကုန်ရောက်လာပြီး
အတန်းရှေ့ခေါ်ရိုက်ခဲ့တာ ဘယ်လောက်များ ပြင်းထန်သလဲဆိုရင်
အသက်(12)နှစ်မှာ အရိုက်ခံရတဲ့အရှိုးရာက အခု (43)နှစ်အထိ ပြလို့ရပါသေးတယ်။
ကျွန်မ ဘာလုပ်မယ်ထင်ပါသလဲ။
အမေကိုတော့ လုံးဝမပြောပါ ထပ်အရိုက်ခံရနိုင်ပါတယ်။
အိမ်ပြန်ရောက်ပြီး တစ်ညလုံးငို၊စဉ်းစားပါတယ်။

နောက်နေ့မနက်မှာတော့
သူငယ်ချင်းနှစ်ယောက်ကိုလဲပြောလိုက်ပါတယ်။
ငါနင်တို့နဲ့ပေါင်းလို့ မလုပ်ဘဲအရိုက်ခံရတာမို့ ဆက်မပေါင်းတော့ဘူးလို့။

နောက်ကျွန်မအတန်းပြောင်းဘို့ ကိုယ့်ဖာသာ ကျိုးစားယူလိုက်ပါတယ်။
သူငယ်တန်းထဲက အတန်းပြောင်းတက်လာတာလေ
ကျွန်မကိုနားလည်မှုရှိပြီး ပျိုးထောင်ပေးခဲ့တဲ့ဆရာကတော့
ဆရာဦးကြီးမြင့် ဖြစ်ပါတယ်။
သူက သချာင်္ သင်တဲ့ဆရာဖြစ်ပါတယ်။
ကျွန်မကိုလည်းသူ့အတန်းပိုင် အခန်းကိုပြောင်းယူလိုက်ပါတယ်။

(6)တန်းရောက်တဲ့အထိ သချာင်္မှာ အမေက အမှတ်ပြည့်ရအောင်လုပ်ဆိုလို့သာ
လုပ်ခဲ့ရတာပါ။ ဖြေမဲ့နေ့ဆိုရင် အမှတ်ရပါ့မလားလို့ အမြဲတမ်းကြောက်စိတ်ရှိနေခဲ့ပါတယ်။
ဒါပေမဲ့
သချာင်္ဆရာ ဦးကြီးမြင့်ကို လေးစားတဲ့စိတ်ကြောင့် ကျွန်မသချာင်္ကို စိတ်ဝင်စားပြီး
သချာင်္တော်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အခုကျွန်မအသက်မွေးတဲ့ စာရင်းကိုင်ပညာ က သချာင်္ကို အခြေခံတာမို့
ဆရာကို ခဏတိုင်းအမှတ်ရနေဆဲပါ။

သချာင်္ဘယ်လောက်တော်တော် အင်္ဂလိပ်စာကတော့ အခုထိ ညံနေတုန်းပါ။
ကျွန်မတို့တုန်းက (5)တန်းမှ စပြီး ABC သင်ရတာမို့
(4)တန်းနွေရာသီကျောင်းပိတ်ရက်မှာ ကြိုသင်ထားဘို့
အန်တီနှစ် လို့ခေါ်တဲ့ ကျွန်မတို့နဲ့အိမ်ချင်းကပ်လျက် ဒေါ်သန်းနှစ်ဆီကို
နေ့တိုင်းသွားသင်ခိုင်းပါတယ်။
စာသင်ချိန်ရောက်ပေမဲ့ ကျွန်မ ရောက်မလာလို့ အန်တီနှစ်က အမြဲခေါ်ရလေ့ရှိတာကိုလဲ
မမေ့ပါဘူး။
အန်တီနှစ်ဆိုတာ လှပပြီးချမ်းသာတဲ့ဘွဲ့ရအပျိုကြီးဖြစ်ပြီး လှေခါးအဆင်းမှာ လိမ့်ကျလို့
ခြေထောက်နည်းနည်း မသန်တဲ့သူဖြစ်ပါတယ်။
သူက ကျွန်မတို့လို သာမာန်ကလေးတွေကို စာသင်တာပေမဲ့ စာမသင်ခင်မှာ
ရေမိုးချိုးပြီး သန့်ရှင်းမွှေးကြိုင်နေတတ်လို့
ကျွန်မတို့ကလေးတွေ အန်တီနှစ်နားကို လုထိုင်တတ်ကြပါတယ်။
သူက ကြမ်းပြင်မှာ ထမင်းစားခုံဝိုင်းနဲ့သင်တာပါ။

ဆရာဦးကြီးမြင့် အသိအမှတ်ပြုလို့ ကျိုးစားချင်စိတ်ဖြစ်ပြီးနောက်ပိုင်းမှာမှ
ကျွန်မ တကယ်စာကိုစိတ်ဝင်စားလာတာပါ။
ဆုပေးပွဲတွေကိုလည်း အဲဒီနှစ်က စတက်ခဲ့ရပါတော့တယ်။

နောက်ထပ်အမှတ်ရလာတဲ့ဆရာမကတော့ ဆရာမ ဒေါ်ခင်စန်းပါ။
ကျွန်မတို့ကျောင်းက ဆရာမ အများစုက ဒီကျောင်းထွက် အပျိုကြီးတွေဖြစ်
နည်းနည်းလည်း ပညာဂုဏ် ၀င့်တယ်လို့ ထင်ခဲ့မိပါတယ်။
အခြားကျောင်းက ၀င်လာတဲ့ဆရာမတွေဆိုရင် နည်းနည်းလည်း ဆရာပြန်လုပ်တာတွေ့ရပါတယ်
သူတို့လောက်ကျောင်းအပေါ်စေတနာ မထားနိုင်ဘူးလို့လဲ တဖက်သတ်ထင်တတ်ကြပါသေးတယ်။
ဆရာမဒေါ်ခင်စန်းက နယ်ကပြောင်းလာတဲ့သူပေမဲ့ ကျွန်မတို့ကျောင်းထွက် ဆရာမတွေကို
မှီအောင် လိုက်နိုင်တဲ့အပြင် အားနည်းပြီးကျိုးစားချင်တဲ့စိတ်ရှိသူတွေကို ဖေးမခေါ်ယူတာပါတွေ့လိုက်ရပါတယ်။
ကျွန်မတို့ကသူငယ်တန်းကနေ စနေလာတဲ့လူတွေမို့ ခေါက်ရိုးကျိုးနေပေမဲ့
နယ်က အတန်းကြီးမှ ပြောင်းလာပြီး စာတော်တဲ့သူတွေကိုလည်း ဆရာမက ကိုယ်ချင်းစာစိတ်နဲ့
ဆက်ဆံတာတွေကို တွေ့ခဲ့ရလို့
သူနဲ့လက်ပွန်းတတီးမဆက်ဆံခဲ့ပေမဲ့
ကျွန်မစိတ်ထဲမှာတော့ အခုထိ လေးစားနေဆဲပါ။

ကျောင်းကဆရာမအများစုက အမေ့သူငယ်ချင်းအပျိုကြီးတွေဖြစ်ပြီး
စာမေးဘို့နဲ့ရိုက်ဘို့ကတော့ အားလုံးသစ္စာဓိဌာန်ပြုထားသူတွေဖြစ်ပါတယ်။
အဲဒီဆရာမတွေရဲ့ကျေးဇူးကြောင့် အခုလို သက်တောင့်သက်သာအသက်မွေးဝမ်းကြောင်းနိုင်တာပါ။

နောက်ဆရာမတစ်ယောက်ကတော့ ဒေါ်တင်အေးဖြစ်ပါတယ်။
သူက ထက်မြက်မှုနဲ့ အေးချမ်းမှု အစွန်းနှစ်ဘက်ကို နင်းထားတဲ့သူတစ်ယောက်လို့ခံစားရပါတယ်။
စာသင်ချိန်တွေမှာ စိတ်အားထက်သန်သလောက် အပြင်ရောက်သွားတာနဲ့အေးချမ်းတဲ့လူတစ်ယောက်လို့
ကျွန်မမြင်ခဲ့ပါတယ်။
ဆရာမများနားနေခန်းမှာ ဆူညံပွက်လောရိုက်နေတဲ့ ဆရာမတွေကြားထဲမှာ သူ့ကို အမြဲတည်ငြိမ်အေးချမ်းစွာ
တွေ့ခဲ့ရပါတယ်။
အမှန်အတိုင်းဝန်ခံရရင် ငါကြီးလာရင်လည်း သူ့လိုနေမယ်လို့တောင် စိတ်ကူးခဲ့မိပါတယ်။
နေနိုင်အောင်လည်းကျိုးစားခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာပြီးမှ ဆရာမနဲ့နောက်တကြိမ်ပြန်တွေ့ချိန်မှာတော့
သူက ထင်ထားတာထက်ပိုအေးချမ်းပြီး
ကျွန်မဆက်အတုယူရမဲ့ဘ၀မျိုးရောက်နေပါတော့တယ်။

ဆရာမဒေါ်သန်းချစ်
ကျွန်မစာတော်ခဲ့ပေမဲ့ (10)တန်းနှစ်မှာ ကျန်းမာရေးကြောင့် ကျောင်းကောင်းကောင်းမတက်နိုင်ခဲ့ပါဘူး။
နေ့ခင်းထမင်းစားချိန်မှာ အမေက ကော်ဖီနဲ့မုန့်လာလာပို့တတ်လို့
ကျောင်းသားတွေက နင့်အမေ နို့လာတိုက်တယ်လို့ အော် ခံရတဲ့အထိပါ။
စာမေးပွဲဖြေဘို့နီးလာချိန်အထိ ကျွန်မမှာ စာအဆင့်သင့်မရှိသေးပါဘူး။
အဲဒီအချိန်မှာ အမေ့သူငယ်ချင်းလဲဖြစ် ကျွန်မဆရာမလဲဖြစ်တဲ့ ဒေါ်သန်းချစ်က
ဒီနှစ်ဖြေရင် အမှတ်နည်းလိမ့်မယ်နောက်နှစ်မှ ဖြေပါလို့ ခေါ်ဆွေးနွေးပါတယ်။
အဲဒီအကြောင်းကို အမေပြန်ပြောပြချိန်မှာတော့
ခေါင်းမာတတ်တဲ့ကျွန်မက ဒီနှစ်ဘဲဖြေမယ်လို့ ချက်ချင်းတုန့်ပြန်လိုက်ပါတယ်။
ကျွန်မက ဘ၀ကို မခံချင်စိတ်နဲ့မောင်းနှင်တတ်မှန်း အခုအသက်နည်းနည်းကြီးလာချိန်မှာ
သိလာရပါတယ်။
စာကူးဘို့ အချိန်မရတော့တာမို့ အပြင်ကထုတ်တဲ့စာအုပ်တွေ ၀ယ်ပြီး
စာကိုအချိန်ဇယားနဲ့ဖုတ်ပူမီးတိုက် ကြည့်ပါတော့တယ်။
ဆရာဝန်၊အင်ဂျင်နီယာအမှတ်ကို မမှီပေမဲ့
ကျွန်မအခြေအနေနဲ့သင့်တော်တဲ့ စီးပွားရေးတက္ကသိုလ်ကိုရောက်သွားပါတော့တယ်။

အခုပြန်စဉ်းစာကြည့်မိပါတယ်။
ဆရာဝန်ဖြစ်ချင်လား။
စာတော်မှ အမှန်များများရမှ ဆရာဝန်လုပ်ခွင့်ရှိတဲ့တိုင်းပြည်မှာ
လူငယ်တွေ ကိုယ်ဝါသနာမပါဘဲ အသိအမှတ်ပြုခံချင်တဲ့စိတ်နဲ့
ဆရာဝန်ဖြစ်ခဲ့တဲ့လူတွေ ဘယ်လောက်များရှိနေမလဲ
နောက် ဆရာဝန်လောကနဲ့နီးနီးကပ်ကပ်နေကြည့်လိုက်တဲ့အချိန်မှာ
ကျွန်မဆရာဝန်မဖြစ်တဲ့အတွက် နောင်တမရပါ။

အင်ဂျင်နီယာဖြစ်ချင်ပါသလား
ကျန်းမာရေးမကောင်းတဲ့ မိန်းခလေးတစ်ယောက်အတွက်
ဘယ်လိုများ ယောက်ကျာင်္းတွေနဲ့ရင်ဘောင်တန်းပြီး
အလုပ်ခွင်ဝင်နိုင်ပါ့မလဲ။

အခုတော့ ကျွန်မစာရင်းကိုင်လေးပါ။
အဲဒီအတွက်လည်း အမြဲတန်း ကျေနပ်နေဆဲပါ။

နောက်ဆရာမတစ်ယောက်ကတော့
အင်္ဂလိပ်စာမှ နံမည်ကြီးတဲ့ ဒေါ်စန်းမြင့်ပါ။
(10)တန်းမှာ ကျွန်မက ကျောင်းတက်လိုက်မတက်လိုက်ဖြစ်နေချိန်
အတန်းထဲမှာ စာမေးခံရပါတယ်
Form the earth to the moon
သင်တဲ့အချိန်ပါ။
crawl ဆိုတဲ့စာလုံးအဓိပါယ်ကို မသိတဲ့အတွက် ရိုက်လိုက်တာ
လက်တင်မဟုတ်ဘူး ကိုယ်တွေပါ အရိုက်ခံခဲ့ရပါတယ်။
ဆူလဲဆူရိုက်လဲရိုက်မို့
တော်တော်လေးရှက်သွားခဲ့ပါတယ်။
အဲဒါ 1983ခုနှစ်ကပါ။
1993ခုနှစ် ကျွန်မ မြန်မာ့သစ်လုပ်ငန်းမှာ အရာရှိငယ်စာမေးပွဲ ၀င်ဖြေခဲ့ပါတယ်။
အစကတည်းက အင်္ဂလိပ်စာက ခပ်ညံညံ မဖြစ်လို့သာသင်ခဲ့တာ
(10)တန်းအောင်ပြီး အင်္ဂလိပ်စာနဲ့တော်တော်လေးဝေးခဲ့ပါတော့တယ်။
စာမေးပွဲမှာ စာရင်းကိုင်၊အင်္ဂလိပ်စာနဲ့ ဗဟုသုတဖြေရပါတယ်။
အင်္ဂလိပ်စာမှာ Direct & Indirect ပြောင်းတာလုပ်ခိုင်းပါတယ်။
လွန်ခဲ့တဲ့ (10)နှစ်က သင်ခဲ့တဲ့ အတန်းထဲမှာ မနက်တိုင်းအော်ဟစ်ခဲ့ရတာကို
ပြန်စဉ်းစားလိုက်တော့

Direct ကနေ Indirect ကိုပြောင်းတဲ့အခါမှာ " ကော်မာ အတွင်းက
ဝါကျအမျိုးအစားကို ကြည့်ရပါတယ်။
statement ၀ါကျဖြစ်လို့ reporting verb said to ကို told ကိုပြောင်းပြီး
" ကော်မာအပြင်ဘက်က ၀ါကျကို အစမှ အဆုံးထိ ချရေးရပါမယ်။
" အတွင်းက I က first person ဖြစ်လို့ ၀ါကျအပြင်က subject ကိုရည်ညွှန်းပါတယ်။
............................
............................
အဲဒီလိုပြန်ရွတ်ရင်း ရိုက်တဲ့ဆရာမဒေါ်စန်းမြင့် မျက်နှာကို မြင်ယောင်ရင်း
အင်္ဂလိပ်စာညံတဲ့ကျွန်မတော်တော်လေးဖြေနိုင်ခဲ့ပြီး
မြန်မာ့သစ်လုပ်ငန်းမှာ အငယ်တန်းအရာရှိဖြစ်သွားပါတော့တယ်ဆရာမ။

ဆရာကြီးဦးဝင်းမောင်
ဆရာကြီးက ကျွန်မအမေရဲ့တကယ့်ဆရာအရင်းဖြစ်ပါတယ်။
ကျွန်မရဲ့ဆရာလည်းဖြစ်ပါတယ်။
ဆရာကြီးက အရက်သောက်တယ်လို့နံမည်ကြီးပါတယ်။
အရက်သောက်တဲ့သူအများစုက မှတ်ဥာဏ်ချို့ယွင်းတယ်လို့
ဘယ်လိုပင် ပြောပြပါစေ။
ကျွန်မတို့(10)တန်း ရူပဗေဒဘာသာသင်ဘို့ အခန်းထဲဝင်လာရင်
လက်ထဲမှာ ဘာစာအုပ်မှ မပါသလို အခြားဆရာ ဆရာမတွေလို
မနေ့က ဘယ်ရောက်သွားပြီလဲလို့ ဘယ်တုန်းကမှ မေးလေ့မရှိတာ
ကျွန်မသေချာ မှတ်မိနေပါတယ်။
အခုတော့ ဆရာကြီးကွယ်လွန်သွားပြီလို့ သိလိုက်ရပါတယ်။

အဲဒီလိုဆရာ၊ဆရာမတွေ အခုလို အသက်တွေကြီးတဲ့အချိန်မှာ
ကျွန်မတို့အနေနဲ့ ဦးချကန့်တော့ဘို့
အဆင်သင့်ဘဲဆိုတာ....................................

Tuesday, September 15, 2009

ဗိုက်ပူခြင်း

သူငယ်ချင်းတွေကြားမှာ ပြောကြတဲ့စကားတစ်ခုရှိပါတယ်။
ဗိုက်ပူမှ ကြိုက်သူ ရှိမယ် ဆိုတာလေ။
အဲဒီစကားက ကျွန်မနဲ့အလှမ်းကွာဝေးလှပါတယ်။
အသက် 40 အထိ ပေါင် 100 ပတ်ဝန်းကျင်လောက်မှာဘဲရှိပြီး
ပိန်ညှောင်နေတဲ့ ကျွန်မက ဗိုက်ပူတယ်ဆိုတာ ကိုယ်နဲ့မဆိုင်သလိုနေခဲ့မိပါတယ်။

စင်ကာပူရောက်ခါစက သူငယ်ချင်းတွေ ပြန်တွေ့ရင်
အားလုံးက ၀ လာတဲ့ လူတွေမို့
ကျွန်မတွေ့တွေ့ချင်း ၀ လာလိုက်တာ လို့ နှုတ်ဆက်လေ့ရှိပါတယ်။

သူငယ်ချင်းတစ်ယောက်ကတော့ ပြန်ပြောသွားပါတယ်။

လူဝပြီး စိတ်ပိန်တယ် ဟေ့ တဲ့
ဟုတ်မှာပါလို့ စိတ်ထဲ တေးထားလိုက်ပါတယ်။

ကျွန်မက ဘောင်းဘီကို ချက်အောက်လျှောဝတ်တဲ့လူတွေကိုတွေ့တိုင်း
သူတို့ထိုင်လိုက်ရင် နောက်ကနေ အမြင်မတော်တာမို့
အော် ဒုက္ခလို့ အမြဲ အမြင်ဆင်းရဲလေ့ ရှိပါတယ်။

ဒါပေမဲ့ ရောက်ပြီး တစ်နှစ်လောက်အကြာမှာတော့
ဗိုက်ပူတဲ့ လူတွေကိုရော
ဘောင်းဘီချက်ပြုတ် ၀တ်တဲ့တွေကိုရော
နားလည်လာပါတော့တယ်။

အသက်အရွယ်အရ

သွားစရာနေရာမရှိလို့ အလုပ်စားပွဲမှာ တနေကုန်ထိုင်ရ

ကျန်းမာရေးကောင်းမှဆိုပြီး နေ့တိုင်း ပဲနို့ရည်သောက်

ဆာဆာ မဆာဆာ အချိန်ကျရင်စားနဲ့

ကျွန်မလဲ ကြိုက်သူမရှိတဲ့အရွယ်ရောက်မှဘဲ ဗိုက်ပူလာပါတော့တယ်။

ကဲ
ဗိုက်ပူတော့ ဘောင်းဘီတွေက ခါးကနေ ရင်ခေါင်းတက်
ထိုင်လိုက်ရင် ဘေးကွဲနဲ့
အသစ်ဝယ်ဘို့ ကျိုးစားရပါတော့တယ်။

အသစ်ဝယ်ပြန်တော့လည်း ချက်ပြုတ်တွေမို့
ကျွန်မ ဂျီးများနေပေမဲ့
နောက်ဆုံး မဖြစ်တော့တာမို့
မျက်စီမှိတ်ပြီး ချက်ပြုတ် တစ်ထည် ၀ယ်လိုက်ပါတော့တယ်

အိမ်ရောက်မှ သေချာဝတ်ကြည့်လိုက်တော့
အိုး
သူက ပူနေတဲ့ ဗိုက်အောက်ကို ရောက်သွားတာမို့
အရင်တုန်းကထက် အများကြီးနေသာသွားတာပါလား

ကဲ အခုတော့ ဗိုက်ပူပြီး ချက်ပြုတ်ဝတ်တဲ့လူတွေကို နားလည်လာပေမဲ့
ထိုင်လိုက် ကုန်းလိုက်ရင် ခါးပေါ်မှာစိုးလို့
ခါးရှည်တဲ့ အင်္ကျီကိုရွေးဝတ်နေရဆဲပါ။

ခါးတိုတိုနဲ့ ချက်ပြုတ်ဝတ်တဲ့လူတွေကို နားလည်လာမဲ့နေ့
ဘယ်တော့လဲဆိုတာ
ကျွန်မ အခု မပြောနိုင်သေးပါကြောင်း

ယဉ်ကျေးမှု

စင်ကာပူနိုင်ငံသားခံလိုက်တဲ့ ကျွန်မ မိတ်ဆွေမှာ အမွှာသားလေးနှစ်ယောက်ရှိပါတယ်။
ကျွန်မတို့စကားပြောရင်း သူရောက်ခါစက အဖြစ်အပျက်ကလေးကိုပြောပြပါတယ်။
သူ့သားနှစ်ယောက်နဲ့ ကားပေါ်တက်တော့ ကားစအထွက်မှာ
သူ့သားအငယ်က သေချာမကိုင်ထားလို့ အရှိန်လွန်ပြီး
အခြားလူတစ်ယောက်ကို တိုးမိပါတယ်တဲ့။
အဲဒီလူက ကလေးကို You say ' sorry ' ဆိုပြီး လက်မောင်းက ကိုင်လှုပ်ပါတယ်
ကလေးကကြောက်လို့ တုန်နေတာ အဲဒါ အမေလုပ်သူက ကြားထဲက တောင်းပန်ယူရပါတဲ့။

ကျွန်မကတော့ မှတ်မှတ်ရရ sorry နှစ်ခါရဘူးပါတယ်။

Lake Side ဘူတာ ရထားအဆင်းမှာ အမျိုးသားတစ်ယောက် နောက်ကနေ
ကျွန်မဖိနပ်ကိုတက်နင်းလိုက်တာ သဲကြိုးပြတ်သွားပါတယ်။
ဘာလုပ်ရမှန်းမသိသေးခင်မှာ sorry လို့ပြောပြီး ထွက်သွားလိုက်တာ
တချက်တောင်ပြန်လှည်ကြည့်ဖော်မရပါဘူး။
ရုပ်ရှင်တွေထဲမှာတော့ မင်းသားက ဖိနပ်ပြေးဝယ် ပြတ်နေတဲ့ဖိနပ်ကလေးသိမ်းထား
မင်္ဂလာဆောင် ဒါမှမဟုတ် အဖြေပေးတဲ့နေ့မှ ထုတ်ပြနဲ့
အိုး စိတ်ကူးယဉ်လို့ကောင်းမှ ကောင်း
ကျွန်မကတော့ ရုံးကို ဖိနပ်ဒရွတ်ဆွဲပြီးသွားလိုက်ပါတယ်။

နောက်တခါကတော့ ရုံးအလာ အနီလိုင်းရထားပေါ်မှာပါ။
အနီလိုင်းရထား Jurong East ကိုဝင်ခါနီးရင် လမ်းကွေ့တက်ရလို့
အမြဲတမ်း ရမ်းခါသွားတာ စီးဖူးတဲ့လူတိုင်းသတိထားမိပါတယ်။
အဲဒီအချိန်မှာ တရုတ်အမျိုးသမီးတစ်ယောက် ပဲကတော့ အပြည့်နဲ့
ရထားအလှုပ်မှာ သူ့ဒေါက်ဖိနပ်နဲ့ ယိုင်ပြီး ကျွန်မကိုတက်နင်းချလိုက်တာ
သတိလက်လွတ်ထအော်မိတဲ့အထိ နာလိုက်တာ
သူကတော့ မျက်နှာကိုတောင်မကြည့်ဘဲ
sorry တဲ့
အော် ကိုယ်လဲ သူတို့နယ်မြေမှာနေနေရတော့ sorry လေးနဲ့ဘဲ
နာတာကို မှတ်လိုက်ရပါတယ်။

အော် အမှားလုပ်မိရင် sorry လို့ပြောတာ ယဉ်ကျေးမှုပါ။
ဒါပေမဲ့ အဲဒီလိုအခြေအနေမျိုးကတော့ sorry ယဉ်ကျေးမှုကို လက်ခံလိုက်ဘို့နည်းနည်း
ခက်ခဲပါတယ်။ ကျွန်မအတွက်ပါ။

ရွာမှာ လိုင်းကားစီးတုန်း ပစ္စည်းတွေ မနိုင်မနင်းဖြစ်နေတဲ့သူကို ထိုင်ရတဲ့လူက
ကိုင်ထားပေးခဲ့တာ
ကလေးငယ်တွေကို ပေါင်ပေါ်ခေါ်တင်ထားပေးတာ
လူကြီးနဲ့ ကိုယ်ဝန်ဆောင် မသန်စွမ်းတဲ့လူတွေကို တချို့လူတွေက ထိုင်ဘို့နေရာ
ဖယ်ပေးတတ်တာကို ပြန်အမှတ်ရလာမိပါတယ်။

ယဉ်ကျေးမှု ကွာဟ တာထင်ပါရဲ့

စလုံးမှာ ရထားကြပ်ချိန်မှာ အထဲကို ၀င်မပေးတဲ့လူတွေတွေ့တိုင်း
ရွာက စပါယ်ယာတွေကို ပြေးပြေးမြင်လာသလို

ဘယ်ဆင်းရမှန်းမသိ ဖြစ်နေချိန်မှာ မှတ်တိုင်ရောက်ရင်
အော်လည်းအော် ဆွဲလည်းချတဲ့ သူတွေပေါ့

ရန်ကုန်မှာ ရုံးတက်ဆင်းလုပ်နေတဲ့ သူငယ်ချင်းက
တို့က ရုံးတက်ရင် HT ခြေရာလေးတစ်စုံပါတဲ့ တံဆိပ်မျိုးဝတ်တာတဲ့
ဒါပေမဲ့ တို့က လက်ရာတဲ့
စပါယ်ရာက နောက်ကနေတွန်းတင်လို့တဲ့

အော် နေရာတိုင်း အကောင်းဆိုးတွဲနေတာပါဘဲ

ကိုယ်ယဉ်ကျေးမှုနဲ့ကိုယ်ပေါ့လေ

Sunday, September 13, 2009

မခင်ဦးမေ

ကျွန်မရွာပြန်မယ်လို့ ဆုံးဖြတ်ပြီး ချိန်မှာ မခင်ဦးမေရဲ့ yangong at a glance
ကိုဖတ်လိုက်ရပါတယ်။

အဓိက အစားအသောက်နဲ့ အိမ်သာ အခက်အခဲကို ရေးသွားတာပါ။

မြန်မာပြည်မှာတုန်းက ကျွန်မလည်း အိမ်သာ ကိစ္စအတွက် ဒုက္ခရောက်ပေါင်းများစွာ
ရောက်ခဲ့ပါတယ်။
အရှက်ကွဲပေါင်းလည်း များခဲ့ပါတယ်။
ပထမဦးဆုံးအမှတ်မိတာက ကျွန်မ သမိုင်းဝန်း ကံကော်ဆောင်မှာ နေစဉ်ကပါ။
ကျွန်မအိမ်က ပဲခူးမှာမို့ ပဲခူးကအပြန်ကားစီးလာတုန်း မိုးကလည်းရွာနေတော့
အပေါ့သွားချင်စိတ်ဖြစ်လာတာ လမ်းမှာလဲကားတွေက ရပ်လေ့မရှိတာရော
အသက်ခပ်ငယ်ငယ်မို့ ပေါက်တောပါတယ် အော်ရမှာ ရှက်တာရော
အတင်းအောင့်လာခဲ့ပါတယ်။
RC 2 ကွေ့မှာလဲဆင်းရော မိုးတွေကလည်းရွာနေ
ပိတ်ရက် တနင်္ဂနွေမို့လူပြတ်တာရော ပေါင်းပြီး ကျွန်မ မထိန်းနိုင်တော့ဘဲ
မိုးရေနဲ့ ရောချလိုက်ပါတော့တယ်။
အဆောင်ရှေ့လဲရောက်ရော အဆောင်ပေါ်မတက်နိုင်ဘဲ
ကဲ သူငယ်ချင်းတို့ရော ငါ့ကို ထမီတထည်နဲ့ ဆပ်ပြာခွက်ရေခွက်သာ ယူလာပေးပါတော့လို့
အော်ခဲ့ရပါတယ်။

နောက်တခါကတော့ ပုဂံဘုရားဖူးသွားတာပါ။
အဲဒီတုန်းက ကိုယ့်အုပ်စုလေးနဲ့ကိုယ် ကားငှားသွားပေမဲ့
ပုဂံနဲ့ ပုပါး ကြားမှာ ၀ိတ်လျော့ချင်လာတာနဲ့ နေရိပ်တဲ့ ထန်းပင်အောက်မှာ ကားရပ်ပြီး
အပြိုင်အဆိုင် ကြဲကြတာပေါ့။ သွားတာကလဲ ကားသမားကလွဲရင် မိန်းခလေးတွေမို့
သိပ်ဂရုမစိုက်ဘူးပေါ့။
ဒါပေမဲ့ ကိစ္စပြီးလို့ ထန်းပင်ပေါ်မော့ကြည့်လိုက်မှ အပင်ပေါ်မှာ ထန်းတက်သမားရှိနေလေရဲ့
ဒါက တမျိုး

နောက်တခါက ကုန်သည်လမ်းပေါ်က မြန်မာ့အာမခံလုပ်ငန်းကို သွားတာ
ဝိတ်လျော့ချင်ပြန်ရော
ဒါက ရုံးဆိုတော့ ကိစ္စမရှိဘူးလေ
ဒါပေမဲ့ ကိစ္စရှိလာတာပါဘဲ။
ကျွန်မ၀င်တဲ့ အိမ်သာချက်က ပြန်ဖွင့်မရလို့ နည်းနည်းကြာနေတုန်း
အတူသွားတဲ့ ညီမလေးက ဘာဖြစ်လဲလို့ အပြင်က လာမေးမှ
ငါ့ကို ကော်စရာ တစ်ခုခုသာ သွားရှာခဲ့ပါလို့ ခိုင်းလိုက်ရတယ်။
နောက်ဆုံး ၀န်ထမ်းတစ်ဦးရဲ့ ထမင်းစားဇွန်းကို ငှားပြီး ဂလန့်ကို ဖွင့်ခဲ့ရပါတော့တယ်။
အခြားဝန်ထမ်းတွေကလည်း ဘာဖြစ်တာတုန်းလို့ လာမေးကြလို့
လိုတာထက်ပို ကျယ်ပြန့်ကုန်ပါတော့တယ်။

ရန်ကုန်မြို့ထဲမှာ အရင်တုန်းက ၀ိတ်လျော့ချင်ရင် ဆူးလေဘုရားကိုပြေးခဲ့ရပြီး
sukura ဆောက်ပြီးမှ အဲဒီမှာ သူငယ်ချင်းတစ်ယောက် အလုပ်လုပ်နေတာမို့
သူ့ဆီကို ကြုံတိုင်း ၀င်ခဲ့ရပါတော့တယ်။

ကျွန်မက အပြင်စာကို ကြေးအိုးလောက်သာ သောက်တတ်တာမို့
ဝမ်းလျောတာနည်းပါတယ်။

အဲဒီလို အစားအသောက်နဲ့ အိမ်သာ အခက်အခဲဆိုတဲ့

အကြောင်းပြချက်ကလေးနဲ့တော့

ကျွန်မချစ်ခင်တဲ့ မြေကို ပြန်မဲ့စိတ်ကူးကိုတော့

ဘယ်လိုမှ မဖျက်နိုင်ကြောင်းပါ။

Saturday, September 12, 2009

ရွာပြန်ခြင်း

ကျွန်မဖတ်ဖူးတာလေးတစ်ခုရှိပါတယ်။

လူတစ်ယောက်ကသေပြီး ဘ၀တစ်ခုကို ရောက်သွားတယ်တဲ့။
အဲဒီဘ၀မှာ သူတောင့်တလိုက်တာနဲ့ အလိုလိုပြည့်လာတယ်။
ပထမတော့ သူကတော်တော်လေး စိတ်ချမ်းသာနေတာပေါ့။
နောက်နည်းနည်းကြာလာတော့ အဲဒီရောက်နေတဲ့ဘ၀ကို ငြီးငွေ့လာပြီး
ပိုင်ရာဆိုင်ရာတွေဆီ သွားပြီးတောင်းဆိုသတဲ့
သူ့ကို ငရဲပြည်ကို ပို့ပေးပါလို့။
အဲဒီအခါမှာ သက်ဆိုင်ရာက ပြန်မေးတယ်တယ်။

လူကြီးမင်း အခု ဘယ်ကို ရောက်နေတယ် ထင်ပါသလဲတဲ့။

ကျွန်မကတော့ ဘ၀မပြောင်းဘဲ
တစ်လ အလည်ထွက်လာတဲ့ စင်ကာပူ (စီကာစဉ်ကာပူရတယ်လို့ သူငယ်ချင်းတွေက ပြောတာဘဲ)ကို
သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ အလုပ်ချက်ချင်းရပြီး တစ်နှစ်ကျော်လောက် သောင်တင်နေပြီးတဲ့အခါမှာတော့
ရွာပြန်ဘို့ အခွင့်အလမ်းပေါ်လာခဲ့ပါတယ်။
နေခွင့်သက်တမ်းရှိနေဆဲမှာ ပြန်မယ်လို့ ပြောလိုက်တော့
နားလည်ပေးတဲ့ သူငယ်ချင်းအနည်းစုကလွဲရင်
ဝိုင်းပြီးမှတ်ချက်ပေးလိုက်ကြတာ
ရူးနေလားတဲ့
အဲဒါနဲ့ ဘယ်ရောက်နေမှန်းမသိတဲ့ လူကြီးမင်းလို ပြန်စဉ်းစားလိုက်တော့

ကျွန်မတစ်ယောက်ထဲအမြင်ပြောရရင်

စင်ကာပူဆိုတာ
ရုပ်ရှိပြီး နာမ်မရှိတဲ့ ဗြဟ္မာဘုံ ထင်ပါရဲ့လို့
ရူးကြောင်ကြောင်တွေးမိပါတယ်။

ဘယ်သူတွေ ဘယ်လို့မှတ်ချက်ပေးကြပါစေ။
ကျွန်မကတော့ ဗြဟ္မာဘုံကနေ လူ့ဘုံရွာကလေးကိုပြန်ဘို့ ပြင်ဆင်နေပါပြီ။

Friday, September 11, 2009

နောင့်နောင့်

ကျွန်မဘ၀မှာ ကံကောင်းတာတစ်ခုရှိပါတယ်။
လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ တွေ့ခဲ့ရတာပါ။

ကျွန်မအကျင့်က အခြားလူတစ်ယောက်လုပ်တာ ကောင်းတယ်လို့ထင်ရင် အတုယူတတ်တာပါ။
ကျောင်းနေတုန်းက ကျွန်မ မြန်မာစာလက်ရေးက ဖတ်ရရုံပါ။
ဒုတိယနှစ် ကျုရှင်တက်တော့ ဆရာ ဦးဝင့်ကျော်ရဲ့လက်ရေးလှတာကိုကြည့်ရင်း
နောက်ပိုင်းမှာ ကျွန်မလက်ရေးကောင်းတာကို သတိထားမိပါတယ်။
ကွန်ပြူတာသုံးပြီး နှစ်အတော်ကြာလာချိန်မှာတော့ လက်ရေးတွေက မူလအတိုင်း ပဲတီပင်ပေါက်ပြန်ဖြစ်ပြီး
ချရေးရမှာ ပျင်းတတ်လာတာ စက်ရဲ့ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်လာတာပါ။

ကိုယ့်အထက်လူဆီက ပညာယူရတာ သဘာဝမို့မထူးဆန်းပေမဲ့
ကိုယ့်ထက် အသက် ရာထူး ငယ်တဲ့လူတွေဆီကလည်း ပညာရခဲ့တာတွေ အများကြီးပါ။

ကောင်းတဲ့ပညာတွေက ပိုများတာမို့ ကံကောင်းတယ်လို့ပြောနိုင်ခဲ့တာပါ။

အထက်လူကြီးတွေကိုပြန်ပြီး Manage လုပ်ရတာခက်သလို
ကိုယ်နဲ့တွဲလုပ်ရတဲ့လူတွေကိုလည်း ကျွန်မအမြဲစောင့်ကြည့်တတ်ပါတယ်။
သူတို့ရဲ့အားနည်းချက် အားသာချက်တွေသိရရင် လုပ်ရတာ ပိုပြီးအဆင်ပြေလို့ပါဘဲ။
Self Motivatin ရှိလား
Confidence ရှိလား
Social Skill
လား
လား
ပေါ့

အမှတ်ရစရာတွေထဲက တစ်ယောက်အကြောင်းကိုပြောရရင်

လွန်ခဲ့တဲ့ 3နှစ်လောက်က ကျွန်မအလုပ်ကို အသစ်တစ်ယောက်ဝင်လာပါတယ်။
လူတစ်ယောက် အသစ်ဝင်လာရင် ထုံးစံအတိုင်း အဟောင်းတွေနဲ့မိတ်ဆက်ပေး
ကျွန်မဌာနရဲ့တာဝန်နဲ့စည်းကမ်းတွေကိုပြောပြ
အခြားသူတွေ တစ်ဦးချင်းစီရဲ့အလုပ်တွေကိုပြော
သူလုပ်ရမဲ့အလုပ်တာဝန်တွေကိုပြောနဲ့
မောလို့ ရပ်လိုက်ချိန်မှာတော့

အသစ်ဝင်လာတဲ့ညီမလေးက တခွန်းပြန်မေးပါတယ်

မန်နေဂျာကျွန်မကို အစ်မကရော ဘာလုပ်လဲတဲ့

ဌာနတစ်ခုရဲ့မန်နေဂျာဟာ ဌာနတာဝန်၊၀န်ထမ်းအားလုံး
တာဝန်ခံလို့ထင်ထားတာကိုး

အရင်ဝင်လာတဲ့လူတွေတုန်းကလဲတခါမှ အမေးမခံရဘူးတော့

သူမေးလိုက်မှ နည်းနည်းကြောင်သွားတာရော
စတွေ့တွေ့ချင်း မရစ်ချင်တာကြောင့်
စိတ်ကို အသာလျော့လိုက်ပြီးမှ

ငါ့အလုပ်က နင်တို့အားလုံးကို စေ့စေ့ထိုင်ကြည့်တာလေလို့ပြန်ဖြေလိုက်ပါတယ်။

သူ့ဆီကရလိုက်တာကတော့ ကိုယ်သိချင်တာရှိရင် ကြောက်စိတ်ကို
ဘေးဖယ်ပြီး ပွင့်ပွင့်လင်းလင်းမေးလိုက်ဘို့ပါဘဲ။

တချိန်တည်းမှာဘဲ သူက နောက်ပိုင်းမှာ ငါဆရာပြန်ခေါ်လောက်တဲ့သူ ဖြစ်လာမယ်ဆိုတာ
သိလိုက်ပါတယ်။

အဲဒီတစ်ယောက်ကတော့ နောင့်နောင့် (ခေါ်) နန်းမေဇင်အေးပါတဲ့။

Thursday, September 10, 2009

ခိုင်ညွှန့်-စာအုပ်မေတ္တာလက်ဆောင်တောင်းသူသို့

သူငယ်ချင်းတစ်ယောက်က ကျွန်မဘလော့ကို ၀င်ကြည့်ပြီး
နင်ကြီးလာရင် စာရေးဆရာ လုပ်ပါလားတဲ့။
ငါ့ကိုလည်း မေတ္တာလက်ဆောင်စာအုပ်ပေးနော်တဲ့။
ပြောပုံက
အော် သူ့ခမျာ မြန်မာစာပေလောက တည်တန့်နေတာကို မကြည့်ရက်ဘူးထင်ပါရဲ့။

ကြီးလာရင်ဆိုတော့ အခု ကျွန်မအသက်က သိပ်မကြီးသေးဘူးလို့
သူထင်ထားမှာပေါ့ သူနဲ့ ရွယ်တူကိုး။

သူမေတ္တာလက်ဆောင်စာအုပ်တောင်းလိုက်တဲ့ခဏမှာ ကျွန်မသတိရလိုက်တာက
စာပေအနုပညာလောကကို သရော်ထားတဲ့ ကာတွန်း Mg Wunna ( မြန်မာလို့ မရိုက်တတ်လို့)ရဲ့
ကာတွန်းတခုကိုပါ။

ခေါင်းစဉ်က ခွက်ဖြစ်ခြင်းတဲ့

Mg Wunna ရဲ့ထုံးစံအတိုင်း သမိန်ပေါသွပ်နဲ့ အာတာလွတ်မြို့စားကြီးပေါ့
သမိန်ပေါသွပ်ရှေ့မှာ အာတာလွတ်မြို့စားကြီးက လေလည်တာ အသံကျယ်သွားတော့
သမိန်ပေါသွပ်က မြိ့စားကြီးလေလည်တာတောင် ဒီလောက် အသံအောင်ရင်
စီရီးသွင်းလိုက်ရင် အသံသိပ်ကောင်းလို့ အောင်မြင်မှာလို့ မြှောက်ပေးလိုက်တယ်။
မြို့စားမင်းဆိုတာတွေကလည်း သိပ်ဦးနှောက်ရှိတာတွေမှ မဟုတ်တာ
အောက်ကလူတွေမြှောက်ပေးရင် အကုန်လုပ်တတ်တာက ခပ်များများမို့လား

မြို့စားမင်းက မေးတယ် အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ရလားတဲ့

သမိန်ပေါသွပ်က ပြန်ဖြေတယ် အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ရပါတယ်တဲ့။

အဲဒီလိုဆရာတပည့်အပေးအယူတည့်ပြီးနောက်မှာ မြို့စားမင်းစီးရီးထုတ်ဘို့
သမိန်ပေါသွပ်ကို လွဲအပ်လိုက်တာပေါ့။ နိုင်ငံတော်ငွေထဲက စိတ်ကြိုက်ယူသုံးပေါ့။
မြို့စားမင်းကိုလည်းမင်းသမီးတွေနဲ့ အခြားလူတွေက MTV ရိုက်နေကြတာမို့
အပြောင်းအလဲဖြစ်အောင် အခြောက်တွေခေါ်သုံးပေါ့

စီးရီးလည်းပြီးရော မြို့စားမင်းလည်း ပိုင်တာဆိုလို့
ခွက်တစ်ခုဘဲကျန်တော့တယ်တဲ့

အဲဒါနဲ့
မြို့စားမင်းက မေးတယ် သမိန်ပေါသွပ်ကို သူ့စီရီးဘယ်လိုဖြန့်ထားတုန်းပေါ့

မြို့စားမင်းအမိန့်သုံးပြီး မယူမနေရစံနစ်နဲ့ အခမဲ့ဖြန့်ထားကြောင်း ပါတဲ့။

အဲဒီတော့ မြို့စားမင်းက ပြောတယ် မင်းအစတုန်းက ပြောတာက
အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ရတယ်ဆိုပေါ့

သမိန်ပေါသွပ်က ပြန်ပြောပါတယ်။

မှန်လှပါ မြို့စားမင်း အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ရပါတယ်။

ဟဲဟဲ ပြန်ရောင်းလို့သာ မရကြောင်းပါ တဲ့။

ကဲသူငယ်ချင်း ငါစာရေးပြီး အားလုံးကို အခမဲ့ဝေ၊ လဘက်ရည်တိုက်ဘို့အတွက်
ပိုတ်ဆံစုလိုက်ပါဦးမယ်။
လောလောဆယ်မှာတော့ တာဝန်ယူရမဲ့ လူတွေရှိနေလို့
အာတာလွတ်မြို့စားမင်းလို ခွက်ချည်းကျန်နေလို့ မဖြစ်သေးပါကြောင်း။

ကံချွန်-အင်တာဗျူး

ကာတွန်းနဲ့ပန်းချီဆရာ ကံချွန် ကွယ်လွန်တယ်လို့ ဖတ်ရတော့ တော်တဲ့လူတစ်ယောက် သေပြန်ပြီလို့
စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
သူမသေခင်နောက်ဆုံးအချိန်တွေအကြောင်းဖတ်လိုက်ရတော့လည်း သူက တော်တဲ့အပြင် ခံနိုင်ရည်ရှိတဲ့လူတစ်ယောက်
ဆိုတာ ပိုသိလာရပါတယ်။
သူသေမယ်ဆိုတာကို ကြိုသိပြီး ပန်းချီပြပွဲကိုလုပ်ခဲ့တယ်တဲ့။
အဲဒီပြပွဲတွေမှာ သူ့ကိုဆေးကုတဲ့ဆရာဝန်ကြီးပုံတွေကိုလည်းဆွဲခဲ့သေးတယ်တဲ့။
ပန်းချီပြပွဲနောက်ဆုံးနေ့ အိမ်ပြန်ရောက်ပြီး ခဏအကြာမှာ ဆုံးတယ်ဆိုတော့
နောက်ဆုံးအချိန်အထိ လောကထဲမှာ တကယ်နေထိုင်အသက်ရှင်သွားတာပါလားလို့
တွေးမိပါတယ်။
ကံချွန်နဲ့ပတ်သက်ပြီး ခဏခဏဖတ်ဖူးပါတယ်။
အခုပြန်စဉ်းစားလိုက်တော့ အင်တာဗျူးနဲ့ပတ်သက်ပြီးနှစ်ခုပေါ်လာပါတယ်။
မင်းသားမင်းသမီးတွေကို စာစောင်တွေ မဂ္ဂဇင်းတွေက အပြိုင်အဆိုင် အင်တာဗျူးခေတ်ထချိန်က
ဖတ်ခဲ့ရတာပါ။
သူရေးထားတဲ့အကျဉ်းချုပ်က သူကိုဘယ်သူကများ အင်တာလာဗျူးမလဲလို့
ပြင်ဆင်ပြီးစောင့်နေခဲ့ပါတယ်တဲ့။
အချိန်တွေသာကုန်လာတယ် သူ့လိုလူကို ဘယ်သူမှ လာပြီး မဗျူးတဲ့အဆုံးမှာ
ပြင်ဆင်ထားတာတွေအလကားမဖြစ်အောင် သူ့ကိုသူ ဗျူးလိုက်ပါတယ်တဲ့။
အဲဒီခေတ်က တနေ့တာအင်တာဗျူး၊ ၀မ်းမိနစ်အင်တာဗျူး ဆိုပြီး ခေတ်စားနေချိန်မို့
အားလုံးစိတ်ဝင်စားအောင် သူက ၀မ်းစက္ကန့် အင်တာဗျူးဆိုပြီး သူ့ခေါင်းစဉ်ကို
တင်လိုက်ပါတယ်။
အင်တာဗျူးထားပုံက
မေးသူ- ကံခွန်
ကိုကံချွန်က သိပ်တော်တာဘဲနော်
ဖြေသူ-ကံချွန်
အင်း
(တစက္ကန့် ပြည့်သွားပါပြီတဲ့)
တကယ့်ကို ထိမိတဲ့သဘောလေးပါဘဲ။
အင်တာဗျူးလောကမှာ ဖြစ်ပျက်နေတာလေးကို ထိအောင်သရော်နိုင်ခဲ့ပါတယ်။

အဲဒီဆောင်းပါးနဲ့နှစ်ပေါင်းများစွာကွာပြီးတဲ့နောက်မှာ
ကံချွန်ကို မြ၀တီက အင်တာဗျူးတာ ကြည့်လိုက်ရပါတယ်

နောက်ဆုံးပိတ်မှာ မြ၀တီကမေးတဲ့အမျိုးသမီးက သူတို့ အင်တာဗျူးကို
ဘယ်လိုမြင်ပါသလဲလို့ ကိုယ့်တွင်းကိုယ်တူးလိုက်ပါတယ်။
ဘေးမှာလဲ White Board တစ်ချပ်ထားတာမို့
အမေးကို စကားနဲ့မဖြေဘဲ ပုံလေးဆွဲပြလိုက်ပါတယ်။
ပုံမဆွဲတတ်လို့ နားလည်သလောက်ပြန်ပြောပြရရင်
မေးတဲ့သူ က မေးခွန်းတွေအများကြီးမေးပြီး
ဖြေတဲ့သူက နည်းနည်းဘဲဖြေခွင့်ရတဲ့ ပုံလေးဆွဲပြလိုက်ပါတယ်။
အင်တာဗျူးတဲ့ မမမြ၀တီရဲ့မျက်နှာလေးပျက်သွားတာကို
ကျွန်မ မြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။
သူတို့မြ၀တီအင်တာဗျူးရဲ့အားနည်းချက်ဖြစ်တဲ့
မေးတဲ့သူက စကားတွေ အများကြီးပြောပြီး
အဗျူးခံရတဲ့သူက ပြောခွင့်မရတဲ့အဖြစ်ကို ကံချွန်က ပုံကလေးဆွဲပြလိုက်တာပါ။
အဲဒီလို အမြီးအမောက်မတဲ့အဖြစ်တွေကို လိမ်မာပါးနပ်စွာထောက်ပြမဲ့သူတစ်ယောက်
လောကထဲကထွက်သွားတာ ဘယ်လောက်များနှမျောစရာကောင်းလိုက်ပါသလဲ။