Wednesday, December 7, 2011

စာရင်းကိုင် (1)

ဒီဇင်ဘာလ(1)ရက်နေ့မှာ ကျွန်မ စာရင်းကိုင်လုပ်လာတာ (24)နှစ်ပြည့်တယ်။
စာရင်းကိုင်အလုပ်တခုတည်းကို ဘ၀တစ်လျှောက်လုံးလုပ်လာခဲ့တဲ့လူအနေနဲ့

ဘာတွေများထူးသွားသလဲလို့ပြန်တွေးကြည့်မိတယ်။

အခြားလူတွေတော့မသိဘူး

ကျွန်မကတော့ အမြဲတမ်း ရေတွက် နေမိတယ် count down လုပ်နေတာလေ။

ဥပမာ အ၀တ်လျှော်ဘို့ ရေပုံးထဲကို ရေဖြည့်တိုင်း တစ်နှစ်သုံးလေး လိုက်ရေနေမိတယ်။

သတိထားမိလိုက်တော့မှာ ရေပုံးထဲ ရေပြည့်အောင်ထည့်လိုက်ပြီးတာဘဲ

ဘယ်နှစ်ခွက်ဖြစ်ဖြစ်လေ

နောက်ပြီး လှေခါးတက်ရင်း သတိမထားမိရင် တစ်ထစ်နှစ်ထစ် ရေနေမိတာပါဘဲ။

သိစိတ်က တွက်စရာမလိုပါဘူးလေလို့ သိပေမဲ့

မသိစိတ်က အမြဲတမ်း နေရာတကာ တွက်မိနေလို့

စာရင်းကိုင်အများစုက အပျိုကြီးတွေ ဖြစ်နေလေရဲ့

Wednesday, November 30, 2011

တည်ကြည်ခြင်း

ကျွန်မနဲ့ လုပ်ငန်းအုပ်စုတူ လုပ်နေကြတဲ့ ညီမလေးနှစ်ယောက်

သူတို့လုပ်ငန်းခွင်မှာ ဆက်ရပ်တည်ဘို့ ခက်ခဲလာတာနဲ့

ကျွန်မက ကြားထဲကနေ အလုပ်အသစ်တခုကို ဆက်သွယ်ပေးမိတယ်။

လုပ်ငန်းအသစ်မှာ ကျွန်မနဲ့ တက္ကသိုလ်မှာ အတန်းတူ အဆောင်တူ နေခဲ့တဲ့

သူငယ်ချင်းက Finance Manager ပေါ့။

သူက အဲ့ဒီအလုပ်မှာ (15)နှစ်လောက်ရှိနေပြီ

သူ့ကုမ္ပဏီက MICT ထဲမှာရှိပြီး Oversea အထိ လုပ်ငန်းချဲ့ထွင်ထားတဲ့ အလုပ်ပေါ့။

သူ့ဆီမှာ လူလိုတယ်ပြောထားဘူးတော့ ကျွန်မညီမလေးနှစ်ယောက်ကို သူ့ဆီ ဖုံးဆက်ပြီး

မိတ်ဆက်ပေးလိုက်ပါတယ်။ ကျန်တာ သူတို့ဆက်လုပ်လေ။

ကျွန်မ လုပ်ပေးနိုင်တာပြီးပြီဆိုပြီ နေလိုက်တာပေါ့။

သူတို့ အင်တာဗျူးချိန်းကြတယ်။

အလုပ်ဟောင်းကိုထွက်တယ်။

အလုပ်အသစ်ပြောင်းမယ်ပြောပါတယ်။

အလုပ်ဟောင်းမှာ လစာ (2)သိန်း ရပြီး အလုပ်အသစ်မှာ လစာ (1.6)သိန်း လျော့ရပေမဲ့

အလုပ်ဟောင်းရဲ့စိတ်ဖိစီးမှုကို မခံနိုင်တာ

အလုပ်သစ်မှာ အတွေ့အကြုံသစ်တွေ ရနိုင်တယ်ဆိုပြီး ပြောင်းဘို့ စီစဉ်ကြတယ်ပေါ့။

ဒါက ပုံမှန်အတိုင်းဆို အလုပ်သစ်မှာ အိုကေပေါ့။

ခုတော့ အလုပ်သစ်မှာ လစာကို (1.6)သိန်းပြောထားပေမဲ့

စဆင်းတဲ့နေ့မှာ လစာကို (1.2)သိန်းလို့ပြောင်းပြောတာ

အစမ်းခန့်ကာလမှာ လစာ(1.2)သိန်းရဲ့ 70% ကိုဘဲပေးမှာ

စာချုပ်ကို (2)နှစ်လက်မှတ်ထိုးရမှာတွေကိုပြောလာပါတယ်ဆိုပြီး

ကျွန်မဆီကို ဖုံးဆက်လာပါတယ်။

အဲဒီအကြောင်းအရာတွေက

အင်တာဗျူးချိန်မှာ တခါတည်း ပွင့်ပွင့်လင်းလင်းပြောရမှာ

အလုပ်စဆင်းတဲ့နေ့မှ ပြောရမဲ့ကိစ္စတွေမဟုတ်ဘူး။

ကျွန်မညီမလေးနှစ်ယောက်လဲ တော်တော်လေး တုန်လှုပ်သွားပုံရတယ်

သူတို့ဘာဆက်လုပ်ရမလဲတဲ့။

ကျွန်မက ငါသာဆိုရင် နောက်ထပ် အလုပ်အသစ်ထပ်ရှာမယ်

အဲ့လို အမျိုးမျိုးပြောတဲ့ လုပ်ငန်းမျိုးကို ၀င်ကို မ၀င်ဘူးလို့ ပြောမိတယ်။

သူတို့ကလဲ သဘောပေါက်သွားတယ် ထင်ပါတယ်။

အလုပ်အသစ်ကို အဲ့လိုမျိုးတွေဖြစ်နေရင်တော့ မ၀င်နိုင်ပါဘူးလို့ပြောပြီး

တခါတည်း ထပြန်ခဲ့ကြတယ်။

အဲဒီအဖြစ်ကလေးကို ကျွန်မစိတ်ထဲ တနုံနုံဖြစ်နေတယ်။

အင်တာဗျူးတဲ့ Finance Manager နဲ့ အလုပ်လျှောက်တဲ့ဘက်

နှစ်ဖက်စလုံးမှာ ဒေါ်စု စကားငှားသုံးရရင် ပွင့်လင်းမြင်သာမှုမရှိဘူး။

sales & marketing လုပ်တဲ့သူတွေက စကားကို နားထောင်ကောင်းအောင်
ပြောဘို့ လိုပေမဲ့

Fiance and Account ပိုင်းမှာလုပ်တဲ့လူတွေဟာ စကားကို နားထောင်ကောင်းဘို့ထက်
တိကျသေချာဘို့ လိုတယ်။

ကျွန်မကတော့ တည်ကြည်ခြင်း ဆိုတဲ့ စကားလုံးလေးကိုဘဲ ထိုင်ရေရွတ်နေမိတယ်။




Friday, October 21, 2011

ထားစရာမရှိတဲ့လူ.........စားစရာမရှိတဲ့လူ

ကံတရားပါလို့ ဘယ်လိုဘဲ စိတ်ဖြေပါစေ
တခါတလေမှာ နည်းနည်းခံစားရပါတယ်။

ကျွန်မအလုပ်က ရွှေပြည်သာမြို့စွန်မှာပါ။
အလုပ်လာတဲ့လမ်းတလျှောက် လူမျိုးစုံကို မြင်ရတယ်။

တခါတလေ တံခါးမရှိဘဲ လမ်းဘေးမေးတင်ထားတဲ့အိမ်ထဲကိုတောင်
လှမ်းမြင်နိုင်ပါသေးတယ်။

လှိုင်သာယာဘက်မှာ အလုပ်လုပ်တုန်းကလဲ
မနက်ခင်းမှာ ပိုင်တဲ့အိုးခွက်ပုဂံတွေ အပေါင်ဆိုင်ပို့
ရတဲ့ငွေလေးရင်းပြီး ဈေးရောင်း
ညဘက်အပြန် အပေါင်ဆိုင်ဝင်ရွေး
ချက်ပြုတ်စားသောက်ကြရတဲ့လူတွေကိုလဲ
မြင်ရတယ်။

အခုအလုပ်နားမှာ မိဘမဲ့ကလေးတွေကို ဘုန်းကြီးကျောင်းကလက်ခံပြီး
စောင့်ရှောက်ထားရတာလဲတွေ့နေ၇တယ်။

စာပေးစာယူတက်ပြီး ရုံးပိုင်းမှာ သန့်ရှင်းရေးလုပ်ပေးနေတဲ့ ညီမအစ်မနှစ်ယောက်ဆို
မနက်စာ မစားလာနိုင်ဘဲ ရုံးကကျွေးတဲ့ 11နာရီမှ ထမင်းတန်းစားကြတာကိုလဲ သိရတယ်။

ရုံးပိတ်ရက်မှာ အိမ်မှာ ထမင်းစားမကောင်းဘူးလို့ ညည်းတဲ့
လုံခြုံရေးဝန်ထမ်းတွေရဲ့အသံကိုလဲ ကြားရတယ်။

စားဝတ်နေရေးဆိုတဲ့ ၀န်ထုတ်ကြီးကို ထမ်းပြီး
မြန်မာပြည်သူအများကတော့ မနိုင်မနင်းရှေ့ဆက်နေရတယ်။

ဒါကတပိုင်းပေါ့။

သီတင်းကျွတ်တိုင်း အရက်ပါတဲ့လက်ဆောင်ခြင်းတွေ ၀ယ်ပေးရတာကို
စိတ်ကုန်နေတုန်း

ဆင်းရဲမှုလျော့ချရေးကိုကောင်အထည်ဖော်ဘို့ ဆောင်ရွက်နေတဲ့
လူကြီးတစ်ယောက်ရဲ့မြေးမွေးနေ့အတွက်

မြန်မာပြည်မှာမရှိတဲ့အသီး ငါးမျိုးလောက်လိုချင်တယ်တဲ့

ဘန်ကောက်နဲ့ထိုင်ဝမ်ကို ချက်ချင်းဖုံးဆက်မှာပေးရတယ်။

ညဘက် အကင်လုပ်ဘို့ ငါးပုဇွန်တွေ လိုချင်ပါတယ်တဲ့။

အအေးခန်းစက်ရုံတွေက ယူပြီးပို့ရတယ်။

မြေးမိန်းခလေးမို့ လက်ဝတ်ရတနာ ပြောင်ပြောင်တွေလဲ ပေးချင်ပြန်သတဲ့။

ကျွန်မအလုပ်ရှင်တွေရဲ့ ဖုံးဆက်မှာကြာချက်တွေကို ဖြည့်စွက်ပြီးတဲ့နောက်မှာတော့

ပေးချင်တဲ့လူတွေများလို့ ထားစရာတောင် နေရာမရှိတော့တဲ့လူတွေကနေ
စားစရာမရှိတဲ့လူတွေဆီ စီးဆင်းသွားဘို့အတွက်...............................

ငတက်ဖျား............ကိုဘဲ အကူအညီတောင်းတော့မယ်။

Wednesday, October 19, 2011

ပြတင်းပေါက်

အဆုတ်အားနည်းသူတစ်ယောက်က လေ၀၀ရှုဘို့လိုတယ်။
လေ၀၀ ရှုခွင့်မရလို့လဲ အဆုတ်အားနည်းတာ ဖြစ်နိုင်ပါတယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့်မရတဲ့အခြေအနေ
အပစ်တင်အရောင်တွေလွှမ်းတဲ့ ပတ်ဝန်းကျင်မျက်လုံးတွေကိုရှောင်ဘို့
နေရာမရှိတဲ့အခါမှာ
လူတွေရဲ့မြင်ကွင်းကပျောက်ကွယ်ဘို့ စောင်ကိုခေါင်းမူးခြုံအိပ်ရာက
လေ၀၀ရှုခွင့်မရတဲ့ နောက်ဆက်တွဲ ဝေဒနာတွေပေါ့။
လေရဘို့အတွက် လေ၀င်နိုင်တဲ့ ပြတင်းပေါက်လိုတယ်။
ပြတင်းပေါက်ကို မက်မောတဲ့လူတစ်ယောက်အနေနဲ့
အ၀င်အထွက်တံခါးတစ်ခုဘဲအပေါက်ပါတဲ့အဆောင်ခန်းကလေးကို
ခဏတိုင်းအမှတ်ရမိသေးတယ်။
အဲဒီအခန်းက လေ၀င်ပေါက်သာမရှိတာ ကာထားတာက အထပ်သားမို့
ဘေးအခန်းတွေရဲ့ဆူညံသံတွေကတော့ အတားအဆီးမရှိ အမြဲဝင်ဝင်လာတယ်
လေ၀င်ပေါက်မရှိတဲ့အဆောင်ခန်းလေးရဲ့ရှေ့မှာတော့ လေတွေတ၀ူးဝူးတိုက်နေတဲ့
လိပ်ပြာကန်ရှိတယ်
အဲဒီကန်ဘေးသွားပြီးလေရှုတာပေါ့။
မသိစိတ်က ပြတင်းပေါက်ကို စွဲလန်းနေတာဖြစ်မယ်
ကိုတာ ရဲ့ ပြတင်းပေါက်မှ ကြည့်သူရဲ့စိတ်ကူးများ စာအုပ်ကို ၀ယ်ဖြစ်တယ်။
ပြတင်းပေါက်ရှိမှ လေ၀င်နိုင်သလို ပြတင်းပေါက်ကနေကြည့်မှ
တကယ့်အပြင်လောကရဲ့အဖြစ်အပျက်တွေကို မြင်နိုင်မယ်လေ။
ခုတော့ ပြတင်းပေါက် (9)ပေါက်နဲ့ ၀ရံတာ (2)ခုကို ရတယ်။
ဒါပေမဲ့ ပြင်ပက၀င်လာတဲ့လေကိုဘဲ လိုချင်တာမို့ အခြားအရာတွေကိုကာကွယ်ဘို့
သံပန်းတပ်ဦးမှ ဆိုတဲ့အတွေးက ရောက်လာတယ်။
မဆုံးနိုင်တဲ့ ဘ၀လိုအပ်ချက်တွေပေါ့။
အဲဒီလိုအပ်ချက်တွေကို ဖြည့်ဘို့
Air Condition ဖွင့်ထားတဲ့ မှန်လုံအခန်းထဲမှာ
ဘ၀တ၀က်ကိုပေးနေရတယ်။
စိတ်မွမ်းကြပ်မှုတွေနဲ့ပေါ့။
တနေ့မှာတော့ လေတဟူးဟူးတိုက်နေတဲ့ ပြတင်းပေါက်ဘေးမှာ
ဖျာကလေးခင်းပြီး စာအုပ်ကလေးဘေးချ အိပ်နိုင်ရမယ်လို့ အားတင်းရင်း.............

Tuesday, September 27, 2011

ဘူတန် နဲ့ အမေရိကန်

ပြည်တွင်းမှာ တလ ဒေါ်လာ 2000 လောက်ရနေတဲ့ ကျွန်မ မတ် က ဒီမနက်မေးတယ်။

အလုပ်ချိန်ပြင်ပနဲ့ ပိတ်ရက်တွေမှာ အပိုဝင်ငွေရအောင် ဘာလုပ်ရင် ကောင်းမလဲတဲ့။

ချက်ချင်းပြန်ဖြေလိုက်တယ်။

ပိုမရှာချင်နဲ့ လျှော့သုံးကြလို့။

တလ (15)သိန်းလောက် ၀င်ငွေရှိနေတဲ့ မိသားစု(4)ယောက်ဘ၀မှာ
ငွေထပ်ရှာချင်သေးသတဲ့။

ဘူတန်နိုင်ငံကို ကျွန်မက စိတ်ဝင်စားနေတာကြာပြီ။

ဘုရင်ကလေးချောတာ ပညာတတ်တာလဲ ပါတာပေါ့။

ကျွန်မ သူဌေးကတော့ အမေရိကန်ကို စိတ်ဝင်စားသတဲ့။

လိုင်းမတူပုံများ။

ဘဏ်ချေးငွေကိစ္စတွေ ဆွေးနွေးတိုင်း အမြဲကြားရတဲ့စကားတခုရှိတယ်။

အမေရိကန်လို အကြွေးထူတာ ကိစ္စမရှိပါဘူးတဲ့။

သူ့ကိုယ်သူ အားတင်းတဲ့စကားလုံးလားတော့ မသိဘူး။

ကျွန်မကတော့ GDP Gross Domestic Product ကို အလုပ်သဘောမှတ်ထားတာ။

တကယ်စိတ်ဝင်စားတာက GNH Gross National Happiness ပါ။

ချမ်းသာတဲ့လူတိုင်း မပျော်ပါဘူး။

ကျွန်မတို့ပတ်ဝန်းကျင်မှာ ချမ်းသာပြီးမပျော်တဲ့လူတွေ အများကြီးဘဲ။

ဘူတန် စဉ်းစားတဲ့ (4)ချက်ကို ကြိုက်တယ်။
(1) သာတူညီမျှတဲ့ စီးပွားရေး
(2) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု
(3) ယဉ်ကျေးမှု ထိန်းသိမ်းမယ်
(4) ကောင်းစွာ စီမံအုပ်ချုပ်မယ် တဲ့........

သူတို့ကတော့ နိုင်ငံခေါင်းဆောင်တွေမို့ အားလုံးအတွက် စဉ်းစားကြတာပေါ့။

ကျွန်မကတော့ သာမန်စာရင်းကိုင်ကလေးဆိုတော့
ကိုယ့်ဘ၀တခု ကိုယ့်ပတ်ဝန်းကျင်လေးအတွက်ဘဲ စဉ်းစားနိုင်တာပေါ့။

နောက်ဆုံးတော့ ကောင်းစွာစီမံနိုင်မှုက အရေးကြီးဆုံးမို့

ဘူတန် စတိုင် နဲ့ ဘ၀ကို တည်ဆောက်သွားတော့မယ်။

Friday, September 16, 2011

လူရာဝင်ခြင်း

Unlimited Wants ဆိုတဲ့စကားကို စီးပွားရေးတက္ကသိုလ်တက်တုန်းက စသိခဲ့ရတာ
လူရဲ့လိုအင်ဆန္ဒတွေက အကန့်အသတ်မရှိဘူးတဲ့။
ဟုတ်ပါတယ်။ လောဘရဲ့သားကောင်တွေမို့
လူတိုင်းမှာ လိုအင်တွေရှိနေတယ်။
ဒါကိုရရင်တော့ ပျော်မှာလို့ ထင်ခဲ့တယ်။
ဒါကိုရပြီးတော့လဲ ခဏတော့ ပျော်ပါတယ်။
နောက်တခုကို လိုချင်ပြန်တာပါဘဲ။
ကျွန်မလဲ လောဘသားထဲက တစ်ယောက်မို့ အတူတူပါ။
စာတွေထဲမှာတော့ စိတ်လိုအင်တွေ အဆင့်ဆင့်မြင့်တက်လာတာကို ဖတ်ဖူးတယ်။
စားဝတ်နေရေးကတော့ လူတိုင်းရဲ့အခြေခံလိုအင်ပေါ့။
ပြည့်စုံပြီးနောက်ပိုင်းမှာတော့ လိုအင်တွေက မြင့်မြင့်လာတယ်ပြောတယ်။
အဲဒီထဲကမှ ကျွန်မ စိတ်ဝင်စားတာက အသိအမှတ်ပြုမှုလိုအင် ပါ၊
လူတွေက တခုခုကိုစဉ်းစားရင် ကိုယ်ကြိုက်လို့ ဆိုတာထက်
အခြားလူတွေကြိုက်တာကို ပိုဦးစားပေးတာတွေ့ရတယ်။
လူတွေကဲ့ရဲ့ပစ်တင်ခံရမှာကိုကြောက်တယ်။
ဘုန်းကြီးတပါးဟောတာ ကြားဘူးတယ်။
ကိုယ့်ဘ၀က သူများ ပါးစပ်ဖျားမှာ အဆုံးမသတ်သွားစေနဲ့တဲ့။
ပစ်တင်ဝေဖန်ခံရတဲ့အခါတိုင်းအားတင်းခဲ့ရတယ်။
တို့ဘုရားတောင် အပစ်တင်ခံရတာရှိသေးတာဘဲလို့ပေါ့။
အဲဒါတွေကို စဉ်းစားဖြစ်တာ အကြောင်းတခုရှိတယ်။
မနေ့က ကျွန်မတို့ လုပ်ငန်းအုပ်စုထဲက GM တစ်ယောက် ရုံးမှာ သတိလစ်ပြီး လဲကျသွားတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ဟိုတယ်တစ်ခုမှာ လုပ်တဲ့ Product show ပွဲတခုအတွက်
စိတ်အားကုန်လုပ်ခဲ့တဲ့ နောက်ဆက်တွဲ ရလာဒ်ဘဲ။
သူအလုပ်လုပ်နေတာ သူ့သမီးလေးဂုဏ်ရှိဘို့တဲ့။
အထွေထွေမန်နေဂျာတစ်ယောက်ရဲ့ သမီးဆိုတဲ့ ဂုဏ်ရှိစေချင်တာတဲ့။
သူငွေအတွက်ဆိုရင်တော့ အိမ်ကကားကို taxi ထွက်မောင်းချင်တယ်တဲ့။
unlimited wants တွေ ကိုဖြည့်ဘို့အတွက် ကျိုးစားရင်း သူလဲသွားတာလေ။
ကျွန်မလဲ ဒီလောကသားထဲက တစ်ယောက်ပါ လုပ်ငန်းရဲ့တောင်းဆိုမှု
BOD အဖွဲ့ဝင်တွေရဲ့ unlimited wants တွေကို ဖြည့်နေရတာပါဘဲ။
တကယ်တော့ လူတိုင်းမှာ အတိုင်းအတာတွေရှိနေပါတယ်။
တခါတလေမှာ မဖြစ်နိုင်တာတွေကို မဖြစ်နိုင်ပါဘူးလို့
ရဲရဲတင်းတင်းပြောဘို့ သတ္တိမွေးရပါမယ်။
အဲဒီသတ္တိနဲ့အတူ သူတို့ဆီက ရမဲ့ အခွင့်အရေးဆိုတာကို လစ်လျူရှုနိုင်ရပါမယ်။
ရရှိထားတဲ့ အခွင့်အရေးနဲ့ညီမျှအောင် လုပ်ဘို့တာဝန်ရှိပါတယ်။
ဒါတွေကို အချိုးညီအောင် ချိန်ဆ တတ်ဘို့တော့
ကျွန်မတို့ အတော်လေးကျိုးစားရပါဦးမယ်။
ခုလောလောဆယ်မှာတော့
အသိအမှတ်ပြုမှုလိုအင်တွေအတွက်
ခပ်ကြမ်းကြမ်းပြောရရင် လူရာဝင်ချင်တာတွေအတွက်
ကျွန်မတို့ရှိနေပါတယ်ဆိုတဲ့ ကိုယ်ပိုင်ဘ၀နဲ့ အချိန်တွေ
ပျောက်ကွယ်နေပါတယ်။

တကယ်ဆိုးဝါးတဲ့
လူရာဝင်ခြင်း

Monday, September 5, 2011

ကျေးဇူးတင်လွှာ

ဘလော့လေး ပြန်ရှင်သန်အောင် အချိန်ပေးပြီးလုပ်ပေးတဲ့ သူငယ်ချင်း
ခိုင်ခိုင်ညွှန့်ကို ကျေးဇူးတင်စာလေးနဲ့ ပြန်ဖွင်ပါတယ်။

ထိပ်ဆုံးသို့ 

တစ်တောင်ပေါ် တစ်တောင်ဆင့်

တောင်အမြင့် ပတ်ခြံရံ

တစ်တောင်ဆုံးပြန်တော့

တစ်လုံးကျန်ပြန်သေးသမို့ 

ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်

ကြိုးလျှောက်ရပြန်။

ခါတလေ ပင်ပန်းတာကြောင့်

တော်ပါပြီ ဆက်မလှမ်းချင်ဘု

ရပ်တန်းက ရပ်မယ်ကြံ

အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့

တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်

အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 

စိတ်နွမ်း အသာဖြေဦး

မာလာငွေ ကန်ရေအေးရယ်နှင့်

ငှက်တေးကို အာရုံဆင်လို့ 

မူတသွင် အားသင်သစ်လိုက်ပါ့

ချစ်ဖွယ့်လူသား။

ငွေတာရီ

Monday, August 22, 2011

Testing

Hi

Wednesday, May 4, 2011

မိုက်မဲခြင်း

ကျွန်မရဲ့ မိုက်မဲမှုတွေကို ဒီမနက် ပြန်သုံးသပ်မိပါတယ်။

အလုပ်ထဲမှာ တစ်ယောက်ထဲ ကျုံးလုပ်လို့မဖြစ်နိုင်ဘူးလေ

နောက်ထပ် လုပ်နိုင်မယ်ထင်တဲ့ အသက်ငယ်တဲ့

အသစ်တွေကို ထပ်တွဲခေါ်ရတာပေါ့။

ပြီးခဲ့တဲ့လက စပြီး အလုပ်ဝင်တဲ့ ၀န်ထမ်း အငယ်တစ်ယောက်က

ဖျားလို့ ခွင့်တိုင်ပါတယ်။

ဒီမနက် ရုံးပြန်တက်လာတော့ ကျွန်မက ဘယ်လိုဖြစ်တာတုန်းလို့
သတင်းမေးပါတယ်။

အဖျား 100လောက်ရှိတော့ မေမေက ရုံးမသွားနဲ့လို့ပြောတယ်တဲ့

ရုံးက အဝေးကြီး တခုခုဆို ပြန်ရလွယ်တာမဟုတ်ဘူးတဲ့။

အော် အသက် 30ကျော် သမီးကို မူကြိုသွားသလို စိတ်ပူတယ် ထင်ပါရဲ့လို့
တွေးမိရင်းက အတွေးတွေက ဆက်သွားတယ်။

ကျွန်မအလုပ်လုပ်ခဲ့တဲ့ သက်တမ်းမှာ တာဝန်ကျေချင်စိတ်တွေ သိပ်များတယ်

လစာအများကြီးရဘို့ ဆိုတာထက် ကိုယ်လုပ်တတ်တာတွေကို မတွက်ကတ်ဘဲ

လုပ်ခဲ့သလို မလုပ်တတ်တာတွေကိုလဲ မေးပြီး လုပ်နိုင်သလောက်လုပ်နေခဲ့တယ်

အလုပ်လောဘတကြီးပေါ့။

ပြီးခဲ့တဲ့ 4နှစ်လောက်တုန်းက ဖျားတာ တစ်ပတ်ကျော်နေပြီ အဖျားက 103 / 104 လဲ

ထမင်းရည်နဲ့ စွပ်ပြုတ်ယူလာပြီး အလုပ်ကို လာခဲ့တယ်။

ကိုယ်လုပ်ထားတဲ့ လက်စ လက်န တွေက များတော့ အခြားလူတွေကလဲ

တာဝန်မခံချင်တော့ နေသာရဲ့လားလို့ မေးရုံမေးကြတာ

1990ခုနှစ် ဖောင်ကြီးသင်တန်းတက်တော့လဲ

လူက ပင်ပန်းပြီး အရမ်းကို အားနည်းနေတာ

ကျောင်းဆင်းပွဲ စစ်ရေးပြကျင့်ခါနီးမှာ သင်တန်းဆရာက

ကျောင်းဆင်းပွဲ မပါချင်တဲ့လူတွေ အပြင်ထွက်နိုင်တယ်လို့ ပြောတော့

အဲဒီအချိန်မှာ ကျွန်မ ရပ်နေတဲ့ မြက်ခင်းကို ငုံကြည့်လိုက်တာ

မြေကြီးတွေက ရွေ့နေတယ်တောင် ထင်လာတယ်

အမှန်က ကျွန်မ အားနည်းပြီး မူးနေတာဖြစ်မယ်

ဒါပေမဲ့ စိတ်ထဲကနေ အားတင်းလိုက်တယ်

ငါ့ခြေထောက်နဲ့ ငါတော့ ဒီကွင်းထဲကနေ မထွက်သွားဘူး

သတိမေ့သွားလို့ သူများက ထမ်းထုတ်သွားရင်သာရှိမယ်

အဲ့ ဂလို ရူးကြောင်မူးကြောင်အတွေးနဲ့ သင်တန်းသူ ပထမဆု ကို ရသွားတယ်

ခု နှစ်ပေါင်း 20ကျော်မှ ပြန်စဉ်းစားလိုက်တော့

ကျွန်မလောက်မိုက်တဲ့လူ ရှိပါဦးမလား

စိုင်းထီးဆိုင်ရဲ့  ဥပေက္ခာလောကသား သီချင်းထဲကလို

ခုတော့ ဆုတံဆိပ်တွေ ဖုံတက်တော့ အောင်မြင်ခြင်းရယ် မနေ့က ကျန်ခဲ့ပြီ တဲ့

တကယ်လို့များ အဲ့လို ရူးရူးမိုက်မိုက်တွေ တွေးပြီး ကျွန်မ သေသွားရင်ရော

အင်း လောကကြီးကတော့ ပုံမှန်အတိုင်း လည်ပတ်နေမြဲဘဲနော်

ခု အသက်ကြီးလာတော့ ပြန်တွေးမိချိန်မှာ ငါတော်တော် မိုက်မဲပါလားလို့

အတွေးတွေ ၀င်လာတယ်

အဲဒါ မှားကောင်းမှားနိုင်ပေမဲ့

ခု အသက်ကြီးချိန်အထိ မိုက်မဲနေဆဲဘဲ။

Thursday, March 31, 2011

ပင်စင်စား

ကျွန်မရုံးလာတဲ့လမ်းပေါ်မှာ လှိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ရှိတယ်။

လကုန်ရက်နီးတိုင်း အဲဒီဘဏ်ထဲမှာ အသက်ကြီးပိုင်းလူတွေ များများ ရပ်နေတာကိုတွေ့ရတယ်။

ပင်စင်လာထုတ်ကြတာလေ။

သူတို့ကိုမြင်တိုင်း ကျွန်မစိတ်ထဲမှာ တမျိုးခံစားရတယ်။

ကိုယ်တိုင် အသက်ကြီးပိုင်းရောက်လာလို့လဲ ဖြစ်နိုင်ပါတယ်။

အသက်ကြီးလို့ ပင်စင်ယူရတဲ့အချိန်မှာ

လူအများစုဟာ သာမန်စားဝတ်နေရေးအတွက် စိတ်ချရတဲ့အခြေအေနမျိုး

မရှိပါဘူး။

မြန်မာတွေမို့ သားသမီးတွေ ဆွေမျိုးတွေက ကြည့်ရှုကြလို့သာ

ဘ၀နေ၀င်ချိန်မှာ တိမ်တောက်ကြရတဲ့ လူမျိုးပါ။

ကျွန်မတို့ မြန်မာတွေမှာ ကံတရားပါဘဲ လေ ဆိုပြီး

ဘ၀ကို ကံလက်ထဲ ပစ်ထည့်ထားနိုင် လို့သာပေါ့။

နောက် တာဝန်ရှိသူတွေက တွင်တွင်သုံးတဲ့စကားလုံးတွေလဲ ရှိသေးတယ်။

ကိုယ်ထူကိုယ်ထ တဲ့

စရိတ်မျှပေး တဲ့

စကားလုံးတွေသာလှတာပါ

တကယ်လက်တွေ့ မပြည့်စုံတဲ့လူတွေရဲ့ဘ၀က မလှဘူး။

စင်ကာပူ ခဏနေတော့လဲ စားသောက်ဆိုင်တွေမှာ

အသက်ကြီးတဲ့လူတွေက စားပွဲသုတ် ပန်းကန်သိမ်း တံပျက်လှည်း

လုပ်တာကို ကြည့်ပြီး ရောက်ခါစမှာ စားဘို့ ခက်နေတယ်။

ကျွန်မတို့လူမျိုးက ကိုယ်ဘဲ အပင်ပန်းခံလိုက်မယ်

ကိုယ့်မိဘ အိုကြီးအိုမ ဖြစ်နေမှ လုပ်နေတာကို ဘယ်လို စိတ်နှလုံးနဲ့

ကြည့်နေနိုင်ပါ့မလဲ။

အဲ့လိုကြည့်မနေနိုင်လို့ လုပ်လိုက်တာ လွဲသွားတာလဲ ရှိခဲ့တယ်။

တနေ့ကျွန်မနယ်ပြန်သွားတော့ အသက်(55)နှစ်အမေက ရုံးကနေ မောကြီးပမ်းကြီးပြန်လာတာတွေ့တော့

အမေပင်စင်ယူချင်ယူပါလား သမီးလုပ်ကျွေးပါ့မယ်လို့ပြောတုန်း

အမေကလဲ ရုံးက လူကြီးနဲ့အဆင်မပြေလာတဲ့နေမို့

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ကြုံပြီး

အသက်(55)နှစ်မှာ လုပ်သက်နှစ်(30)ပြည့် ပင်စင်တင်လိုက်ပါရော။

ပင်စင်ယူပြီး အိမ်မှာလဲနေရော Depression ၀င်တော့တာပါဘဲ။

ညဘက်အိပ်မပျော်တာတို့။ လူတွေက ငါ့ကို ဘယ်လိုဆက်ဆံကြတာတို့

ထိုင်နေရင်း ၀မ်းနည်းလာလို့ ငိုတာပါတို့

ဖြစ်ကုန်ပါလေရော။

နောက်ဆုံးတော့ စိတ်ရောဂါဆိုင်ရာ ဆရာဝန်ဆီပြပြီး ဆေးသောက်လိုက်မှဘဲ

နည်းနည်း ပြန်တည်ငြိမ်လာတော့တယ်

သူ့ကို နားခိုင်းလိုက်တာ ကျွန်မ မှားသွားတယ်လေ။

တနေ့မှာတော့ လူဆိုတာ အိုရမှာပါ

ကိုယ်အိုတဲ့အချိန်မှာရော..........

Sunday, March 27, 2011

မြန်မာ့ပညာတတ်.......မြန်မာ့ဓလေ့

ကျွန်မက ပညာတော့ သိပ်မတတ်ဘူး။ လက်မှတ်တွေ အများကြီးမရှိဘူး။

ဒါပေမဲ့ ပညာတတ်တဲ့လူတွေကို အထင်ကြီးတယ် လေးစားတယ်။

တခါတလေ ပညာတတ်နဲ့ ငွေကြေးက နည်းနည်း ဝေးနေပေမဲ့

ပညာတတ်တွေကို လေးစားတယ်။

ကျွန်မက 1987 မတိုင်ခင်ကျောင်းပြီးတဲ့လူပါ။

ကျွန်မတို့တုန်းက ပညာသင်ယူမှုကို ပြန်စဉ်းစားဖြစ်တယ်။

ဆရာဝန်တို့ အင်ဂျင်နီယာတို့ ဆိုရင်တော့ တော်တော် လူကြိုက်များတဲ့လိုင်းပေါ့။

ကျွန်မရဲ့ရည်ရွယ်ချက်က ရန်ကုန်မြို့မှာ ကျောင်းတက်ချင်တာ

တကယ်တော့ အိမ်ကအမေရဲ့ အုပ်ချုပ်မှုအောက်က လွတ်ချင်တာ

ဘယ်လိုင်းကိုလျှောက်ရင် ကောင်းမလဲ စဉ်းစားကတည်းက

ကျွန်မတို့မြို့မှာ ဒေသကောလိပ်မတတ်ရတဲ့ လိုင်းကိုရွေးတာ

ပထမ ဘာဖြစ်ချင်လဲ

ကိုယ်ရထားတဲ့အမှတ်နဲ့ ဆရာဝန်လိုင်းမရတာတော့ သေချာပြီ

အဲတုန်းက အမှတ်ကောင်းရင် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ဆရာဝန်လိုင်းလျှောက်ချင်လျှောက်ရမှာ

ဒါပေမဲ့ အသက်နည်းနည်းကြီးလာတော့

ကျွန်မ ဆရာဝန်မဖြစ်ခဲ့တဲ့အတွက် ဘ၀ကိုကျေးဇူးတင်ခဲ့တယ်။

အင်ဂျင်နီယာက လူကြိုက်များတဲ့ထဲပါတော့ ပထမဦးစားပေး

နောက် ရန်ကုန်မှာဘဲ တက်ရမဲ့ စီးပွားရေးတက္ကသိုလ်

နောက် ရန်ကုန်မှာဘဲ တက်ရမဲ့ မနုသ ဗေဒ

ဆိုပြီး 3ခု ထည့်လိုက်တယ်။

ဘာလိုင်းရတယ် ဆိုတာ မသေချာပေမဲ့ ရန်ကုန်တက်ရမှာတော့ သေချာပြီလေ

ဟဲ ဟဲ အဲ့တော့ ထွက်တော်မူနန်းကခွာဘို့

အထုတ်အပိုးပြင်တာပေါ့။

အိပ်ယာတလိပ်နဲ့ သေတ္တာတလုံးပါဘဲ။

နောက်ဆုံးတော့ ဘ၀ကပေးတဲ့ စီးပွားရေးတက္ကသိုလ်ကိုရောက်ခဲ့တယ်။

အဲဒါက ကျွန်မအတွက် ကံကောင်းတယ်လို့ပြောရမယ်။

ကျွန်မက ဂဏန်းတွေကို စိတ်ဝင်စားပါတယ်။

ဒါပေမဲ့ စာရင်းကိုင်လောကမှာ ပုဇွန်တွေများတယ်။

အသက်(16)နှစ်ကျော်လောက် ရန်ကုန်ကျောင်းတက်ဘို့ အဆောင်ရောက်လာတာပေါ့

ရန်ကုန်ကို အဆောင်လာနေတဲ့ နယ်ကလူတွေကို လေ့လာကြည့်တယ်

ပထမတစ်နှစ်တော့ အိမ်က ချုပ်ပေးလိုက်တဲ့ တောပုံကလေးတွေနဲ့

နောက်နှစ်တွေလဲ ရောက်ရော အိုး..........ပုံစံတွေက လုံးဝကို ပြောင်းလဲသွားတာပါ့

ကျွန်မတို့ ရန်ကုန်နဲ့နီးတဲ့ ပဲခူးကလာတာမို့ ပထမနှစ်ကတည်းက

ပြောင်းသွားတာပါဘဲ။

အဆောင်မှာလူပေါင်းများစွာ နယ်ပေါင်းများစွာက နေရတယ်

လူမှုဆက်ဆံရေး၊

အိမ်ကပေးတဲ့ငွေကို လောက်ငှအောင် ချင့်ချိန်သုံးတတ်တာ

ကိုယ့်အသိစိတ်နဲ စာမေးပွဲအောင်ရေး

တကယ့်ပညာတွေကို တက္ကသိုလ်က လေ့ကျင့်ပေးလိုက်တာလေ

ကျွန်မ ငယ်ငယ်က လူတော သိပ်တိုးဘူး။

နှစ်ပတ်လည် ညစာစားပွဲဆိုတာ ယောက်ကျာင်္းလေးဆောင်နဲ့ မိန်းခလေးဆောင်ပေါင်းပြီးလုပ်ကြတာ

နောက်ပြီး ယောက်ကျာင်္းလေးဆောင်မှာ သွားလုပ်တာ

ထိုင်တော့ မိန်းခလေး ယောက်ကျာင်္းလေး တစ်ယောက်ခြားထိုင်ရတာ

ပထမနှစ် ညစာစားပွဲမှာ ကျွေးတဲ့ ဒန်ပေါက်ကို မစားဘဲ ပြန်ခဲ့တာ

အဲ့လို ဖြစ်ခဲ့ပေမဲ့ နောက်နှစ်များမှာတော့ ဟဲ ဟဲ

ဆောင်ပုဒ်တွေက အများကြီး

မစွံ တောင် တက်

မတက် လှေ လှော်

မလှော် စာ ပြ

လုပ်စရာတွေ တပုံကြီး

အသင်းအသင်းတွေ အကြောင်းပြပြီး

အတွဲအတွဲ တွေ ရသွားကြတာလဲ အများကြီး

အဲ့ဒီလိုလေး ပျိုးထောင်ပြီး (4)နှစ်ကျောင်းပြီးလို့ အလုပ်ထဲ ၀င်တဲ့အချိန်မှာ

ကျွန်မတို့အတွက် ဘ၀က သိပ်မစိမ်းတော့ဘူးလေ

ကျောင်းပြီးလို့ အလုပ်ဝင်မယ် နယ်သွားရမယ်ဆိုတော့လဲ

ကျောင်းနေတုန်းက အထုတ်ကလေး ဆွဲပြီး ထွက်လာခဲ့တာ

အခုဆို အနှစ်(20)ကျော်ခဲ့ပေါ့။

ကျွန်မ အလုပ်လုပ်ခဲ့တဲ့နေရာတွေကို ကျွန်မ အမေ မသိဘူး။

အမေ ပင်စင်ယူပြီး Depression ၀င်နေတော့မှာ သူ့သမီးကို အားကိုးအောင်

အလုပ်နေရာကိုခေါ် ကြွားတာတော့ ရှိလာတယ်။

စာရင်းကိုင်လေး ခေါင်းစုတ်ဖွားနဲ့ပြန်လာတာမို့ အမေ အားရှိအောင်ပါ။

အခုလုပ်နေတဲ့အလုပ်က 1နှစ်ခွဲရှိနေပေမဲ့ အမေမသိသေးဘူး ဘယ်နေရာဆိုတာ

အဲဒါတွေကို ပြောနေတာ အကြောင်းရှိတယ်။

အခုတလော ကျွန်မအလုပ်မှာ B.E ဘွဲ့ရ အင်ဂျင်နီယာတွေလိုတာနဲ့

ထုံးစံအတိုင်း ကျွန်မ တို့စက်ရုံကို နည်းလမ်းမျိုးစုံနဲ့ လူတွေရောက်လာကြတယ်။

စက်ရုံထဲရောက်နေတုန်း ၀န်ထမ်းတစ်ယောက် လာပြောတယ်။

ဧည့်သည်ရောက်နေတယ်တဲ့

ဘုန်းကြီးတပါးလဲ ပါတယ်တဲ့

ဧည့်သည်ဆိုရင် စောင့်ခိုင်းထားပြောမလို့ဘဲ ဘုန်းကြီးတပါးအလုပ်ထဲလာတယ်ဆိုတော့

နည်းနည်းတွေသွားတာနဲ့ ချက်ချင်းတက်လာခဲ့တယ်။

ကျွန်မတို့ဒါရိုက်တာလူကြီးတစ်ယောက်က စာရေးပေးလိုက်တာပါ။

B.E မိန်းခလေး တစ်ယောက် နယ်က အလုပ်လုပ်ဘို့ ရန်ကုန် တက်လာတာတဲ့

အဖေ ၊ အမေ၊ အဒေါ် နဲ့ ရန်ကုန်ရောက်ဖူးတဲ့ ဘုန်းကြီးတပါး အဖော်ပါလာပါတယ်။

နာရီကြည့်လိုက်တော့ 11နာရီ ဖြစ်နေတာနဲ့ ခဏစကားပြောပြီး

အလုပ်လုပ်မဲ့ညီမလေးကို ထားခဲ့ပါ ကျန်တဲ့လူတွေ ပြန်လိုက်ပါလို့ပြောပြီး

ပြန်လွှတ်လိုက်ရတယ်။

မဟုတ်ရင် ဆွမ်းကပ်ရတော့မယ်လေ။

ကဲ ...............အဲဒါပါဘဲ။

နယ်တွေမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်တွေဖွင့်ပြီး

ပညာတတ်တွေ မွေးထုတ်တယ်ဆိုပေမဲ့ ........................

နိုင်ငံတော်က အကြားမလပ် ပညာသင်နိုင်အောင် ဆိုလား မြန်မာ့ရုပ်မြင်သံကြားမှာ

ပြောသံကြားလိုက်တယ်............ဆိုပေမဲ့..........

အဲဒီလို B.E အင်ဂျင်နီယာမျိုး ကျွန်မတို့ စက်ရုံမှာ အခုဆို ရောက်နေတာ (6)ယောက်လောက်ရှိလာတော့

မြန်မာ့ပညာတတ်ကို နည်းနည်း စိတ်ဝင်စားလာတယ်။

နောက်တစ်ပိုင်းက ဘုန်းကြီးနဲ့ မြန်မာ့ဓလေ့

ကျွန်မတို့အိမ်က ခြေတံရှည် အိမ်ကလေး လူများရင် လှုပ်နေတတ်လို့

ကျွန်မက အောက်ထပ်ကို အုတ်ကလေး တက်ရင် ငြိမ်သွားမယ်လို့

လူတတ်ကြီးလုပ်ပြီးအကြံပေးတော့ ကျွန်မ အမေက ဘာလုပ်တယ်ထင်လဲ

အိမ်နားက ကျောင်းက ကျောင်းထိုင်ဆရာတော်ကို သွားလျှောက်တယ်။

ကျွန်မက ရီပြီး အမေတော့မှားနေပြီ အမေ့သားမက်က အင်ဂျင်နီယာလေ

အိမ်ပြင်မှာ သားမက် အင်ဂျင်နီယာကို မပြောဘဲ ဘုန်းကြီးလျှောက်ရလားပေါ့။

နင်မသိပါဘူးတဲ့ သူ့သားမက် အင်ဂျင်နီယာက အိမ်တစ်လုံးပြီးအောင် ဆောက်ဖူးတာ မဟုတ်ဘူးတဲ့

တို့ကျောင်းက ဆရာတော်က ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း ဆောက်နေတာ

မတွေ့ဘူးလားတဲ့

ဟုတ်တော့လဲ ဟုတ်နေတာဘဲ

ဘုန်းကြီးက သူ့တပည့်တွေကို မင်းတို့ ကြည့်လုပ်ပေးလိုက်လို့ ပြောတာနဲ့

အခု အိမ်ပြင်တာပြီးတော့မယ်

ကျွန်မလဲ မနေနိုင်တာနဲ့ ကျွန်မ မတ် အင်ဂျင်နီယာကို မေးရတယ် ဘယ်လိုလဲ ဆိုတော့

သူက ကောင်းပါတယ် အစ်မတဲ့................

ကဲ ဒါ တို့ မြန်မာ့ ပညာတတ်နဲ့ မြန်မာ့ ဓလေ့ပါ။

Monday, March 21, 2011

ရိုးမြေကျ

ရိုးမြေကျ ဆိုတဲ့ မြန်မာစကားလုံး ကိုသဘောကျခဲ့တယ်။

ဒါပေမဲ့ အဲဒီစကားတစ်ခုတည်းနဲ့ မရပ်တည်နိုင်ဘူးဆိုတာ သိလာတာ မကြာသေးဘူး။

ရိုးမြေကျ ဘို့အတွက်

ဒိုးတူဘောင်ဘက် ဆိုတဲ့ စကားနဲ့တွဲမှ တကယ်ရိုးမြေကျမယ်လို့ ထင်ပါတယ်။

Wednesday, March 16, 2011

မြတ်သောအကျင့် .............................ကိုနေ၀င်း

မနက်မိုးလင်းလင်းချင်း

ကားလမ်းဘက်က ကားသံတွေ အတိုင်းသား ကြားတဲ့ အခိုက်မှာ

ငါက နိုးတ၀က် အိပ်တ၀က်

အသာယာ အနားတိုးလှုပ်ရွေ့ ငါ့မိတ်ဆွေကို နိုးရင်း နှုတ်ဆက်

ကြုံလို့လွှဲမရတဲ့ နေ့ရဲ့ရောင်ခြည် ရောက်လို့လာပြီ

ခွင့်ပြု့သူငယ်ချင်း


တလှမ်းချင်းလှမ်းရွေ့ တဖြည်းဖြည်းတက်ခဲ့

အရှေ့မှာ မျှော်လင့်ခြင်း

တိုးရင်းတွန်းရွေ့ အသက်ဆက် ယုံကြည်ခြင်း

မမြဲသောလက်နဲ့ ချို့တဲ့ငါ့ဘ၀ ရှိပါစေသူငယ်ချင်း

ငါသည် မြတ်သောအကျင့်ကို ကျင့်ရွေ့ မြေမှာရပ်ရွေ့ နေ၏

နေမွန်းတည့် တနေ့ရဲ့ ကျွမ်းလု အလင်းရောင်တွေ လွှမ်းမိုးတလက်လက်

အနောက်တောင်လေပြေ ဖြေးညှင်းတိုက်ခတ် ကံကို အားထားရှေ့ဆက်

ငါ့ကုသိုလ်ဟာ နည်း နည်း လွန်းလှ

တကိုယ်စာ ၀မ်းရေးအတွက် လမ်းရဲ့အလယ်မှာ လမ်းလျှောက်နေတုန်း

ညလဲ မိုးချုပ်လု တနေ့ရဲ့အဆုံးသတ်

ငါ့ရင်မှာ စိတ်က တထင့်ထင့် နားခိုရာကို တွေး စဉ်းစားရင်း

အလိမ္မာသားလေး အခုတော အမိနောက်ကွယ်မှာ အမှားကြီးမှားခဲ့

ကိုယ်ကိုယ်အားကိုး အဆိုးရဲ့သံသရာ အမိုက်ရဲ့ ကံကြမ္မာ ဘ၀က တိုက်ပွဲ

မြှားမိုးနှင်းအောက် ဒူးထောက် ခေါင်းငုံ ငြင်းပယ် ၀န်ခံခြင်း

သွေးစွန်းလက်နဲ့ ရဲရင့်အောင်နိုင်မင်း

ငြိမ်းအေးခြင်း မှာ မေးစက်ငါ့ဘ၀ ကုသိုလ်ခေါ်သူငယ်ချင်း

ငါသည် မြတ်သောအကျင့်ကို ကျင့်ရွေ နေရာအနှံတွင် နေ၏

(အချို့စားသားတွေ နည်းနည်းမှားနိုင်ပါတယ်)

Thursday, March 10, 2011

အမှတ်တရများ

ကိုနေ၀င်း အသက်(60)ပြည့် show ပွဲလေးကို နားထောင်ဖြစ်တယ်။
သီချင်းတွေနဲ့ ဝေးနေတာကြာပါပြီ။

သီချင်းတွေက လူ့စိတ်ကို ခံစားမှု ပေးတာ သေချာတာပေါ့။
ကျွန်မ တက္ကသိုလ်အဆောင်မှာ နေတုန်းက သူငယ်ချင်းတစ်ယောက်ကပြောတယ်
နင်ညည်းတဲ့သီချင်းကို နားထောင်ရင် နင်ဘာခံစားရတယ်ဆိုတာ သိတယ်တဲ့။
ဟုတ်မှာပါ။

အမှတ်အရဆုံးသီချင်းကတော့
စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုတဲ့

ကိုယ်လေ ကံမလိုက် တဖက်သတ်ဘ၀ တိုက်ပွဲတောင် အရှုံးကနေ သားရေဖြစ်အောင်
ကျိတ်ရင်ဆိုင်လာတာဘဲ.............ဆိုပြီး
အားတင်းပြီး တက်လာခဲ့ရတဲ့ ဘ၀လေ

သီချင်းတွေက ကျွန်မငယ်ဘ၀မှာ တော်တော်လေး အရေးပါခဲ့တယ်။

စာအုပ်၊သီချင်းနဲ့ ဘာသာတရားသာမရှိခဲ့ရင် ခုလောက်ဆို
သေတာရယ်
လမ်းဘေးရောက်တာရယ် နှစ်ခုထဲက တစ်ခုပေါ့

ကျွန်မတို့ငယ်ငယ်က အိမ်မှာ ရေဒီယို တစ်လုံးရှိတယ်။

အမေက သီချင်းကြိုက်တယ် အလုပ်တွေလုပ်ရင်း အမြဲသီချင်းညည်းနေတတ်တယ်

ဒေါသဖြစ်တဲ့အချိန်ကလွဲရင်ပေါ့။

ဒေါသဖြစ်ပြီး မောတဲ့အချိန်ဆိုရင်တော့ ကျွန်မတို့ညီအစ်မကို မြည်တွန်တောက်တီးနေတာပေါ့။

ကျွန်မတို့အမေမှာ သီချင်းစာအုပ်ရှိတယ် ကိုအံကြီးတို့ ကိုတင်လှိုင်တို့ မာမာအေးတို့ပေါ့။

ကျွန်မတို့ညီအစ်မ နွေရာသီမှာ ပျင်းရင် သီချင်းဖတ်ကြတယ်။

သီချင်းကို နားမထောင်ဘူးတော့ အလိုက်ကိုမသိဘူးလေ။

အဲတော့ ဖတ်ကြတယ် ခေါ်မှာပေါ့ အသံထွက်ပြီး။

စာသားတွေက အကုန်ရနေပြီး ရေဒီယိုကလာတဲ့အချိန်မှာ အလိုက်ကို နားထောင်ရတယ်။

အဲလိုကျိုးစားကြပေမဲ့ ရပ်ကွက်အဆိုတော်တောင် မဖြစ်ခဲ့ပါဘူး။

ပထမဦးဆုံး တိတ်ခွေနဲ့ သီချင်းဖွင့်လို့ရတဲ့ ကက်ဆက်ကလေး တခု အိမ်ကိုရောက်လာတယ်။

ကျွန်မ (8)တန်းနှစ်လောက်မှာပေါ့။ ကက်ဆက်လို့သာပြောတာပါ အခုစဉ်းစားကြည့်လိုက်တော့

အသံထွက်တယ်ဆိုရုံကလေးပါ။

အဲဒီကက်ဆက်ကလေးထဲကိုဘဲ တိတ်ခွေတွေပြန်ပြန်ရစ်ပြီး မရမချင်း နားထောင်ခဲ့ကြတယ်။

အဲဒီခေတ်က ခိုင်ထူးတို့ ကိုင်ဇာတို့ စိုးလွင်လွင်တို့ စိုင်းထီးဆိုင်တို့ပေါ့

အများအားဖြင့် ခိုင်ထူးသီချင်းတွေပါ။

အဲဒီတုန်းက ၀င်ငွေရှိလာရင် သီချင်းနားထောင်ဘို့ စက်ကောင်းကောင်းတစ်ခုတော့

အရင်ဆုံး ၀ယ်မယ်ဆုံးဖြတ်ထားတာ

ပထမဆုံး ၀င်ငွေရလာတော့ စက်ဘီးမ၀ယ်နိုင်ခင်မှာ SANYO ကက်ဆက်အသစ်ကလေး တလုံး

ဝယ်ဖြစ်ခဲ့တယ်။

အဲဒါလေးကို ခေါင်းအုံးဘေးထားအိပ်တာပေါ့

2နှစ်လောက်ကြာတော့ NATIONAL တွေ ကောင်းတယ်ပြောတာနဲ့ လဲခဲ့တယ်

အဲဒီကက်ဆက်ကလေးနဲ့ ပြည်မှာ 5နှစ်ကြာခဲ့တယ်။

ရန်ကုန်ရောက်လာတော့ ညီမလုပ်တဲ့လူက SONY ကက်ဆက်ကလေး စွန့်တယ်။

သူ့အိမ်မှာ TV တွေဘာတွေရှိလာတော့ ပိုနေလို့တဲ့။

ကျွန်မ NATIONAL လေးကို အမေ့အိမ်ပြန်ပို့ပေါ့။

အဲဒီ SONY လေးနဲ့ ခါးသက်တဲ့ ဇော်ဝင်းထွဋ်တွေ ကြိုက်ခဲ့တယ်။

ရောဂါတွေနှိပ်စက်တာခံနေရချိန်မှာတော့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရား

စိတ်ဓါက်တွေ တအားကျနေချိန်မှာ ဦးဇောတိကခွေတွေနဲ့ SONY ကက်ဆက်ကလေးနဲ့ပေါ့။

နောက်ဆုံးတော့လဲ SONY လေးကို ထားခဲ့ပြီး အဝေးကိုထွက်ခဲ့ရပေါ့။

တက္ကသိုလ်အဆောင်နေတော့ စိုင်းထီးဆိုင် သီချင်းပေါင်းချုပ်စာအုပ် ၀ယ်ထားပြီး

ကျွန်မထက်တတန်းငယ်တဲ့ မာမာလွင် ထားဝယ်သူနဲ့ ပေါင်းပြီး

ညနေခင်း သူများတွေ အတွဲကိုယ်စီနဲ့လမ်းလျှောက်ထွက်ချိန်မှာ လမ်းဘေးထိုင်ပြီး

သံပြိုင်ဖတ်တာပေါ့။

စစ်ကိုင်းလမ်းသီချင်း ကို စစ်ကိုင်းလမ်းမှာ သွားဆိုရအောင်လို့ ခေါ်တဲ့ မသီတဂူဇေယျ ကိုလဲ သတိရတယ်။

ကျွန်မတို့သူငယ်ချင်းတွေ 1985ခုနှစ်လောက်က RC(2) နောက်ဘက်က သမိုင်းဝန်း CANTEEN
မှာထိုင်တုန်း

ဆိုင်က ခိုင်ထူးသီချင်းဖွင့်တယ်။

ကျွန်မကလဲ မနေနိုင်မထိုင်နိုင် မရည်မွန် အဲဒါ ငါအဆောင်မှာ

ဆိုဆိုနေတဲ့သီချင်းလေ လို့ ပြောမိတယ်။

ရိုးလွန်းတဲ့ မုံရွာသူက ဘာပြန်ပြောတယ်ထင်သလဲ

အံသြတကြီးနဲ့ နင်ဆိုတာနဲ့လဲ မတူဘူးတဲ့

ကောင်းရော

နောက်မှ ကျွန်မမျက်နှာငယ်သွားတယ်ထင်ပါတယ်

ငါက နင်ဆိုတာ အမြဲနားထောင်နေကျမို့ သူ့အသံနားထဲမ၀င်ဘူးဆိုဘဲ

အဲဒီမှတ်ချက်ကြောင့်ဘဲ ကျွန်မဘယ်တော့မှ လူတွေရှေ့သီချင်းမဆိုဖြစ်တော့ပါဘူး။

ဒါပေမဲ့ သီချင်းတွေကတော့ ဘ၀မှာ အမြဲတမ်းအားတင်းဖော်ပါ။

Monday, January 31, 2011

ရှိခြင်း..............မရှိခြင်း

ကျွန်မနဲ့ နှစ်ပေါင်းများစွာ ခင်မင်ခဲ့ရတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။

သူ့မွေးနေ့အတွက် သူငယ်ချင်းတွေကို ကျွေးချင်တယ်

လာစားတဲ့လူတွေက မွေးနေ့လို့ပြောရင် လက်ဆောင်ပေးမှာကို စိုးရိမ်လို့

သူငယ်ချင်းတွေကို ရာထူးတိုးလို့ကျွေးတာဆိုပြီးဖိတ်တယ်။

စားသောက်ပြီးတော့ သူငယ်ချင်းတွေက မေးတယ် အခုဘာရာထူးဖြစ်သွားပြီလဲဆိုတော့

တပ်ကြပ်ကြီး တဲ့ (3)ရစ်လေတဲ့

အသက်နည်းနည်းကြီးလာတဲ့ မိန်းမတွေ အများအားဖြင့် ၀လာတဲ့နေရာ (3)ခုရှိတယ်လေ

ဝလာတော့ အရစ်တွေ ထွက်လာတာပေါ့ မေးစိအောက်တရစ် အလယ်ပိုင်းတရစ်နဲ့

ဝမ်းဗိုက်ပိုင်းတရစ် (3)ရစ်လေ အဲတော့ တပ်ကြပ်ကြီးပေါ့လို့..........ရီမောပြီး ဖြေသွားတယ်။

စားရတဲ့လူတွေလဲ ပျော်ပြီး ပြန်တာပေါ့။

အဲဒီတပ်ကြပ်ကြီးနဲ့ကျွန်မ အစိုးရလခစားဘ၀မှာ ချွေတာသုံးခဲ့ကြဘူးတယ်။

နွေရာသီ ဒိန်ချဉ်လေးတစ်ခွက်သောက်ရဘို့ကို နာရီဝက်လောက် စက်ဘီးနင်းပြီး

နှစ်ယောက်သွားသောက်ခဲ့ဘူးတယ်။

အဲဒီတုန်းက အသက်(30)အောက်ပါ။

ဒါပေမဲ့ ညဘက် (10)တန်းကျူရှင်တွေရှေ့က မီးမှောင်မှောင်မှာ စက်ဘီးနင်းလာတော့

ချာတိတ်တွေ နောက်က လိုက်လာပြီး မီးတိုင်အောက်ရောက်မှ အန်တီကြီးတွေဟ ဆိုပြီး

ကောင်လေးတွေပြန်လှည့်သွားတာကို နှစ်ယောက်ရီကြရတာ

အမြဲတမ်းဘိုင်ကျနေတဲနှစ်ယောက် မြို့ထဲက စတိုးဆိုင်တွေကို လိုက်ငေးခဲ့ဘူးတယ်။

သူသိပ်ကြိုက်ပုံရတဲ့ ပိုတ်ဆံအိတ်ကလေးကို သွားသွားကြည့်နေတာကြာတော့

ကျွန်မက ၀ယ်ချင်လဲ ၀ယ်လိုက်ဟာလို့ တိုက်တွန်းခဲ့ဘူးတယ်။

အေး......၀ယ်တော့ ၀ယ်ချင်ပါတယ် ဒါပေမဲ့ အဲဒီပိုတ်ဆံအိတ် ၀ယ်လိုက်ရင်

ပိုတ်ဆံအိတ်ထဲ ထည့်စရာပိုတ်ဆံ မကျန်တော့ဘူးတဲ့။

ကျွန်မတို့နှစ်ယောက် ည(10)မှ ထွက်တဲ့ ပြည်--ရန်ကုန်ရထားကို ပထမတန်းကစီးကြတယ်။

နှစ်ယောက်ခုံတစ်ခုံဝယ်တာမို့ သူက အောက်ကြမ်းခင်းဆင်းအိပ်ပြီး

ကျွန်မကို ခုံပေါ်အိပ်စေခဲ့တယ်။

ပြည်ဘူတာက ထွက်ကတည်းက သတင်းစာလေးနည်းနည်းခင်းပြီး

မြင်းစီးသလိုရမ်းခါနေတဲ့ ရထား ခုံအောက်ကို ဆင်းသွားတာ

ကျွန်မကတော့ ခုံပေါ်မှာ အိပ်ခွင့်ရပေမဲ့ အိပ်မပျော်လို့စာဖတ်နေရတယ်။

သူကတော့ ရထားကြမ်းခင်းမှာ အိပ်မောတွေကျလို့

အင်းစိန်ရောက်လို့ မိုးလင်းမှ နိုးယူရတယ်။

တခါတလေ သိပ်အိပ်တာဘဲလို့ ပြောရင်

အိပ်မပျော်တဲ့လူတွေ စားမ၀င်တဲ့လူတွေရှိရင်ပြောပါတဲ့

အအိပ်အစား အငှားလိုက်မလို့ ဆိုဘဲ

အခုတော့ ဘ၀တွေ အမျိုးမျိုး ရုန်းကန်ခဲ့ကြတယ်။ ကျော်ဖြတ်ခဲ့ကြတယ်။

သုံးစရာငွေနည်းနည်းစီရှိလာကြတယ်။

ဒါပေမဲ့ တွေ့ဘို့ စားဘို့ အချိန်တွေ မရှိဘူးဖြစ်လာကြတယ်။

တစ်ယောက်တစ်နိုင်ငံစီမို့.........စိတ်ကူးတွေနဲ့ဘဲ

...................................

Tuesday, January 25, 2011

မိတ်ဆွေများအားလုံးကိုသိစေချင်ပြီး သက်ဆိုင်သူအားလုံးကိုမေးချင်ပါသည်။

မိတ်ဆွေများအားလုံးကိုသိစေချင်ပြီး သက်ဆိုင်သူအားလုံးကိုမေးချင်ပါသည်။

(ကျွန်မ မိတ်ဆွေတစ်ယောက်ရဲ့ အဖြစ်ကလေးပါ။)

ရန်ကုန်မြိှု့ဗဟန်းမြို့နယ်မှာရှိတဲ့
နာမည်ကြီးအထူးကုဆေးရုံကြီးတစ်ခုရဲ့ တာဝန်ရှိသူများနဲ့
ဒီဆေးရုံမှာလူနာတွေကိုရောဂါကုသပေးနေတဲ့
သမားတော်ကြီးများကို ကိုယ်တိုင်ကိုယ်ကျလိုက်တွေ့ပြီမေးရမှာ
အဆင်မပြေတဲ့အတွက်ကျွန်မ သိချင်လွန်းတဲ့ အချက်တွေကိုဒီကနေဘဲမေးလိုက်ရတာပါ။
ဒီဆေးရုံရဲ့တာဝန်ရှိသူများနဲ့ အထူးကုသမားတော်ကြီးများ မိမိတို့
အသက်သခင်ကျေးဇူးရှင်ဆိုပြီး ယုံကြည်အားကိုစွာနဲ့ ကိုယ့်အသက်ကိုနဲ့
ခန္ဓာကိုယ်ကိုအပ်ထားတဲ့လူနာနဲ့ လူနာရှင်တွေအပေါ် ဘယ်လိုများသတ်မှတ်ပြီး
ဘယ်လိုများသဘောထားပါသလဲ?
ကျွန်မဘာလို့ ဒီမေးခွန်းကိုမေးရသလဲဆိုရင် ကျွန်မအမျိုးသားဟာ
သူယုံကြည်အားကိုးစွာနဲ့ သူ့အသက်ကို အပ်နှံထားတဲ့ အဆစ်အမြစ်သမားတော်၊
ရင်ခေါင်းပိုင်းဆိုင်ရာ သူ့အဆုတ်ကို ကုသပေးနေတဲ့ အမျိုးသမီးသမားတော် ၊
သွေးရောဂါကုသမားတော်ကြီးနဲ့ နောက်ဆုံးအပ်လိုက်ရတဲ့
နှလုံးအထူးကုသမားတော်ကြီးလေးယောက်စလုံးရဲ့ ဥပက္ခာပြု
လစ်လျူရှုခြင်းကိုခံရပြီး (၂၉.၁၁.၂၀၁၀) တနလာင်္နေ့ ညနေ(၄:၃၀) မှာ
အဲ့ဒီဆေးရုံရဲ့ (ICU) ဆိုတဲ့အထူးကြပ်မတ်ဆောင်မှာဘဲ အသက်ပျောက်ခဲ့ရပါတယ် ။
ကျွန်မအမျိုးသားဆုံးတာ ဒီနေ့ဆိုရင် တစ်လကျော်
ရှိသွားပေမဲ့ သူဆုံးခါနီး နိုဝင်ဘာလ (၂၈) ရက်နဲ့ (၂၉)ရက်နေ့တွေမှာ
ဒီဆေးရုံပေါ်မှာ ကျွန်မတို့ခါးသီးစွာတွေ့ကြုံခံစားခဲ့ရတဲ့ အခြေအနေနဲ့
အဖြစ်အပျက်တွေကိုဘယ်လိုမှဖြေဖြောက်မရနိုင်သေးဘူးဆိုတာ
သက်ဆိုင်သူအားလုံးကိုသိစေချင်ပါတယ်။
ကျွန်မရူးမတတ် သိချင်နေတဲ့အချက်က ကျွန်မအမျိုးသားဟာ
ဘာကြောင့်ဒီလောက်အချိန်တိုတို အတွင်းမှာ
လူ့လောကကြီးကနေထွက်ခွာသွားခဲ့တာလဲဆိုတာ သူမဆုံးခင်အချိန်ကလေးအတွင်းမှာ
သူ့ကို ကုသပေးနေကြတဲ့ သမားတော်ကြီးတွေထဲက
တစ်ယောက်လောက်လဲဖြစ်ဖြစ်ရောက်လာခဲ့ပြီး သူဟာဘာကြောင့်
ကုလို့မရနိုင်တော့ဘူးဆိုတာကို ပြောပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့
အနေနဲ့
နည်းနည်းလေးတော့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
အခုကျွန်မအမျိုးသားဆုံးခါနီးမှာ ဆေးရုံပြန်တတ်ရတာ ဒုတိယအကြိမ်ပါ ၊
ပထမအကြိမ်က အောက်တိုဘာလ (၂၃) ရက်ကနေ နိုဝင်ဘာလ
(၁၁) ရက်နေ့ထ ရက်နှစ်ဆယ်တိတိကြာခဲ့ပါတယ် ၊ ဒီအတွင်းမှာ
သူ့တို့ကုသပေးနေတဲ့သမားတော်ကြီးသုံးယောက်ပါ ၊အဆစ်အမြစ်သမားတော်
ရင်ခေါင်းပိုင်းဆိုင်ရာ အမျိုးသမီးသမားတော်နဲ့
သွေးအထူးကုသမားတော်ကြီးတွေပါ ၊ ကျွန်မ
အမျိုးသားမှာသွေးလေးဘက်နာရောဂါရှိတဲ့အတွက်
အဆစ်အမြစ်သမားတော်နဲ့ ကုသနေတာတစ်နှစ်လောက်ရှိခဲ့ပါပြီ။ အခုဆေးရုံတတ်ရမဲ့
အခြေအနေကြောင့် သူနဲ့သွားပြတဲ့အချိန်ကစပြီး ကျွန်မတို့
လူနာရှင်တွေဘက်ကကိုယ်တင်ချင်တဲ့ ဆေးရုံကအစ ကိုယ်ကုချင်တဲ့သမားတော်အထိ
ဘာတစ်ခုမှရွေးချယ်ပိုင်ခွင့်မရခဲ့ပါဘူး။ဒီဆေးရုံမှာ
မတင်ချင်လို့တခြားဆေးရုံမှာ တင်ဖို့ပြောပေမဲ့ အဆစ်အမြစ်သမားတော်က
လက်မခံလို့ သူတို့တင်ခိုင်းတဲ့ဆေးရုံမှာဘဲတင်ခဲ့ရပြီး
သူတို့ဆေးရုံမှာရှိတဲ့ သူတို့အချင်းချင်း ချိတ်ပေးတဲ့သမားတော်တွေနဲ့သာ
ကုခဲ့ရတာပါ ၊ ကျွန်မတို့မှာ ကိုယ့်လူနာဘာဖြစ်မှန်း မသိရဘဲ
အဆုတ်သမားတောနဲ့ သွေးသမားတော်တို့ရောက်လာမှ အဆုတ်နဲ့သွေးထဲမှာ
ပြဿနာရှိမှန်းသိရပါတယ်။ ဒါပေမဲ့ လူနာနဲ့ ကျွန်မတို့
လူနာရှင်တွေဆိုပြီ အရမ်းကိုယုံကြည်အားကိုးခဲ့ပါတယ် ၊ ဒီလိုနဲ့ဆေးရုံမှာ
ရက်နှစ်ဆယ်ကြာပြီ နိုဝင်ဘာလ (၁၁) ရက်နေ့မှာ
ဆရာဝန်သုံးယောက်စလုံးက လူနာသက်အန္တာရယ် မရှိတော့လို့ ဆေးရုံက
ဆင်းခွင့်ပြုလိုက်တာကို ယုံကြည်မိပြီးလူနာကို အိမ်ပြန်ခေါ်ခဲ့မိတာ
ကျွန်မတို့ရဲ့ အမှားလားလို့ဖြေမရနိုင်အောင် နောင်တရနေခဲ့ပါတယ် ။
ဒီအဖြစ်မျိုးကြုံရမှာစိုးလို့ လူနာကိုဆေးရုံက မဆင်းစေချင်သေးလို့
လူနာရဲ့ အဆုတ်ထဲမှာ တီဘီဖြစ်နေလို့တီဘီဆေးကိုခြောက်လသောက်ရမယ်ဆိုပြီ
ကုသပေးနေတဲ့ ရင်ခေါင်းသမားတော်ထံကို
ကျွန်မကိုယ်တိုင်ဖုန်းဆက်ပြီ လူနာကိုဆေးရုံမှာ
ပိုစိတ်ချရတဲ့အချိန်ထိထားချင်လို့ လူနာဆေးရုံက
မဆင်းနိုင်အောင်ပြောပေးဖို့
တောင်းတောင်းပန်ပန်ပြောခဲ့တဲ့ လူနာရှင်ကျွန်မရဲ့ စကားကို
လုံးဝလစ်လျူရှုပြီး လူနာကိုဆေးရုံက ဆင်းစေခဲ့ပါတယ်။
ရှေ့ရက်က ပြောခဲ့တဲ့ သမားတော်သုံးယောက်စလုံးရဲ့
အသက်အန္တာရယ်မစိုးရိမ်းရတော့ဘူးဆိုတဲ့ စကားတာမှန်ခဲ့ရင်
လူနာဟာဆေးရု့ပေါ်မှာ
ဒီထက်ပိုပြီးစိတ်ချရတဲ့ အခြေအနေထိနေခဲ့ရမယ်ဆိုရင် အခုလောက်ထိမြန်မြန်
ကျွန်မတို့ကို စွန့်ခွာသွားရမှာ မဟုတ်ဘူးလို့တွေးမိပြီး
ကျွန်မတမြေ့မြေ့နဲ့ခံစားနေရတာဟာ ဘယ်သူကြောင့်ပါလဲ ?
ဆေးရုံကဆင်းပြီဆယ့်ခုနှစ်ရက်ကြာတဲ့အထိ ကြားထဲမှာ အဆုတ်ရဲ့ အခြေအနေကို
တခါမှပြန်မစစ်ဆေးတာဟာ လူနာရဲ့ရောဂါအခြေအနေက သိပ်ကိုစိတ်ချရတဲ့
အနေအထားမှာရှိနေပြီလို့သတ်မှတ်ထားလို့လား ?
ဒါမှမဟုတ်ကိုယ့်ရဲ့ ကုသချက်ဟာအရမ်းမှန်ကန်နေလို့ ကိုယ့်ကိုယ်ကို
ယုံကြည်မှုလွန်ကဲထားတာလား ? လူနာဟာတီဘီရောဂါအမှန်တကယ်
မဟုတ်ဘဲ တီဘီဆေးကိုသောက်နေရလို့
အခုလောက်မြန်မြန်အခြေအနေဆိုးရွားသွားတာလား? တီဘီပိုးမတွေ့ပေမဲ့
ရွေးစရာလမ်းမရှိလို့
တီဘီဆေးကိုဘဲသောက်ရမယ်လို့ပြောသွားတဲ့ ဒီသမားတော်ရဲ့
စကားကိုကျွန်မအခုထိကြားယောင်နေတုန်းပါဘဲ။
ဒါကြောင့်မို့လူနာကို ဒုတိယအကြိမ်
သူမကိုယ်တိုင်ဆေးရုံပြန်တတ်ခိုင်းခဲ့ပေးမဲ့ လူနာအသက်
ထွက်သွားတဲ့အချိန်ထိတချက်မှ လှည့်မကြည့်ဘဲ
ပစ်ထားခဲ့တာဟာ ဘာကြောင့်ပါလဲ? ဘယ်သူမှာတာဝန် အရှိဆုံးလဲဆိုတာ
သူမကိုယ်တိုင်လဲသိနေမှာပါ ။ကျွန်မရဲ့ မေးခွန်းကိုဖြေဖို့သက်ဆိုင်ရာ
သမားတော်မှာ အဖြေတစ်ခုခုတော့ရှိနေလိမ့်မယ်လို့ထင်ပါတယ် ။
ဆေးရုံကဆင်းပြီ တစ်ပတ်အကြာ (၁၈.၁၁.၂၀၁၀)နေ့မှာ
အဆစ်အမြစ်သမားတော်နဲ့ သွေးသမားတော်တို့ချိန်းထားတဲ့
အတွက်သွားပြန်ပြခဲ့ပါတယ် ၊အဲ့ဒီအချိန်ထိ သမားတော် နှစ်ယောက်စလုံးက
လူနာမှာစိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့လုံးဝမပြောခဲ့ပါဘူး။
လူနာကလဲအိမ်မှာစိုးရိမ်းရလောက်အောင် ထူးခြားတဲ့ လက္ခဏာမပြတော့
ကျွန်မတို့လဲ သိပ်မစိုးရိမ်ခဲ့ပါဘူး ၊ ဒီလိုဆရာဝန်တွေကိုဘဲ
ယုံကြည်ထားမိတာဟာလဲ ကျွန်မတို့ရဲ့အမှားလားလို့
တွေးပြီးဖြေမရနိုင်အောင်ခံစားနေရပါတယ်။
ကျွန်မအခုနောက်ဆုံးပြောပြချင်တာကတော့ လူနာဆေးရုံကဆင်းပြီး (၁၇)
ရက်အကြာမှ အဆုတ်သမားတော်ကပြန်ပြဖို့ချိန်းတဲ့
နိုဝင်ဘာလ (၂၈) ရက် နေ့လည် (၁:၃၀) ကနေ လူနာဆုံးတဲ့ နိုဝင်ဘာ (၂၉) ရက်ညနေ့
(၄:၃၀) အချိန်ထိခါးသီးစွာကြုံတွေ့ခဲ့ရတဲ့
အဖြစ်အပျက်တွေပါဘဲ ၊ (၂၈) ရက် နေ့လည် (၁:၃၀) ဆေးရုံရောက်မှ လူနာရဲ့
အဆုတ်ကို ဓာတ်မှန်ပြန်ရိုက်ပြီး အဆုတ်သမားတော်ကို
ပြတော့မှ အဆုတ်ရဲ့အခြေအနေကအရမ်းစိုးရိမ်ရလို့ ဆေးရုံပြန်တင်ခိုင်ပါတယ်။
နှလုံးအခြေအနေလဲမကောင်းလို့ဆိုပြီး နှလုံးအထူးကုသမားတော်ကို
လာကြည့်ခိုင်းခဲ့ပါတယ် ၊ အဲ့ဒီအချိန်ဟာ ကျွန်မတို့
အရေးပေါ်ခန်းမှာဘဲရှိနေသေးတာပါ ၊ ညနေ (၅:၀၀) လောက်မှ
လေးထပ်မှာအထူးခန်းရလို့
လူနာကို အခန်းထဲ ရွှေ့ပေးခဲ့ပါတယ် ၊ဒီအခန်းမှာ လူနာဟာ (၁၈:၀၀)
နာရီလောက်နေခဲ့ရပေမဲ့ နှလုံးသမားတော် အပါအ၀င်ကျွန်မတို့ လူနာကို
ကုပေးဖို့ယုံကြည် အားကိုးစွာ အပ်နှံထားတဲ့ သမားတော်လေးယောက်စလုံး
အရိပ်တောင်မတွေ့ခဲ့ရပါဘူး။ On Call ခေါ်ပေးခိုင်းလဲ တစ်ယောက်မှ
ရောက်မလာကြပါဘူး၊ လူနာဟာ တညလုံးမျက်လုံးကြောင်တောင်နဲ့ မလှုပ်မယှက်
ငြိမ်နေတာကို ဘာဖြစ်လို့ဒီလို ဖြစ်နေတာလဲလို့ လာကြည့်တဲ့
(MO)တွေကိုမေးကြည့်တော့ အဆုတ်ဝေဒနာ
ရှင်တွေဟာဒီလိုဘဲဖြစ်တတ်တယ်လို့ပြောပါတယ်၊
ကျွန်မတို့ကလဲဒီလိုမျိုးတစ်ခါမှမကြုံဘူးတော့
သူတို့ပြောတာကိုဘဲယုံကြည်နေခဲ့မိပါတယ် ၊ နောက်ဒီဆေးရုံကတော်တယ်လို့
သတ်မှတ်ထားပြီးခေါ်ပေးတဲ့ အသက်ခြောက်ဆယ်ရှိ မှော်ဘီမှာ
နေတဲ့အမျိုးသားသူနာပြုက မနက် (၅:၀၀) မှာထပြီး လူနာကို အတင်းထထိုင်ခိုင်း
ရေပတ်အတင်းတိုက်ပေး လူနာကိုအတင်လှုပ်ခိုင်းပါတယ်။
ကျွန်မတို့လူနာရှင်က တားတာလဲမရပါဘူး ၊ ဒီအချိန်မှာ
လူနာကစကားတောင်ကောင်းကောင်းမပြောနိုင်တော့တဲ့အခြေအနေပါ ၊
ဒီအခြေအနေကို တစ်ညလုံးတွေ့မြင်နေရက်နဲ့ သူနာပြုတစ်ယောက်လုပ်နေပြီး
ပြင်းထန်စွာ ဝေဒနာခံစားနေရတဲ့ လူနာတစ်ယောက်ကို
ဒီလိုပုံမျိုးလုပ်သင့်ပါရဲ့လား ? ဒီဆေးရုံရဲ့
တာဝန်ရှိသူတွေဆုံးဖြတ်ပေးကြပါ ၊ လူနာဟာ ဆေးရုံရောက်ပြီနောက်နေ့ နိုဝင်ဘာလ
(၂၉) ရက်
မနက် (၁၁:၀၀) နာရီ အရောက်မှာ လူနာရဲ့အရမ်းစိုးရိမ်ရတဲ့အခြေအနေကြောင့်
ဘယ်သမားတော်ကိုမှ အားကိုးမျှော်လင့်လို့မရနိုင်တော့ဘူး
ဆိုတာသိလိုက်ရတဲ့အတွက် ဒီဆေးရုံရဲ့ (ICU)လို့ခေါ်တဲ့ အထူးကြပ်မတ်ဆောင်ကို
ပို့ပြီအဲ့ဒီမှာရှိတဲ့ တာဝန်ကျဆရာဝန်ရဲ့ လက်ထဲကိုဘဲ
ကိုယ့်လူနာကိုအပ်လိုက်ရပါတယ် ၊ (ICU) ရောက်မှ အဲဒီက ဆရာဝန်တွေပြောလို့
ကိုယ့်လူနာဟာတစ်ညလုံးမျက်လုံးကြောင်တောင်ဖြစ်နေတာဟာ
သတိလစ်နေမှန်းသိလိုက်ရတာပါ ၊ လူနာဟာတစ်ညလုံးသတိလစ်လိုက် ပြန်လည်လာလိုက်
ဖြစ်နေတာပါ ၊ ဒီလိုအခြေအနေမျိုးကို
ခြောက်နှစ်လုံးလုံးဆေးပညာတွေသင်ယူခဲ့တဲ့ဆရာဝန်တွေ တကယ်ဘဲမသိတာလား ?
ကျွန်မတို့ လူနာရှင်ကိုဘာဖြစ်လို့ အမှန်တိုင်းမပြောပေးနိုင်တာလဲ?
(ICU) ရောက်တော့ လူနာကိုတပ်ပေးထားတဲ့စက်တစ်လုံးကမမှန်ဘူးတဲ့ ပျက်နေတာတဲ့၊
ဒါသူတို့ဆရာဝန်အချင်းချင်းပြောလို့ ကျွန်မတို့ ကြားပြီ
တော်တော်ကိုတုန်လှုပ်သွားမိပါတယ် ။(ICU)ဆိုတာ လူနာတွေအရမ်းစိုးရိမ်ရတဲ့
အခြေအနေမျိုးမှာ ပိုက်ဆံအများကြီးပေးမှထားရတဲ့နေရာပါ ။
ဒီလိုနေရာမှာ ဒီလိုအဖြစ်မျိုးဖြစ်သင့်ပါရဲ့လား ? လူနာဟာ (ICU) ရောက်ပြီး
ငါးနာရီကျော်ကြားမှ အသက်ထွက်သွားတာပါ။
အဲဒီ အချိန်ထိဘယ်သမားတော်တစ်ယောက်မှ ရောက်မလာခဲ့ပါဘူး ၊
ဘာဖြစ်လို့မလာကြတာလဲ ? လူနာဟာကလို့မရနိုင်တော့ဘူးဆိုတာကို
ကြိုသိနေခဲ့ရင်တောင် လူနာရှင်တွေကို တစ်ချက်လောက်တော့ မျက်နှာပြပြီး
နှစ်သိမ့်ပေးသင့်တယ်လို့ထင်ပါတယ် ။ ရိုင်းရိုင်းပြောရရင်
ကျွန်မတို့က သမားတော်တွေကိုအခမဲ့ ကုခိုင်တာတောင်မဟုတ်ပါဘူး ၊ သက်ဆိုင်ရာ
ဆေးရုံနဲ့သမားတော်တွေ တောင်းသလောက်ပေးပြီး
အားကိုးတကြီးနဲ့ကိုယ့်လူနာကို အပ်ခဲ့တာပါ။
ဘာဖြစ်လို့များလူနာနဲ့လူနာရှင်တွေကို ဒီလောက်ထိမထေမဲ့မြင်ပြုပြီ
လစ်လျူရှုထားခဲ့ကြတာလဲ?
လူနာဟာ ကုမရနိုင်တော့တဲ့အခြေအနေဖြစ်နေရင်တောင် ကျွန်မတို့ လူနာရှင်ကို
ပွင့်ပွင့်လင်းလင်း ပြောပြသင့်တာပေါ့ ။ အခု သမားတော်တွေရဲ့
လုပ်ရပ်ဟာ ကိုယ်ကုသပေးနေတဲ့ လူနာတစ်ယောက်ကို ပစ်ထားခဲ့တာ
သိပ်ရက်စက်ရာကျနေတယ်လို့များ မတွေးမိဘူးလား? ကျွန်မအခု
ဒီကနေမေးနေတာကို သက်ဆိုင်ရာ ဆေးရုံက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ
သမားတော်တွေသိကြမှာပါ ၊ ကျွန်မဒီကနေတင်ပြတာတွေက
ပုဂ္ဂိုလ်ရေးအရ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒမရှိပါဘူး ၊ လူနာရှင်တွေရဲ့ခံစားချက်ကို
သက်ဆိုင်သူတွေ သိစေချင်ရုံပါ။
ကျွန်မနောက်ဆုံးပြောချင်တာက သမားတော်ကြီးများအားလုံး မိမိတို့ကို
အားကိုးယုံကြည်ပြီး ကိုယ့်အသက်ကို အပ်ထားတဲ့လူနာတွေကို
အချိန်နည်းနည်းပေးပြီ ဂရုစိုက်အလေးထားပေးမယ်ဆိုရင် လူနာတွေကိုယ်စား
ကျွန်မသမားတော်ကြီးအားလုံးကို အမြဲကျေးဇူးတင်နေမိမှာပါ ။
ဒီနိုင်ငံမှာရှိတဲ့ အထူးကုဆေးရုံမှ တာဝန်ရှိသူများနဲ့
သမားတော်များလုံးလူနာ နဲ့ လူနာရှင်တွေအပေါ် ကိုယ်ချင်းစာစိတ်
ထားပေးနိုင်ကြပါစေ ။

Tuesday, January 18, 2011

မင်္ဂလာဆောင်

ခုတလော ရေပန်းစားနေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ကို MRTV-4 မှာ ကြည့်ဖြစ်သွားတယ်။

အပျိုလေးတွေတော့ မသိဘူး အရွယ်လွန်နေတဲ့ ကျွန်မတောင် မင်္ဂလာဆောင်ဆိုတာကို

ပြန်စိတ်ဝင်စားလာစေတယ်။

ပိုစိတ်ဝင်စားတဲ့အချက်ကတော့ အင်တာနက်မှာဖတ်လိုက်မိတာ

လက်ဝတ်ရတနာမှာ စိန်အလုံး(5000)လောက်ပါတယ်ဆိုတာဘဲ။

ရတနာဆိုင်တွေက ဆင်တာပါ။

ရတနာဆိုတာ မင်္ဂလာရှိတာမှန်ပါတယ်။

ဒါပေမဲ့ sedona မှာလုပ်တဲ့ပွဲမှာ အိန္ဒြာကျော်ဇင် ခန်းမထဲမ၀င်ခင်မှာ

အပြာရောင်ဝတ်တွေနဲ့ လုံခြုံရေးအစောင့်တွေကိုတွေ့လိုက်ရချိန်မှာတော့

သတို့သမီးကိုယ်စား စိတ်မသက်သာတော့ပါဘူး။

နောက်ပြီး ကောလဟာလသတင်းတစ်ခုက ပြေတီဦးက သိန်းကိုးထောင် ကြိုယူပြီး

မင်္ဂလာဆောင်လိုက်တယ်ဆိုတာပါဘဲ။

အော် သတို့သားလဲ အတော့်ကို ကျိုးစားရတာပါလား။

အင်း ... အားကျစိတ်တွေတော့ ပျောက်သွားပါတယ်။

ဒါပေမဲ့ နောက်ထပ် အားကျစရာတခုက ဖြစ်လာပြန်ပါတယ်။

ရုံးက မိတ်ဆွေတစ်ယောက်ရဲ့သမီး မင်္ဂလာဆောင် ဖိတ်ပါတယ်။

နေရာက ရန်ကုန်တက္ကသိုလ်ထဲက ဂျပ်ဆင်မှာပါတဲ့။

သူတို့တွေက ခရစ်ယာန်တွေမို့ပါ။

ဂျပ်ဆင်ထဲမှာ သူတို့ဘာသာအရ ကောင်းချီးတွေယူပြီး

ဂျပ်ဆင်လမ်းမဘေး မြက်ခင်းမှာ ခုံတွေချပြီး

ထောပတ်ထမင်းနဲ့ဧည့်ခံပါတယ်။

လူတွေက လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနဲ့

စားလိုက်ကြတာ

ခရစ်ယာန်တွေဆိုတော့ သူတို့တီးဝိုင်းနဲ့ ဆိုချင်တဲ့လူတွေ ဆိုနေကြတာ

မင်္ဂလာဆောင်ဆိုတာတောင် မေ့သွားပြီး

တက္ကသိုလ်နေတုန်းက ထမင်းစားပွဲတွေဆီကို စိတ်ပြန်ရောက်သွားစေပါတယ်။

အဲဒါတွေကို ချမ်းချမ်းက အသိပေးလိုက်ပါတယ်။

တကယ်ဆို အချစ်ဘဲ လိုတယ်တဲ့။

ဒါပေမဲ့ အသိနောက်ကျသွားပါပြီ။

Sunday, January 2, 2011

2011 နှစ်သစ် စိတ်ကူး

မနေ့က မဖတ်တာကြာပြီဖြစ်တဲ့ ဇန်န၀ါရီ 2011 လထုတ် အတွေးအမြင်ကို
ဝယ်ဖတ်ဖြစ်တယ်။

ဘိုးလှိုင် ရေးတဲ့ အပျင်းထူတာ ချီးမွမ်းစရာ ဆိုတဲ့ ဆောင်းပါးလေးဖတ်ပြီး
အသိအမြင်တွေ ရှင်းသွားတယ်။

တကယ်တော့ အလုပ်အလုပ်ဆိုပြီး (23)နှစ်လုံးလုံး လုပ်ခဲ့တာ

အလုပ်အသစ်ဝင်နေပြီ အဟောင်းကမထွက်ရသေးတာ

တနှစ်ကို(10)ရက်ထက်ပိုပြီးတခါမှ ခွင့်မယူခဲ့တာ

အလုပ်စွဲရောဂါနဲ့နေသားကျနေခဲ့တာလေ။

ကြာလာတော့ အလုပ်အပေါ်စိတ်ဝင်စားမှုနည်းလာတာ

Management နည်းနည်းသိလာလို့ အဆင်ပြေအောင်လုပ်နိုင်တာကလွဲရင်

အရင်တုန်းကလို စွမ်းစွမ်းတမံစိတ်ထားမျိုးမရှိတော့တာ

လစာရတဲ့နေ့တွေတောင် စိတ်ထဲပျော်သလိုမျိုးမဖြစ်တော့တာ

အဲဒါတွေကို သိလာတော့ အင်း နည်းနည်းတော့မှားနေပြီလို့

ထင်ထားတဲ့အချိန်မှာ

ဘိုးလှိုင်က အပျင်းထူဘို့ လှုံဆော်လာတော့

အင်း .........ဒါလဲ ပြန်စဉ်းစားစရာအချက်ဖြစ်လာတယ်။

အလုပ်ချိန်ကိုလျော့လုပ် အားတဲ့အချိန်မှာ အခြားဝါသနာပါတာလုပ်ပြီး

ဥာဏ်သွေးရမယ်ပေါ့။

ဒါမှလဲ ထိရောက်အောင်အလုပ်လုပ်နိုင်မယ်ပေါ့။

ဒါပေမဲ့ခက်တာက Management ပိုင်းရဲ့သဘောထားဘဲ

လူတွေရှိနေတာ အလုပ်ချိန်များတာတွေကို သဘောကျနေဆဲဘဲ

အလုပ်ချိန်များပြီး အလုပ်လုပ်မဲ့လူတွေရှိနေပေမဲ့

ရှိတဲ့လူတွေကို လုပ်ပါဆိုတော့လဲ ခိုင်းမှ လုပ်တတ်တဲ့သဘောတွေ

ဖြစ်နေတာကို သတိမပြုမိကြဘူးလေ။

အင်း.........

အဲဒီလူတွေရဲ့စိတ်တွေကို ဆွဲတင်ဘို့ ကျိုးစားညှိယူမဲ့အစီအစဉ်ကို

Decision Maker ပိုင်းက သဘောမတူလေတော့....................

နှစ်သစ်မှာ ကိုယ်တစ်ယောက်တည်း အပျင်းထူဘို့

ဘိုးလှိုင် ချီးမွမ်းတာကို ခံဘို့။

စိတ်ရောကိုယ်ပါ အပျင်းထူတော့မယ်။