Monday, December 22, 2014

အင်ဂျင်နီယာ

facebook မှာ အင်ဂျင်နီယာတွေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်တဲ့အကြောင်းကို ဖတ်လိုက်ရတော့ နည်းနည်းပြုံးမိသွားတယ်။
ကျွန်မတို့ စီးပွားရေးတက္ကသိုလ် တက်တုန်းက 1983-1987 အတန်းထဲမှာ 80% ကျော်က မိန်းခလေးတွေ ဒါပေမဲ့ ကျွန်မတို့ စာသင်ခန်းရဲ့ စင်္ကြန်မှာ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ရှိနေတတ်ပါတယ်။
ကျွန်မ ယန္တရားတွေ ပြင်တဲ့စက်ရုံမှာလုပ်တုန်းက ကျွန်မ စာရင်းကိုင်က တစ်ယောက် အင်ဂျင်နီယာ (12) ယောက်နဲ့ အမြင်တွေမတူဘဲ တချိန်လုံး စကားများနေခဲ့ရတယ်။
နောက်ပိုင်း စက်ရုံတွေမှာ လုပ်တော့လဲ အင်ဂျင်နီယာတွေနဲ့ တပွဲတလမ်းတွေ ဆက်တုန်းဘဲ။
လွန်ခဲ့တဲ့ (4)နှစ်လောက်တုန်းက အင်ဂျင်နီယာတစ်ယောက်ရဲ့ ကြိုတင်ထုတ်ငွေတွေကို ကျွန်မက ထောက်ပြတော့ အဲဒီအင်ဂျင်နီယာက ကျွန်မစားပွဲခုံရှေ့လာထိုင် မျက်နှာကြည့်ပြီးပြောတယ်။
အင်ဂျင်နီယာတွေကို သတ်တာ စာရင်းကိုင် တဲ့။
အဲဒါနဲ့ ကျွန်မလဲ အင်ဂျင်နီယာနဲ့ စာရင်းကိုင် vision မတူတာ ဘာကြောင့်လဲလို့ ပြန်သုံးသပ်ဖြစ်တယ်။
ကျွန်မ Management level ရောက်လာတော့ အင်ဂျင်နီယာ အများစုနဲ့လုပ်ရတဲ့ လုပ်ငန်းမျိုးဖြစ်နေပြန်တယ်။
ကျွန်မက သူတို့ကိုပြောဖြစ်တယ်။ business လုပ်ခြင်းရဲ့ နောက်ဆုံးပန်းတိုင်က အကျိုးအမြတ်ရဘို့ပါ။
NGO တွေရဲ့ရည်ရွယ်ချက်ကတော့ တမျိုးပေါ့။
အမြတ်အစွန်းမရှိတဲ့လုပ်ငန်းတခုဟာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ။
စက်ရုံတွေ (5)နှစ်လောက် အရှုံးခံပြီး လက်လျော့လိုက်ရတာတွေ ကြုံခဲ့ဘူးတော့ အောင်မြင်မဲ့နည်းလမ်း တွေကို ထုတ်မသုံးရသေးပေမဲ့ မအောင်မြင်တဲ့အကြောင်းတွေ အားနည်းချက်တွေနဲ့တော့ တော်တော်လေး ရင်းနှီးနေခဲ့ပြီလေ။
ဒီတော့ အင်ဂျင်နီယာတွေနဲ့ စကားနပန်းလုံးရတိုင်း ပြန်တွေးမိတဲ့ စာလေးတစ်ပုဒ်ရှိတယ်။
တက္ကသိုလ်နှစ်ပတ်လည် စာစောင်တစ်ခုမှာ ကျောင်းတုန်းက ဖတ်ခဲ့ဘူးတယ်။
သေဒါဏ် ကျခံထားရတာ (3)ယောက် မှာ တစ်ယောက်က အင်ဂျင်နီယာတဲ့။
သေဒါဏ်စီရင်တဲ့နေ့မှာ ပထမတစ်ယောက်ကို ခေါင်းဖြတ်စက်အောက် ပို့လိုက်တယ်။
စက်က ခလုတ်နှိပ်ပေမဲ့ ပျက်နေတော့ အဲဒီတစ်ယောက်ကလွတ်သွားတယ်။
ကဲလာ ဒုတိယတစ်ယောက် ခလုတ်နှိပ်ပေမဲ့ စက်က ပျက်နေဆဲဘဲမို့ လွတ်သွားပြန်တယ်။
ကဲနောက်ဆုံးတစ်ယောက် လာထား အင်ဂျင်နီယာ
သူက စက်ပျက်နေတာကို သိတော့ ခလုတ်နှိပ်တဲ့လူကို ခဏနေပါဦး
သူပြင်ကြည့်ချင်တယ်လို့ တောင်းဆိုတယ်။
အင်ဂျင်နီယာကို စက်ပြင်ခွင့်ပေးလိုက်တယ်။
ကဲ ခေါင်းဖြတ်စက်ပြင်ပြီးသွားပြီတဲ့
အဲဒီတော့မှ အင်ဂျင်နီယာ ခေါင်းဖြတ်ခံရမဲ့အလှည့်ရောက်လာတယ်။
ကောင်းသွားတဲ့စက်နဲ့ အင်ဂျင်နီယာ ခေါင်းပြတ်သွားတယ်။
ဖတ်ခါစတုန်းကတော့ အင်ဂျင်နီယာတွေကို စ ချင်ရင် အဲဒီစာပိုဒ်လေးပြန်ပြန်ပြောဖြစ်တယ်။

အခု အင်ဂျင်နီယာတွေအများစုနဲ့ ဆက်ဆံနေရတော့
သူတို့ရဲ့ စိတ်နေသဘောထားကို တွေးကြည့်နေဖြစ်တယ်။
ကျွန်မတို့စာရင်းကိုင်တွေ အရာရာကို ရေတွက်ကြည့် အကျိုးမရှိရင် NO....
သူတို့အင်ဂျင်နီယာတွေရော........ခေါင်းမာမာနဲ့ ကိုယ့်သတ်မဲ့ခေါင်းဖြတ်စက်တောင်
ပြင်တတ်တယ်လို့ ယုံကြည့်ရင် ပြင်ချင်ကြတာမို့....
သူတို့အတွက် အကျိုးမရှိဘူး အကျိုးတောင်မဲ့စေတယ်ဆိုတာတွေ သိနေရက်နဲ့တောင်
ယုံကြည့်ချက် အပြည့်နဲ့ ပညာတွေ ထုတ်သုံးချင်ကြလို့..............

Wednesday, December 10, 2014

နှောင်းငယ် သို့

မျက်လုံးအညိုရောင်ကလေးနဲ့ သရဖီအဆောင်သူတစ်ယောက်ကို ကံကော်ဆောင်မှ ခဏတိုင်းတွေ့ရလို့ သတိထားမိတယ်။
သူ့နံမည်ကို တင်တင်အေးဆိုတာ သိတာ သိပ်မကြာသေးဘူး။
သူက ကျွန်မတို့ ပဲခူးက ကံကော်သူ ပဲအရမ်းများတဲ့ တင်မိုးလွင်နဲ့ တွဲတယ်။
ကျွန်မတို့ ပဲခူးသူတွေထဲက ကျွန်မတို့နှစ်မှာ(3)ယောက် ကံကော်ဆောင် နေခွင့်ရတယ်။
ကျွန်မတို့(3)ယောက် သူငယ်တန်းကတည်းက တစ်ကျောင်းတည်းထွက်ပေမဲ့ စတိုင်မတူကြဘူး။
တင်မိုးလွင်က တစ်ဦးတည်းသော သမီး အဒေါ်အပျိုကြီးရဲ့ ထိန်းကြောင်းမှုအောက်က ထွက်လာတာ။
နောက်တစ်ယောက်က နှာအမြဲစေးနေတဲ့ ခိုင်သီတာဆွေ။
တချိန်လုံးနှာစေးနေပြီး ယောက်ကျားရမှ ပျောက်သွားတယ် ထင်တာဘဲ။
တရုတ်မ မျက်ရစ်မရှိလဲ လှပါတယ်။ ဒါပေမဲ့ မင်္ဂလာမဆောင်ခင် မျက်ရစ်သွားဖော်သေးတယ်။
ခုတော့ သားနဲ့ယောက်ကျားနဲ့ တင့်တယ်နေတာ။
ကျွန်မက ခပ်ပေပေ သမားမို့ သူတို့နဲ့ ဝေးသွားတယ်။
ကျွန်မက တင်မိုးလွင် အစ်မ မသီတဂူဇေယျ နဲ့ အဖွဲ့ကျတယ်။
စာယောင်ယောင်ပေယောင်ယောင်ပေါ့။
သူ့မှာ သန့်ဇာနည်ဇေယျ ဆိုပြီး ဆေးကျောင်းတက်နေတဲ့ မောင်လေးရှိလို့ ကပ်နေခဲ့မိတာထင်တာဘဲ။
ဟဲ ဟဲ
မသီတဂူ က သနပ်ခါးကို အပွေးဘက်က မသွေးဘဲ အသားဘက်က သွေးပြီး အဖတ်တွေနဲ့လိမ်းတယ်။
ကျွန်မက အပွေးဘဲ လိမ်းတော့ အံကိုက်ဘဲ။
မိန်းမနဲ့တူတာဆိုလို့ 10တန်းနှစ်ကတည်းက ရည်းစားရှိတဲ့ ဘောလီဘော ကစားတဲ့ ခင်မြတ်ချို လား
သွားကစားပြီးပြန်လာရင် သူ့အခန်းက အပေါ်ထပ်မှာမို့ အောက်ထပ် တစ်ခန်းခန်းက ဆပ်ပြာနဲ့ရေခွက် ငှားချိုးတတ်တာကို သူ့သမီးကိုပြောတော့ သူ့သမီးက မျက်နှာစူပုတ်သွားတယ်။
မဟာဘွဲ့အထိ ရခဲ့ပေမဲ့ စာမေးပွဲဖြေတိုင်း ဆေးရုံတက်ရတတ်တဲ့ သရဖီသူ ယဉ်ယဉ်နွဲ့လား။
လက်ခဏခဏဆေးပြီး အင်္ဂလိပ်အဘိဓါန်ကို အလွတ်ကျတ်တဲ့ ယဉ်မြတ်မင်းလား။
ရွှပ်သီအိုရီ ကိုသင်ပြီးကတည်းက နင့်ကို ရွှပ်လို့ခေါ်မယ်လို့ပြောတဲ့ အိပ်ယာမှာ သေးလာပေါက်သွားတဲ့ သိန်းသိန်းတိုးလား။
ဒေါက်တာမင်းတင်မွန် အဘိဓမ္မာသင်တန်းက သင်တန်းကြေးမပေးရဘဲ
မုန့်အမြဲကျွေးလို့ တက္ကသိုလ်ဓမ္မာရုံမှာ သွားတက်ဘို့ အမြဲခေါ်တဲ့ စုစုလှိုင်လား။
မာလာဆောင်မှာ ကျွန်မတို့အုပ်စုကိုစောင့်ပြီး မျက်နှာချင်းဆိုင်စားပွဲမှာ ထမင်းလာစားတဲ့
ရေနံချောင်းသူ နှင်းနှင်းအေးလား။
နင်က သွေးဆေးကြော်ငြာထဲကအတိုင်းဘဲလို့ အမြဲ မြည်တွန်တောက်တီးနေတဲ့ ရည်မွန်ထွန်းကြည်လား
နင်နဲ့တူတဲ့တစ်ယောက် ငါ့သူငယ်ချင်းထဲမှာ ရှိတယ်ပြောပြီး ပေါင်းဖြစ်သွားတဲ့ နေ့ကျောင်းတက်တဲ့
မာလာ လား။ သူပြောလို့လိုက်ကြည့်ပြီးမှ ညီမတစ်ဝမ်းကွဲ ဖြစ်နေတာ။
မျက်လုံးလေးပြူးပြူးလေးတွေနဲ့ နေ့ကျောင်းတက်တဲ့ မူမူနဲ့စန်းစန်းဝင်းလား။
ကျွန်မသူငယ်ချင်းက တော်တယ် အဖေ အလုပ်ခန့်ပေးပါလို့ ထောက်ခံပေးတဲ့ စန္ဒာမိုးလား။
ဖားအံနားနီးပေမဲ့ မော်လမြိုင်သူ မိုးမိုးခိုင် စန်းစန်းဝင်းတို့လို မဟုတ်ဘဲ ညှပ်နေတဲ့ စန်းစန်းမော်လား။
စန်းမော်ကို စော်မန်း လို့ သူ့သူငယ်ချင်းတွေက ပြောင်းပြန်ခေါ်ပေမဲ့ ကျွန်မတို့အုပ်စုက ဆော်ငန်း လို့ထင်နေကြတာ။
ကျွန်မ စင်ကာပူရောက်ပြီး 3ရက်မှာ သူ့အလုပ်ကို ကျွန်မလွှဲပေးခဲ့တာ။
လူတွေများရင် တစ်ယောက်ယောက်ကို အမြဲကွယ်မှီပြီး ရပ်တတ်တဲ့ ခင်စိုးဦးလား။
ခုတော့ သူက ပေါင် 140လား 150လား ဖြစ်သွားတော့ အပျိုကြီး ဘယ်သူ့ကိုမှီရပ်နေလဲ မသိဘူး
နေပြည်တော်ဘဏ်ကြီးမှာ။
ကျွန်မအခန်းတခါးကို လာလာခေါက်ပြေးကြတဲ့ မာမာလွင် ခိုင်ကလျာစော နဲ့ မြသန္တာ တို့လား
လက်မောင်း ပလွေရိုးနဲ့ ရေနွေးအိုးအဖုံး သစ်သားပြားကြီးကို မ တဲ့အခါတိုင်း လာလာမပေးတဲ့
ထမင်းချက် ဦးလေးသန်းလား။
ကံကော်နဲ့ သရဖီဆောင်ကြားလမ်းကလေးမှာ တစ်ယောက်ထဲ သွားသွားထိုင်တုန်း
ဘာထိုင်လုပ်နေတာလဲလို့ အမြဲမေးတဲ့ အဆောင်မှူးး ဒေါ်ကြည်ကြည်စိန် လား။
ပထမနှစ်မှာ မော်ကွန်းထိန်းလက်မှတ်အထက်က အောင်ပြီး
ဒုတိယနှစ်မှာ ဆုပေးရမှာ တွေဝေနေတဲ့ Hall Tutor ဒေါ်စန်းစန်းလင်းလား
လား
လား
လား
စိတ်ထဲပေါ်တာ ချရေးတာပါ။
ကျန်နေခဲ့ရင်လဲ စိတ်မဆိုးကြေး။






အဆောင် အခန်းဖော်

မာလာဆောင် ပြန်ဖွင့်တာကို သတင်းတွေ ကြားလိုက်ရတော့
တက္ကသိုလ်အဆောင်နေရတဲ့ ဘ၀တွေကို ပြန်တမ်းတမိတယ်။
အိမ်ကပေးတဲ့ပိုတ်ဆံကို လောက်အောင်ချင့်ချိန်သုံးရတာဘဲရှိတယ်။
ကျန်တဲ့အပိုင်းတွေမှာ အပူအပင်ကင်းခဲ့တယ်။
ကျွန်မက ကားမူးတတ်တယ်။
ပဲခူးကနေ ရန်ကုန်ကိုလာတဲ့လမ်းမှာ အမြဲတန်းအန်ပြီး မူးနေလေ့ရှိတယ်။
ဒါပေမဲ့ ပထမဦးဆုံး ကျွန်မကို စီးပွားရေးတက္ကသိုလ်တက်ဘို့ ကံကော်ဆောင် ကို
လာပို့တဲ့နေ့ကစပြီး ကားမူးတတ်တာ ပျောက်သွားတယ်။
ပထမနှစ် တက်ဘို့ ကံကော်ဆောင်ကို ရောက်တဲ့အချိန်မှာ Hall Tutor က မေးတယ်
အတူနေဘို့ အခန်းဖော်ရှိလားတဲ့။
ကျွန်မက မရှိဘူးဆိုတော့ ဘေးနားရောက်နေတဲ့တစ်ယောက်လဲ မရှိဘူးတဲ့
သူနဲ့အတူနေလိုက်ပေါ့တဲ့။
သူ့နံမည်က ၀ါဝါရွှေ တဲ့ ဟသာင်္တမြို့ ကလာတာ။
အဲဒီလိုနဲ့ ပထမနှစ် အခန်းဖော်ရသွားတယ်။
တစ်ယောက်ခန်းတွေကို နှစ်ယောက်ထားတော့ ကျပ်တာပေါ့။
ကုတင်နှစ်လုံး ယှဉ်ချထားရင် လူနှစ်ယောက်လမ်းလျှောက်လို့မရတော့ဘူး။
သေတ္တာထားစရာမရှိလို့ ကုတင်ကို အုတ်ခဲ(3)ဆင့်လောက်ခုမြှင့်ထားပြီးမှ
ကုတင်အောက်ထားရတယ်။
ခပ်မြင့်မြင့်လေး အိပ်ကြတာပေါ့ဆိုပြီး ရယ်မောခဲ့ကြတယ်။
ကျွန်မက လူမှုဆက်ဆံရေး နည်းနည်းညံသေးတော့
အခန်းဖော်နဲ့ သိပ်ပလဲ နံပ မသင့်ဘူး။
တလလောက်အတွင်းမှာဘဲ ကျွန်မနဲ့ လိုင်းတူတဲ့ မုံရွာအုပ်စုနဲ့ပေါင်းဖြစ်တယ်။
မုံရွာက လူတွေက စိတ်ရှင်းကြတယ်။
ကျွန်မတို့ (4) နှစ်လုံးပေါင်းလာကြတာလေ
တွက်ကတ်တယ် ပြိုင်ဆိုင်တယ်ဆိုတာ သိပ်မရှိခဲ့ဘူး။
ကျွန်မနဲ့ မရည်မွန် နှစ်ယောက်ဘဲ ကော်ဖီသောက်တတ်တဲ့လူပါတယ်။
အတူပေါင်းသောက်ကြတာ နင်က ဘာဝယ်လို့ ငါက ဘာထည့်ရတယ်
ဘယ်လောက်ကုန်တယ်လို့ တခါမှ မပြောခဲ့ကြဘူး။
ဒါပေမဲ့ ကော်ဖီကိုတော့ နင်ဖျော် ငါဖျော်နဲ့ တွက်ကက်ခဲ့ကြတယ်။
စာရင်းကိုင်တွေ ပီပီ တိတိကျကျ နာရီနဲ့ပိုင်းလိုက်တယ်။
မနက်စောစောထတဲ့ကျွန်မက နေ့ခင်း (12)နာရီမတိုင်ခင်
သောက်တဲ့ကော်ဖီတိုင်းကိုဖျော်ပြီး
သူက နေ့ခင်း(12)နာရီနောက်ပိုင်းသောက်တာ ဖျော်ရတယ်။
ကျွန်မတို့ကလဲ ကော်ဖီကို ခွက်ကူးသောက်တာလေ
ခွက်ဆေးပြီးတာနဲ့ ထပ်ဖျော်သောက်ကြတာ။
အဲဒီအုပ်စုမှာ ကျွန်မက အပိန်ဆုံး နဲ့ အစားအစာ ဂျီးအများဆုံးထင်တာဘဲ။
နေ့ကူးရင်မစားချင်တာတို့ အနံမကြိုက်လို့ မစားတာတို့ပေါ့။
ကျွန်မတို့အုပ်စုမှာ ဘယ်အိမ်က ပို့တဲ့ စားစရာဖြစ်ဖြစ် တနေရာတည်းမှာ
စုထားပြီး ထမင်းအတူစားကြတာလေ။
မရည်မွန်အိမ်က ကြက်သားကို ပုဇွန်ခြောက်မှုန့်လို့ထောင်းကြော်ပေးတယ်။
နို့မှုန့်ဘူးနဲ့ကို ထည့်ပို့တာ
ကြက်သားထောင်းကြော် နည်းလာရင် မရည်မွန်က အမြဲပြောလေ့ရှိတယ်
ဟေ့ ဂျီးများတဲ့ ရွှေဝါဦးက အဲဒါဘဲ စားတာ နင်တို့ ချန်ဦး တဲ့။
ရပါတယ်ဟာ.......လို့ ကျွန်မက ပြောတော့
ငါတို့အညာကလူတွေက ပဲခြမ်းကြော်နဲ့စားရင်တောင် တစ်ပန်းကန် အသာလေးကုန်တယ်လို့
အမြဲပြန်ပြောလေ့ရှိတတယ်။
အညာအုပ်စုနဲ့ စီးပွားရေးတက္ကသိုလ် ပထမနှစ်ကို RC(2) ထဲမှာ
ပျော်ပျော်ကြီး တက်ခဲ့ကြတာပေါ့။
အဆောင်မှာ အညာက လူတွေနဲ့ပေါင်းပေမဲ့
ကျောင်းမှာတော့ မြို့ထဲက တက်တဲ့လူတွေနဲ့ပေါင်းဖြစ်တယ်။
ကျွန်မအိမ်က ထည့်ပေးလိုက်တဲ့ အ၀တ်အစားတွေထဲက
ကြိုက်တဲ့ တစ်ထည်နှစ်ထည်လောက်ဘဲ ၀တ်ဖြစ်တော့
ကျွန်မမွေးနေ့မှာ ကျိုင်းတုံအကျီင်္ ရောင်စုံ(3)ထည်ကို
လက်ခံရဘူးတယ်။
အိမ်ကထည့်ပေးတာကို မကြိုက်ပေမဲ့ ကိုယ်တိုင်လဲ မ၀ယ်ဖြစ်ခဲ့ဘူးလေ
အဆောင်က refund ပြန်ပေးတော့ ရတဲ့ပိုတ်ဆံနဲ့ ဗိုလ်ချုပ်ဈေးသွားဖူးတယ်
ဈေးသည်က မပြပေးချင်တဲ့ အကျီကို ဈေးမဆစ်ဘဲ ၀ယ်ခဲ့ဘူးတယ်
အပြာရောင်ကလေးပေါ့

နှစ်ပတ်လည် ညစာစားပွဲကို ကံကော်ရဲ့ မောင်နှမဆောင် အုန်းတောမှာ သွားလုပ်တော့
ကျွေးတဲ့ ဒန်ပေါက်ကို မစားရဲလို့
အအေးလေးသောက်ပြီးပြန်ခဲ့ဘူးတယ်
dinner ညမှာ ကောင်လေးတွေက သူတို့ ကြိုက်တဲ့ကောင်မလေးတွေ နံမည်ကို
အဆောင်ထိလိုက်လာပြီး ညဘက်အော်ကြတယ်
ရွှေဝါဦး လို့ အော်လိုက်သံကြားမှာ စိတ်ထဲ ထိတ်သွားပေမဲ့
နောက်ဆက်အော်လိုက်တာကတော့ ပေါင်ကြားထဲ လက်ထည့်အိပ်နေပြီလား တဲ့
ဘယ်လောက်များ စိတ်ကူးယဉ်စရာကောင်းသလဲ လို့
ကျွန်မအဲ့လိုအိပ်တာ သူတို့တွေ ဘယ်လိုများ သိသွားတာပါလိမ့်။
ဘာတွေဘဲ ဖြစ်ဖြစ်
တင်းကျပ်တဲ့ အထက်တန်းကျောင်းနဲ့ လွတ်လပ်တဲ့ တက္ကသိုလ်အကူးမှာ
စာမေးပွဲကို မော်ကွန်းထိန်းလက်မှတ် အထက်နားက အောင်ခဲ့တယ်။

ဒုတိယနှစ်ကျောင်းတွေ ပြန်ဖွင့်လို့ အဆောင်ဝင်တော့
Hall Tutor ကပြောတယ် ခင်စောမွန်က ကျွန်မနဲ့ တခန်းတည်းနေဘို့
စာရင်းပေးသွားပြီတဲ့
အော် ဒီနှစ်လဲ ငါရွေးခွင့်မရတော့ပါလားဆိုပြီး ရီနေလိုက်တယ်။
ကံကောင်းချင်တော့ ကျွန်မသူငယ်ချင်းကြီး မရည်မွန်နဲ့ အခန်းချင်းကပ်ရပ်ကျတယ်။
ကျွန်မတို့နယ်ကလူတွေက နယ်စွဲမရှိပေမဲ့
အညာကလူတွေက အညာစွဲရှိတယ်
သူတို့လို ရေချိုပျင်းတဲ့ ရေကြောက်တဲ့ အညာသူအချင်းချင်းသာ အခန်းဖော်လုပ်ကြတယ်။
ကျွန်မက စောစောအိပ်ပြီး စောစော ထတတ်တဲ့အကျင့်ရှိတယ်
အခန်းဖော်က နောက်ကျမှ အိပ်လေ့ရှိတယ်။
ခပ်၀၀ မရည်မွန် ကုတင်သေးသေးမှာ သူ့ဘေးမှာ ကပ်အိပ်လိုက်ရတာ များတယ်။
ကျွန်မ ကုတင်မှာလဲ စာအုပ်တွေနဲ့ မီးပူမတိုက်ရသေးဘဲ ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတဲ့
အ၀တ်တွေက အမြဲပြည့်နေတတ်တယ်လေ။
Day တက်တဲ့လူတွေနဲ့ပေါင်းပြီး ကျွန်မက လူရည်လည်နေပေမဲ့
အဆောင်က အညာသူတွေက အဆောင် ကင်တင်း ကျောင်းကင်တင်းတွေကို
မရောက်ဖူးသေးဘူးတဲ့
ကျောင်းပိတ်ရက်တစ်ရက် အညာသူတွေနဲ့ သမိုင်းဝင်းကင်တင်း သွားထိုင်ဖြစ်တယ်။
ခေါက်ဆွဲကြော် ကြာဇံကြော်မှာထားတုန်း ဆိုင်က ခိုင်ထူးသီချင်းဖွင့်တယ်။
ကျွန်မက မရည်မွန် အဲဒီသီချင်းက ငါအဆောင်မှာ ဆိုဆိုနေတာလေလို့ပြောတော့
သူက မျက်လုံးကြီးပြူးပြီး နင်ဆိုတာနဲ့လဲ မတူဘူးတဲ့
သူဘယ်လိုဘဲ မှတ်ချက်ပေးပါစေ
ကျွန်မတို့ထက် တစ်တန်းငယ်တဲ့ ထားဝယ်သူ မာမာလွင်နဲ့ ကျွန်မကတော့
စိုင်းထီးဆိုင် စာအုပ်ကို ဖွင့်ပြီး ခေါင်းချင်းဆိုင် ဆိုနေတာပါဘဲ
ကျွန်မတို့ ဒုတိယနှစ်တက်တော့ ပထမနှစ်မှာ ၀င်လာတဲ့
မာမာလွင် ခိုင်ကလျာစော မြသန္တာ တို့က ကျွန်မတို့နဲ့ လာတက်ပေါင်းကြတယ်။
ခု မြသန္တာ ဆို ကျောင်းမှာ ရာထူးအတော်ကြီးသွားပြီထင်တယ်။ dinner မှာတော့ ကလေးလေးလိုဘဲ။
ပထမနှစ် ဒုတိယနှစ် (2)နှစ်ကို RC(2) မှာ တက်ရပေမဲ့ အညာသူတွေ
ကျောင်းကင်တင်း မရောက်ဖူးဘဲ ကျောင်းပိတ်သွားမှာစိုးတာနဲ့
ကျောင်းဖွင့်တဲ့တရက်မှာ သွားကြတယ်။
စားသောက်ဆိုင်တွေက မျက်နှာချင်းဆိုင် ဖွင့်ထားတာမို့
အလယ်လမ်းကလေးက လျှောက်ရတယ်
ဆိုင်တွေထဲမှာ ကျောင်းသားတွေ အပြည့်ပေါ့
မရည်မွန်က တွန့်ဆုတ်ဆုတ် လျှောက်လာတော့ ကျောင်းသားတွေက စချင်နေတာ
သူကလဲ မိုးတွင်းရေအိုင်ကလေးကို ကျော်လိုက်တာ ဘိုင်းကနဲ ပစ်လဲသွားပါရော
အဲဒါနဲ့၇န်ကုန်ဆေးရုံကြီးသွား ခြေထောက်အရိုးကျိုးသွားလို့ ကျောက်ပတ္တီးစီးလိုက်ရတယ်။
ကျောက်ပတ္တီးစီးထားတော့ ရေပူရေချမ်းကမ်းလှမ်းရတာပေါ့။
ရိုးရိုးအိမ်သာကို မထိုင်နိုင်တော့ ကြိမ်ခင်းထားတဲ့ ကုလားထိုင်တစ်လုံးကို
အပေါက်ဖောက်လိုက်ကြတယ်လေ။
မပိုင်ဘူးလား
အရိုးသာ ကျိုးတာ TV ကြည့်ချင်လို့ နေ့တိုင်း သူ့တွဲချရသေးတာ
ကျွန်မက အဆောင်သူဘ၀လွတ်လပ်မှုကို ကြိုက်ပြီး ကျောင်းမှာ ဆရာမပြန်လုပ်ရင်း အဆောင်မှာ နေချင်ခဲ့တယ်။
ဒုတိယနှစ်အမှတ်အလိုက် လိုင်းတွေ ဂုဏ်ထူးတန်းတွေခွဲမယ်ဆိုတော့
စာနည်းနည်းပြန်လုပ်ဖြစ်တယ်။
အေးစက်နေတဲ့ အဆောင်အုတ်နံရံတွေကို ကပ်ပြီး အိပ်ရတဲ့ အရသာကို ကြိုက်တယ်လေ
ဘ၀ကို ဒီလိုအဆောင်တွေမှာ နေချင်နေခဲ့တယ်။

ကျိုးစားရင် အရာထင်တယ်လို့ ငယ်စိတ်နဲ့တွေးခဲ့မိတယ်။
အရာထင်တိုင်း အကောင်မမြင်ရတဲ့ လူ့ဘ၀သဘောတွေကို သိခဲ့ရတယ်
တတိယနှစ်မှာ ကြိုက်တဲ့ ဂုဏ်ထူးတန်းကို ကျောင်းတော်ကြီးက တက်ခွင့်ပေးပေမဲ့
ကျောင်းစရိတ်က တက်ခွင့်မပေးခဲ့ဘူး။
ပါမောက္ခ ကို ကျွန်မ ရိုးရိုးတန်းပြန်ဆင်းပါရစေလို့ သွားပြောရတဲ့နေ့က
ဘ၀ကို တစ်ဆစ်ချိုးသွားရတဲ့နေ့ဘဲပေါ့။
တတိယနှစ်မှာ တစ်ယောက်ခန်းနေခွင့်ရပြီး တစ်ယောက်တည်း စိတ်ဓါက်တွေ ပျက်ပြားခဲ့တဲ့အချိန်ပေါ့။
ကျောင်းစာထက် အပြင်စာတွေ ဖတ်ပြီး ကျောင်းပြင်ပ ဘ၀အတွက် ပြင်ဆင်နေချိန်ပေါ့။

ဘွဲ့တခုရင် ပြီးတာပါဘဲလေလို့ စိတ်ကိုလျော့ချပြီး တတိယနှစ် ကံကော်ဆောင် ကို နှုတ်ဆက်ချိန်ပေါ့
သိန်းသိန်းတိုးက ငါပစ္စည်းတွေ သိမ်းထားလို့ နင့်အခန်းလာအိပ်လို့ရမလားတဲ့
အိုကေ ရပါတယ်ပေါ့ ကျွန်မက မွေ့ယာနဲ့ အိပ်တတ်တဲ့သူ
ညလည်မှာ ကျောအောက်ကအေးလာတော့မှ သိန်းတိုး သေးပေါက်မှန်းသိရပြီး
ညအေးကြီးမှာ ရေတွေ ထ ချိုးကြရတယ်။
ဝမ်းနည်းစွာ မနှုတ်ဆက်ရဘဲ ရီမောခဲ့ကြရတယ်။

အဆောင်ပေါ်လစီ အသစ်အရ နောက်ဆုံးနှစ် စီးပွားရေးပညာရှင်တွေ အားလုံးကို
တစ်စုတစ်စည်းထဲ မာလာဆောင်မှာ ထားမယ်တဲ့

နောက်ဆုံးနှစ် ဆရာမကြီးများအားလုံး မာလာဆောင်မှာ ကဲခွင့်ရသွားကြပါတယ်။

တတိယနှစ်ဖြေပြီးကတည်းက နောက်ဆုံးနှစ်တော့ အခန်းဖော် စိတ်ကြိုက်လေးရွေးဦးမှလို့
တေးထားခဲ့ပြီး

ကျွန်မနဲ့ ကျူရှင် အတူတက်တဲ့ မိမိမြတ်နဲ့ နေမယ်လို့ စဉ်းစားထားခဲ့တယ်။

ဒါပေမဲ့ အညာသူသူငယ်ချင်းအရင်းတွေက သူတို့နဲ့သာ အတူမနေနိုင်တာ ကျွန်မရွေးထားတဲ့
အခန်းဖော်က အညာသူမဟုတ်လို့တဲ့

သူတို့အညာက တစ်ယောက်နဲ့နေဘို့ နားချကြပါတယ်။

နောက်ဆုံး ပစ်တင် သတိပေးတာကတော့ ငါတို့ အညာကလူနဲ့မနေရင်
နင့်အခန်းကို လာမလည်ဘူးတဲ့

ကျွန်မလဲ အညာအုပ်စုကို မလွန်ဆန်နိုင်တာနဲ့ သူတို့ ရွေးချယ်ပေးတဲ့ တခါမှ မမြင်ဘူးတဲ့
အညာသူ ခရစ်ယာန် ခင်စန်းကြည်နဲ့ အခန်းဖော် လုပ်လိုက်ရပါတော့တယ်။

ခင်စန်းကြည်က ဂစ်တာကို ကျွမ်းကျင်စွာ တီးနိုင်ပြီး အသံလဲ အရမ်းကောင်းတာမို့
ကျွန်မ စိတ်ရှုပ်တဲ့အခါတိုင်း သူက သီချင်းတီးပြတတ်ပါတယ်။

မိုးတွေအရမ်းရွာနေတုန်း  အင်းလျားကန်ဘောင်မှာ ရခိုင်မုန့်တီ သောက်ရအောင်လို့
သူ့ကို အတင်းခေါ်သွားသောက်ခဲ့ပြီး အဲဒီည တရေးနိုးမှာတော့
ငါ့ကို ဆေးရုံသာ ပိုကြပါလို့ တောင်းဆိုခဲ့ရတယ်
မရည်မွန်ကတော့ ကျွန်မ တညလုံးအန်တာကို
ပွဲကြည့်သလို စိတ်ထားပြီး ထိုင်ကြည့်နေခဲ့တယ်တဲ့

အားကျိုးမာန်တက်မရှိလှတဲ့ နောက်ဆုံးနှစ်ကို ငွေစက္ကူတွေ သိမ်းပြီး
အဆောင်တံခါးပိတ်သွားပါတယ်။

စိတ်အပူအပင်ကင်းလှတဲ့ အဆောင်သူဘ၀ ကနေ လုပ်ငန်းခွင်ထဲကို
ရောက်ခဲ့ရတာ 1987 ကတည်းကပေါ့............











Tuesday, August 26, 2014

မျှဝေခြင်း sharing

သူများအပူ ကိုယ့်အပူ လုပ်နေလား ဆိုတဲ့ ပြင်းထန်တဲ့ စကားတစ်ခုကို
မမျှော်လင့်ဘဲ ကြားလိုက်ရချိန်မှာ
သူပြောတာမှ ဟုတ်ရဲ့လားလို့ ဇဝေဇ၀ါဖြစ်သွားခဲ့တယ်။

ဟုတ်ပါတယ်။
ကျွန်မရဲ့ပင်ကိုယ်စိတ်က မိမိကိုယ်တိုင်ရဲ့ ခံစားချက်ထက်
အခြားလူတွေရဲ့နေရာကို အမြဲတွေးပေးနေခဲ့တယ်။

Thursday, June 26, 2014

ဆုံးဖြတ်ချက်

လူအများစုက ဆုံးဖြတ်ချက်ကို ဘယ်လိုချကြပါလိမ့်
ဖြစ်တန်စွမ်း နဲ့ ယုတ္တိဗေဒ ကို နည်းနည်းနားလည်လာတဲ့အခါမှာ
အဲဒီအပေါ်မှာမူတည်ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာ
ဆုံးဖြတ်ခဲ့တယ်။
အမှားနည်းနည်း အမှန်များများ နဲ့ ဘ၀ကို လျှောက်ခဲ့တယ်လို့
ထင်တာပါဘဲ။
အခုတော့ ဘယ်လိုမှ မဆုံးဖြတ်နိုင်တော့ဘူး။
မဆုံးဖြတ်ချင်ဘူး။
ညှာတာစိတ်နဲ့ အမှန်တရားရဲ့ကြားမှာ
တော်တော်လေး ဆုံးဖြတ်ရခက်စေတယ်။
လူတစ်ယောက်ရဲ့ဘ၀ နဲ့လဲဆိုင်တယ်။
အသက်နဲ့လဲ ဆိုင်တယ်။
အများနဲ့လဲ ဆိုင်တယ်။
ကိုယ်နဲ့လဲ ဆိုင်တယ်။
ကဲ.........

Wednesday, June 25, 2014

မိသားစု

မိတ်ဆွေဆိုတာ ကိုယ်ရွေးချယ်ထားတဲ့ မိသားစုတွေပါ။

ကျွန်မနဲ့ခင်မင်တဲ့ အသက် (၇၀) အမေရိကန် အမျိုးသမီးတစ်ယောက်က ပြောခဲ့တယ်။

ကျွန်မကတော့ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်း ကို ဘယ်တုန်းကမှ ရော မပစ်ခဲ့ဘူး။

နီနီခင်ဇော် ရဲ့ အင်တာဗျူးးတစ်ခုမှာ သူက Single Mother နဲ့ ကြီးပြင်းခဲ့ရတာမို့
သူ့အတွေးတွေက တမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုသွားတယ်။

သူက Single Mother နဲ့ ကြီးပြင်းခဲ့ရတာဆိုရင်
ကျွန်မကတော့ Double Father and Double Mother ဆိုပြီး
Big Organization ထဲမှာ
လူဖြစ်လာရတယ်လို့ ၀င့်ကြွားသင့်တယ်။

ကျွန်မ အမေက ဒုတိယအိမ်ထောင် ထပ်ယူသလို
ကျွန်မ အဖေကလည်း ပထမအိမ်ထောင်ရှိခဲ့တယ်တဲ့
နည်းနည်းများ ရှုပ်ထွေးသွားမလားမသိဘူး။

ပတ်ဝန်းကျင်ရဲ့လေပြင်းတွေထဲမှာ
ကျွန်မအလှည့်မှာတော့ ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးဆိုတဲ့
မာန်ကလေးနဲ့ အကုန်လုံးကို တင်းခံကျော်ဖြတ်ခဲ့တာပါ။

တခါတလေ အရက်မူးလွန်တဲ့ချိန် ငိုတာကလွဲရင်ပေါ့။






Wednesday, March 19, 2014

သမိန်ပေါသွပ်

သမိန်ပေါသွပ်

စာရေးပါလားလို့ ချောက်တွန်းကြတဲ့ သူငယ်ချင်းတွေရဲ့ အပြောကိုခံရတိုင်း
သတိရတဲ့ ကာတွန်းတပုဒ်ရှိတယ်။

အာတာလွတ်မြို့စားကြီး လေလည်သံကို သမိန်ပေါသွပ်ကကြားတော့
မြို့စားမင်းကြီး ....... လေလည်တာတောင် ဒီလောက် အသံအောင်ရင်
သီချင်းဆိုရင် အသံပိုအောင်မယ်လို့ အမွှန်းတင်ပြီး မြှောက်ပေးတယ်။

သမိန်ပေါသွပ် မြှောက်တဲ့စကားလုံးကို အကြိုက်တွေ့တဲ့ မြို့စားမင်းက
မင်းဥစ္စာ ဟုတ်ပါ့မလားကွာ လို့ လေပြေလေးနဲ့ပြန်ပြောတယ်။

သမိန်ပေါသွပ်က မြို့စားမင်း  
အနုပညာဆိုတာ ငွေနဲ့ ၀ယ်လို့ ရပါတယ် လို့ 
ထပ်တိုး မြှောက်ပင့်တယ်။

မြို့စားမင်းလဲ မနေနိုင်တော့ဘူးလေ
အေး .......... ဒါဆိုလဲ ငါကိုယ်တော် သီချင်းခွေထုတ်ဘို့
သမိန်ပေါသွပ် စီစဉ်စေ ဆိုပြီး သဘောတူလိုက်တယ်.

သမိန်ပေါသွပ်စီစဉ်တဲ့အတိုင်း
သီချင်းတွေဝယ် သွင်း ခွေထုတ်ပေါ့။

မြို့စားမင်းလဲ သီချင်းခွေထဲ ငွေထည့်ရင်းနဲ့
စံအိမ်တော်လဲ ပေါင်ရပြီး
နောက်ဆုံး.......... ကာတွန်းထဲမှာတော့
ခွက်တစ်လုံးဘဲ ကျန်တယ်လို့ ရေးထားတယ်။

အဲဒီအချိန်မှာ
မြို့စားမင်းက မေးတယ် သမိန်ပေါသွပ်ကို
ငါ့သီချင်းခွေအခြေအနေ ဘယ်လိုရှိလဲပေါ့။
ဘယ်လိုဖြန့်ချီထားလဲ ငွေဘယ်တော့ ပြန်ပေါ်မလဲပေါ့။

သမိန်ပေါသွပ် ပြန်ဖြေတာ သိပ်ကောင်းတယ်။

မယူမနေရ မြို့စားမင်း အမိန့်နဲ့ အခမဲ့ ဖြန့်ထားပါတယ် တဲ့။

အဲဒီအဖြေစကားကြောင့် သူ့ငွေတွေ ဆုံးသွားပြီဆိုတာ
မြို့စားမင်းက သိလိုက်တယ်။

အေး မင်းအရင် ပြောတုန်းက
အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ ရတယ် .....ဆို

သမိန်ပေါသွပ်က ဟုတ်ပါတယ် မြို့စားမင်း

အနုပညာဆိုတာ ငွေနဲ့ ၀ယ်လို့ရပါတယ်
ပြန်ရောင်းလို့သာ မရတာပါ................တဲ့။

သူငယ်ချင်းအပေါင်းတို့
ငွေမကုန်တဲ့ face book မှာဘဲ
အယားပြေလေး ရေးကြ ဖတ်ကြ ရအောင်နော်။ 
 

Sunday, March 9, 2014

အတိတ် ကိုပြန်တွေးခြင်း

အတိတ်ကို ပြန်တွေးမိတယ်။

မနေ့က ဒေါ်ဆန်းဆန်းလှ talk show ရှိတယ်လို့
မဆန်း facebook မှာတွေ့လိုက်တော့........
အတွေးတွေက နောက်ပြန်လည်သွားမိတယ်။

တက္ကသိုလ်အဆောင်ရောက်ခါစ Hall tutor တွေကို မမ လို့ခေါ်ရတာ
နှုတ်မရဲတာနဲ့ သူတို့နဲ့ခပ်ခွာခွာလေး နေဖြစ်ခဲ့ပေမဲ့
သိကျွမ်းခဲ့တာ (၃)ယောက် လေးစားခဲ့တာ (၁)ယောက် ရှိခဲ့တယ်။

ကံကော်ဆောင် စ ရောက်တော့ ပဲခူးက hall tutor နှစ်ယောက်ရှိတယ်လို့
အကြီးတန်းက အစ်မတွေက မိတ်ဆက်ပေးတယ်။

တစ်ယောက်က ရင်သားကင်ဆာနဲ့ ဆုံးသွားတဲ့
အပျို ကြီး အရမ်းပီသတဲ့ ဒေါ်ခင်ဌေးဝင်းပါ။

သူက ခပ်တည်တည်နေပြီး ကျောင်းသူတွေကို ခပ်မှန်မှန်ဆက်ဆံတတ်ပါတယ်။

လမ်းလျှောက်ရင် ဒေါက်ဖိနပ်ကလေးနဲ့ ခပ်၀၀ ကိုယ်လုံးကို နွဲ့ပြီး
လျှောက်တတ်တဲ့သူပါ။

နွေရာသီကျောင်းပိတ်ရက်မှာ သူ့အိမ်ကိုတခါရောက်ဖူးပြီး
ကျောင်းစာတွေဘဲ မေးနေလို့ နောက်ထပ် မရောက်ဖြစ်တော့ပါ။

ဆရာမ ရင်သားကင်ဆာနဲ့ဆုံးသွားတယ်လို့ ကြားရတဲ့နေ့က
သူ့ပုံတွေ မျက်စိထဲ ပြန်မြင်လာပြီး

နောက်ဆုံးတော့ ပညာတွေကိုထားပြီး လောကထဲက ထွက်သွားရတာဘဲလို့
စိတ်ဓါက်ကျနေမိတယ်။

ဒုတိယတစ်ယောက်ကတော့ ဒေါ်ခင်ခင်စီပါ။

ပဲခူးသူပီသစွာ ပဲခူးကလာတဲ့သူတွေကို

မျက်နှာလေးပြုံးပြီး စကားပြောတတ်ပါတယ်။

အဆောင်ညနေခင်းလေးတွေမှာ ကျောင်းသူတွေနဲ့အပြိုင်

သူ့အမျိုးသား ကိုမြင့်သိန်းနဲ့အတူ အဆောင်ရှေ့မှာ ထိုင်စကားပြောတာကို
ညနေတိုင်းတွေ့ခဲ့ရပါတယ်။

ကျောင်းသူတွေရဲ့ကိစ္စတွေချည်း ဆရာမတွေက ဖြေရှင်းပေးရတာ ထုံးစံပါလို့ဆိုရင်တော့
မမစီ အတွက်မှားပါလိမ့်မယ်။

ကိုမြင့်သိန်းက တောင်ငူက ဖြစ်ပြီး မမစီမင်္ဂလာဆောင်မှာ ကမကထလုပ်ဘို့
ကျွန်မတို့ သူငယ်ချင်းတသိုက် တောင်ငူအထိ လိုက်သွားခဲ့ကြတာ
တကယ်ကို ပျော်စရာကောင်းလွန်းတယ်။

ဘယ်သွားမလို့လဲလို့ မေးကြတဲ့လူတွေကို

မမစီကို မင်္ဂလာသွားဆောင်ပေးမလို့လို့
အဆောင်မှာ အော်ဟစ်ပြီး
ကျွန်မတို့ပဲခူးသူတစ်သိုက် တောင်ငူကို ချီတက်ခဲ့ဘူးပါတယ်။

ကျောင်းပြီးလို့ (၅)နှစ်လောက်ကြာမှ MBA သင်တန်းအကြောင်းသိချင်တာနဲ့
ပတ္တမြားဆောင်ကို တက်သွားတော့ ဟိုးအရင်တုန်းကလိုဘဲ
လောကကို ရောင့်ရဲတဲ့ အပြုံးလေး ရှိနေသေးတာကို တွေ့ခဲ့ရပြီး
၂၀၁၃  ဒီဇင်ဘာ ကံကော်ညစာစားပွဲမှာ ထပ်တွေ့တော့လဲ
သူ့အကြောင်းတွေကို ပြုံးပြီးပြောနေတုန်းပါဘဲ။

လေးစားခဲ့တာ တစ်ယောက်ကတော့ ဒေါ်နွဲ့နွဲ့လင်းပါ
သူက ကျွန်မကို မသိပါဘူး
ကျွန်မတို့ တတိယနှစ်မှာ costing accounting သင်ပါတယ်။
သူက စာသင်ချိန်ကို အပြည့် စာကိုဘဲ အာရုံစိုက်သင်ပြီး
ညာလက်နဲ့ရေးခဲ့တာတွေကို ဘယ်လက်နဲ့ဖျက်ပြီး
ကျောင်းသားတွေကို မကြည့်ဘဲ သူပြောသင့်တဲ့ အပိုင်းတွေကို
မကျန်အောင် သင်တတ်တဲ့လူမျိုးပါ။
 သပ်ရပ်တိကျမှုကို သဘောကျခဲ့တယ်။

နောက်ဆုံးတစ်ယောက်ကတော့ ဒေါ်ဆန်းဆန်းလှပါဘဲ။

မဆန်းက ကျွန်မတို့အတန်းမှာ မသင်ရပါဘူး။
စန်းစန်းက မိတ်ဆက်ပေးလို့
မဆန်းနဲ့သိခဲ့ရတာပါ။

စတွေ့တဲ့နေ့မှာဘဲ မဆန်းက မေးပါတယ်။
ရွှေဝါက မြန်မာလားလို့ မြန်မာလိုမေးပါတယ်။

ဘာလိုမေးတာလဲလို့ ကျွန်မက မဖြေဘဲပြန်မေးတော့.....
မျက်လုံးအောက်ခံအရောင်က အဖြူမဟုတ်လို့လို့
မဆန်းကပြန်ဖြေပါတယ်။

ကိုယ့်မျက်လုံးကိုယ်ဘာရောင်မှန်းမသိတဲ့ ကျွန်မက
ဘာလူမျိုးလဲဆိုတာ အမေမှ သိမှာဘဲလို့
ခပ်နောက်နောက်ပြန်ပြောပြီး
မဆန်းနဲ့စခင်မင်ခဲ့တာဘဲ။

သူများတွေ ဟိတ် ဟန်ထုတ်နေချိန်မှာ
မဆန်းကတော့ ကျောင်းသူတွေနဲ့ သားအမိလို နေနေခဲ့ပါတယ်။

ကျောင်းပိတ်ထားပြီး အဆောင်မှာ လူမရှိတော့
ကျွန်မတို့တသိုက် မဆန်းနဲ့ အဆောင်မှာ ကျန်နေခဲ့ပြီး
သူချက်ကျွေးတာကို လည် စားနေပါတယ်။

ကျွန်မတို့က လျှောက်လည် ပြန်လာရင် သူချက်တာ စားကြတာပါ။
အဲဒီထဲမှာ စန်းစန်းက ခပ်သွက်သွက်
ကျွန်မက မြုံစိစိ
ခင်မာ က ခပ်ကောက်ကောက် ပါ။

မဆန်းက ညစာကို ထမင်းစားမလား ခေါက်ဆွဲစားမလားမေးရင်
စန်းစန်းက ပြန်ဖြေပေမဲ့ ကျွန်မတို့ကျန်နှစ်ယောက်က တိတ်နေတတ်ပါတယ်။

အဲဒီအချိန်မှာ စန်းစန်းဖြေသံကို မဆန်းက နားဘဲ ထောင်ပြီး ကျွန်မတို့နှစ်ယောက်
မျက်နှာတွေကို ကြည့်ပြီး ကဲ ဂျီးတော်တို့ ဘာစားမတုန်းလို့မေးတတ်ပါတယ်။

ကျွန်မတို့ မျက်လုံးတွေကို နားလည်အောင် ဖတ်တတ်ပါတယ်။
ပြန်တွေးလိုက်တော့
စိတ်ထဲ အမှတ်ရလာတာလေးတစ်ခုက
မဆန်းနဲ့အဆောင်မှာနေတုန်း
အပြင်က ပြန်လာချိန် ကုတင်ပေါ်မှာ ကျွန်မ အကျီလေးတထည်
မီးပူတိုက်ပြီးသွားတွေ့လိုက်ရတာပါဘဲ
ကျွန်မက မီးပူတိုက်ရမှာ ပျင်းလို့ ဘယ်တော့မှာ တိုက်လေ့မရှိပါဘူး။

ကျွန်မ ရေချိုးခန်းထဲမှာ မေ့ကျန်ခဲ့တဲ့ အကျီင်္လေးကို
မဆန်းက လျှော်ပြီးတိုက်ထားပေးခဲ့တာပါဘဲ။

အကျီင်္က အစိမ်းရောင်များတဲ့ စီဝိုင်စီ စ လေးပါ။

တက္ကသိုလ်တွေကို ပိတ်ထားပြီး
အဝေးသင်တွေနဲ့ ပညာရေးစံနစ်ကို ခပ်သုတ်သုတ်မောင်းနေတုန်းပေါ့။

မဆန်းက ပုသိမ်ကောလိပ်မှာ တစ်လ စာသွားသင်ရမယ်တဲ့
လိုက်မလားမေးတော့
ကျောင်းပြိးတာကို လက်မခံနိုင်သေးတဲ့ ကျွန်မတို့တွေ
မဆန်းနဲ့အတူ ညသဘောင်္ကြီးစီးပြီး ပုသိမ်ကောလိပ်ကို  သွားခဲ့ကြသေးတယ်။

ပုသိမ်ကောလိပ်က ကန်ကြီးဒေါင့် ဘက်မှာ ထင်တယ်။

ဦးဆန်းလွင် နဲ့ပေါ့။

ဦးဆန်းလွင်က ကျွန်မတို့ကို ကြည့်မရရင် ကျွန်မတို့ကို တိုက်ရိုက်မပြောဘဲ
မဆန်းကို တိုးတိုးပြောတတ်တာမို့
ကျွန်မတို့က ကွယ်ရာမှာ ဘုန်းကြီးလို့ နံမည်ပေးထားပါတယ်။

ခုတော့ ဘုန်းကြီးပြီး ဒုဝန်ကြီးတောင် ဖြစ်နေပါပြီ။

နောက်ဆုံးတော့လဲ ကျောင်းကြီးက ကိုယ်မပြီးချင်ပေမဲ့
တကယ့်ကို တံခါးပိတ်ပစ်လိုက်ပါတယ်။

ကျွန်မလဲ ရွာပြန် အလုပ်လုပ်နဲ့ မဆန်းတို့နဲ့ဝေးသွားပါတယ်။

အလုပ်ထဲရောက်ပြီး နောက်အလုပ်တစ်ခုပြောင်းဘို့ ကျိုးစားနေတုန်း
မြန်မာ့သစ်လုပ်ငန်း ၀င်ခွင့်အတွက် Account ဖြေရမယ်လဲပြောရော
ဟီး
မဆန်းကို အရင်သတိရပါတယ်။

မဆန်းရေ လုပ်ပါဦးပေါ့။

အဲဒီတုန်းက မဆန်းက လှည်းတန်းအိမ်မှာပါ။

(၄) နှစ်လောက် အဆက်ပြတ်ပြီးမှ ပြန်တွေ့လဲ
သူက အိမ်လာခဲ့ဘဲ။

သူ့အိမ်ကိုရောက်တော့ ကျွန်မရှေ့မှာ တစ်ယောက်စာလာသင်နေပါတယ်။

ကံကော်သူ ကျွန်မတို့ထက် တစ်နှစ်ငယ်ပြီး နံမည်လေးလုံးနဲ့ပါ။

နောက်နှစ်လုံးက သူ့အဖေ လူကြီး (ရာထူး) နံမည်ပါ။

သူ ပြန်သွားတော့ မဆန်းက ကျွန်မဖြေမဲ့ စာမေးပွဲ သူလဲ ဖြေမှာမို့
လာသင်တာတဲ့။

သူလာသင်တာ consignment account ပါ။

ကျွန်မကို မဆန်းက အဲဒါမှတ်မိလားဆိုပြီး Debit Credit နည်းနည်းပြန်ပြောကြပြီး
စာမသင်ဘဲ ဘာတွေလုပ်နေတယ်
ဘာတွေဖြစ်နေတယ် ပြောကြပြီး မိုးချုပ်တော့ ထမင်းစားပြန်ခဲ့တာပါဘဲ။

နောက်နေ့စာမေးပွဲမှာ Consignment account မေးပါတယ်။

တော်ပေစွ......

လာသင်တဲ့ညီမလေးတော့ ရေးဖြေမှာ အောင်တာ မပါဘဲ
ကျွန်မကတော့ ရေးဖြေအောင်သွားပြီး
အဲဒီအလုပ်ကို ရသွားပါတော့တယ်။

ကံကောင်းလေစွ...

ကျွန်မအဖေက အသက်ကြီးတဲ့ လူကြီးပါ
ရာထူးတော့ မကြီးပါ။

အလုပ်ရကြောင်း မဆန်းကို ပြန်မပြောနိုင်လောက်အောင်
လူ့ဘ၀ရဲ့အရှုပ်အထွေးတွေကို ပြေလည်အောင်လုပ်ရင်း
အလုပ်ရှိရာကို ထွက်သွားခဲ့ရတယ်။

ဟီး
အလုပ်မှာ ၃နှစ်လောက်လုပ်ပြီးတော့ တောင်တောင်အီအီတွေ ဖြစ်လာပြန်ရော
အဲဒါနဲ့ ရန်ကုန်ရောက်တုန်း မဆန်းကို ၀င်ဂျီတိုက်မိပြန်တာပါဘဲ
မဆန်းက MBA ဘက်ရောက်ပြီး ပတ္တမြားဆောင်မှာ ထင်တယ်။

 ကျွန်မတောပြော တောင်ပြောတွေကို နားထောင်ပြီး
မဆန်းက ဘာလုပ်ချင်တာတုန်းတဲ့
တကယ်တော့ ဘာလုပ်ရမှန်းကို မသိတော့တာလို့ ဖြေခဲ့မိမယ် ထင်တယ်။

ရန်ကုန်မှာ အလုပ်လုပ်ချင်ရင်
မနက်ဖန် အင်တာဗျူးးသွား
သူဖုံးဆက်ထားပေးမယ်ဆိုပြီး
ဆက်ပေးရှာတယ်။

ကျွန်မက တော်တော်လေးဆိုးတယ်။
အင်တာဗျူးးလဲ မသွားဘူး။

သူ့ကိုလဲ အကြောင်းမပြန်ဘဲ
ကျွန်မအလုပ်ရှိရာမြို့ကလေးကို
ဝေေ၀ ၀ါးဝါးနဲ့ပြန်ခဲ့တယ်။

၁၉၉၄ သို ၁၉၉၅ ဖြစ်မယ်။

အဲဒီကတည်းက မဆန်းနဲ့မတွေ့ဖြစ်တော့တာပေါ့။

မဆန်း ကျောင်းသွားတက်တာ ထူးချွန်တာတွေ ကြားရပေမဲ့
ဒါက မထူးဆန်းပါဘူး။

သူတော်တာ အားလုံးသိပြီးသားဘဲလေ။

လမ်းသွားနေရင်းတောင် ကားနံပါတ်ပေါင်းလဒ်တွေကို ပြိုင်ပေါင်းကြသေးတာ။

အဲ့လို ဥာဏ်သွေးနေတဲ့လူ ဆုရတာ ဘာဆန်းတုန်း။

ဆန်းကတာတော့ မဆန်း အိမ်ထောင်ပြု့တော့မလို့
လေတိုက်သံတွေကြားက ကြားလိုက်ရတယ်။

အဲဒီနေ့တုန်းကတော့ တော်တော်လေး အံသြနေမိတယ်။

သူက စိတ်မပါရင် ဘာမှ မလုပ်တတ်သူမို့
ဒါကိုလဲ စိတ်ပါလက်ပါ ဆုံးဖြတ်တာဖြစ်မယ်လို့
တစ်ယောက်ထဲ အတွေးတွေကို အဆုံးသတ်ထားလိုက်ပါတယ်။

အဲဒီလိုဝေးခဲပြီးမှာ
၂၀၁၃ ဒီဇင်ဘာမှာ ပထမဦးဆုံးသွားတဲ့
စီးပွားရေးတက္ကသိုလ်ညနေခင်းမှာ
မဆန်းကို ပြန်တွေ့ခဲ့တယ်။

နှစ်ပေါင်း (၂၀) လောက်ကြာမှ ပြန်တွေ့ရတာတောင်
လုံးဝအဆက်အသွယ်မပြတ်ကြတဲ့လူတွေလိုဘဲ
ခံစားလိုက်ရတယ်။

ကျွန်မမိတ်ဆွေကို not only teacher but also mother လို့
သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

ကျွန်မရော မဆန်းပါပြောင်းလဲသွားတာကတော့
ဗိုက်နည်းနည်းပူပြီး
ဆံပင်များများ တို သွားတာပါဘဲ။

မဆန်းသာ မြင်မယ်ဆိုရင်
ကျွန်မ မျက်လုံးဒေါင့်က အရေးအကြောင်းတွေကို ကြည့်ပြီး
အမေ့သမီး အရွယ်တော်တော်ရောက်သွားပြီလို့
သက်သက်ညှာညှာ ပြောလိမ့်မယ် ထင်ပါရဲ့.......











Tuesday, March 4, 2014

မျှော်လင့်ခြင်း

မျှော်လင့်ခြင်း
လူတိုင်းမှာ မျှော်လင့်ချက်ထားတတ်ကြတယ်။

မျှော်လင့်ချက် လို့ တွေးလိုက်မိတာနဲ့ အမြဲတမ်းသတိရမိတာလေးတစ်ခုရှိတယ်။

ပြည်မြို့မှာ ပြေလည်နေတုန်းက

ဂျူး ၊ နေ၀င်းမြင့် ၊ အော်ပီကျယ် တို့ရဲ့စာပေဟောပြောပွဲကို

နှင်းကျနေတဲ့ ဆောင်းညလေးမှာ ဘောလုံးကွင်းထဲ ဖိနပ်လေး ဖင်ခုထိုင်ပြီး

အားပေးခဲ့ဘူးတယ်။

ဆရာ နေ၀င်းမြင့် က မျှော်လင့်ချက် အကြောင်းပြောသွားတယ်။

တောထဲမှာ သူငယ်ချင်း မြင်း နှစ်ကောင် နှစ်တိုင်း ပြန်ဆုံကြမယ်လို့ ကတိပြု ကြတယ်။

ပြန်ဆုံကြတော့ မေးကြတာပေါ့ သာကြောင်းမာကြောင်း

မြင်းတစ်ကောင်က တောထဲမှာဘဲ နေပြီး နောက်တစ်ကောင်ကတော့ ဆပ်ကပ်ပြတဲ့အဖွဲ့နဲ့
မြို့တွေမှာ ဆပ်ကပ်လှည်ပြနေရတယ်တဲ့။

တောထဲက မြင်းက ပြောတယ် သူငယ်ချင်းရယ် စိတ်လွတ်လွတ်လပ်လပ်နဲ့ တောထဲမှာဘဲ
ပြန်လာနေပလားပေါ့။

ဆပ်ကပ်အဖွဲ့ထဲက မြင်းက ငါတောထဲ ပြန်မလာချင်ဘူးကွ
ငါ့မှာ မျှော်လင့်ချက်ရှိတယ်တဲ့

ဆပ်ကပ်ထဲမှာ အဲဒီမြင်းက ပြကွက်တခုပြရတယ်။

အဲဒီအကွက်က မြင်းက လမ်းလျှောက်ပြီး ဆပ်ကပ်ပိုင်ရှင်သမီးက မြင်းပေါ်ကနေ ဂျွမ်းထိုးပြရတဲ့ပြကွက်

ဆပ်ကပ်ပိုင်ရှင်က သူ့သမီးကိုပြောတယ်တဲ့

ပြကွက်ကို ကောင်းကောင်းပြနော် တကယ်လို့များ မြင်းပေါ်ကနေ လိမ့်ကျရင်
အဲဒီမြင်းနဲ့ပေးစားမယ်တဲ့။

ကောင်မလေးက တနေ့မဟုတ်တနေ့တော့ ပြုတ်ကျမှာဘဲ
အဲဒီနေ့ငါနဲ့ရမဲ့နေ့ဘဲတဲ့။

ဆရာနေ၀င်းမြင့်က အဲဒီလို အဆုံးသတ်လိုက်ချိန်မှာ လူတွေက ရီကြတာပေါ့။

နိဂုံးချုပ်ပြောတာကတော့..............

လောကကြီးမှာ အဲဒီမြင်းလို လူတွေလဲ အများကြီးရှိတယ်။

မြင်းနဲ့လူ ဘယ်လိုများ ပေါင်းဖက်လို့ ရနိုင်ပါ့မလဲ.........

မဖြစ်နိုင်တာကို မျှော်လင့်မိတဲ့ မျှော်လင့်ခြင်းများနဲ့.........



Friday, January 31, 2014

pay day လခထုတ်တဲ့နေ့

လူမှန်းစပြီး သိတတ်ကတည်းက လခထုတ်တဲ့နေ့နဲ့ ရင်းနှီးခဲ့တယ်။

အမေက အစိုးရ၀န်ထမ်းလေ......လခ ရတာပေါ့။

လွန်ခဲ့တဲ့နှစ်(၄၀)လောက်က အစိုးရ၀န်ထမ်း လခ ထုတ်တယ်ဆိုတာ
အဓိပ္ပါယ်ရှိခဲ့ပါတယ်။

အမေလခထုတ်တဲ့နေ့တွေဆို ရုံးလိုက်သွားပြီး မုန့်စားရတာကိုး

ကျွန်မလဲ ဘ၀ကို အစိုးရအလုပ်နဲ့စတင်ခဲ့တယ်။

အောက်ခြေက စရတာပါ တကယ့်အောက်ခြေဘဲ

နွေရာသီရွှေမော်ဓေါဘုရားပွဲမှာ အမေတို့ဌာနက နှစ်တိုင်း တလကျော်
စားသောက်ဆိုင် ဖွင့်ရောင်းလေ့ရှိတယ်။

ပလာတာ၊ဆီချက်ခေါက်ဆွဲနဲ့လဘက်ရည်၊ကော်ဖီနဲ့ အအေးမျိုးစုံပေါ့။

ဝန်ထမ်းတွေတာဝန်ချထားသလို ၀န်ထမ်းသားသမီးတွေလဲ ၀င်လုပ်ခွင့်ရှိတယ်။

uniform 3 စုံ၊ နေ့တွက်နဲ့ စားဘို့ ကူပွန် ရတယ်။

ညနေ (၂)နာရီလောက်နေ ည(၁၂)နာရီ ဘုရားပွဲလူရှင်းတဲ့အချိန်ထိ လုပ်ရတယ်။

အခြားဝန်ထမ်းတွေက သူတို့သားသမီးကို စားပွဲထိုး ဈေးရောင်းမလုပ်စေချင်ဘူးတဲ့။

ကျွန်မတို့အမေကတော့ အိမ်မှာ ညီအစ်မနှစ်ယောက်ကို ထားခဲ့ရမှာ စိတ်မချတာနဲ့
နှစ်တိုင်း ဘုရားပွဲဈေးမှာ ဈေးရောင်းစေခဲ့တယ်။

အစားအစာတွေ သယ်နိုင်တဲ့နှစ်ကစပြီး အလုပ်လုပ်ရတယ်။

မသယ်နိုင်ခင် ကလေးဘ၀ကလည်း နှစ်တိုင်း အမေနဲ့ ညဘက်လိုက်ရတာပါဘဲ။

တချို့ညတွေ နောက်ကျရင် ပွဲတွေ ရုံဖွင့် ၀င်ကြည့်ကြတာ ပျော်စရာပါ။

(၇)တန်းလောက်ကတည်းက လုပ်ခ လစာနဲ့ ရင်းနှီးခဲ့ရပြီး လုပ်ခမျိုးစုံရခဲ့ပါတယ်။

နွေရာသီမှာ ကျောင်းစာအုပ်တွေကို ဒီတိုင်းရောင်းရင် ရတာနည်းလို့
စာအိတ်ကလေးတွေလုပ်ပြီးရောင်းခဲ့တယ်။

အကျီင်္လက်ချုပ်လိုက်ခဲ့တယ်။

ဘွဲ့ရပြီးခါစ ၁၀တန်း ဘောဂဗေဒ ကျူရှင်သင်လိုက်သေးတယ်။

နောက်ပိုင်းအစိုးရအလုပ်ကို စား/ဖျော်မှာ နေ့စား ၆ကျပ်၁၅ပြားနဲ့စာရင်းကိုင်ဘ၀ကို စခဲ့တယ်။

သူတို့ပြောတာသာ စာရင်းကိုင်ပါ
ကျွန်မက မနေတတ်တော့
ဝယ်တဲ့လူလာရင် ပလာတာလဲ ထရောင်းတာဘဲ
ရေခဲမုန့်လဲ ထခတ်တာဘဲ
ဆီချက်လဲ ထလုပ်တာပါဘဲ
................
စာရင်းကိုင်(၁)
စားရင်ကိုင်(၂)
.............
အရက်နဲ့အစားအစာရောင်းတဲ့ဌာနကို မကြိုက်ပေမဲ့ စားဝတ်နေရေးအတွက် လုပ်နေခဲ့ရတယ်။

နောက် မြန်မာ့သစ်လုပ်ငန်းကို ပြောင်းခဲ့တယ်။

ဒုတိယမန်နေဂျာ (ဘဏ္ဍာရေး) ဆိုတဲ့ အခေါ်အဝေါ်ကနေ
ကျွန်မတို့ အလုပ်ဝင်တော့ အငယ်တန်းလက်ထောက် (ဘဏ္ဍာရေး)လို့ပြောင်းလိုက်တယ်။

ကျွန်မတို့ အသစ်အုပ်စုက အော်...........အငယ်တန်းဖြစ်ရတဲ့ အထဲ
လက်ပါထောက်ရဦးမှာ လို့ရီမောပြီး နေခဲ့တာဘဲ။

Senior အစ်မတွေက သင်ပေးလိုက်တယ်။
ကိုယ့်နံမည်ရှေ့မှာ ဒေါ် တပ်မခေါ်ရင်ဘယ်သူ့ကိုမှ စကားပြန်မပြောနဲ့တဲ့။

ဒါပေမဲ့ သစ်လုပ်ငန်းက အထက်အောက် ရိုသေမှုတော့ အတော်လေးရှိတယ်။

အလုပ်ထွက်ပြီး ပြန်တွေ့ချိန်မှာတောင် ကိုယ့်အဖေလောက်ရှိတဲ့ ရုံးအုပ်ကြီးက
ဒေါ်......တပ်ခေါ်နေသေးတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် သစ်လုပ်ငန်းရှိတဲ့ ဗန်းမော်ကနေ ရန်ကုန်အထိ
တစ်မြို့တစ်ယောက်နှုန်းနဲ့ အသစ် ၂၅ယောက်ခန့်လိုက်တယ်။
အဲဒီလိုနဲ့ ကျွန်မလဲ ဧရာဝတီမြစ်ကမ်းက ပြည်မြို့မှာ ၄နှစ်ကျော်လောက် သောင်တင်နေခဲ့တယ်။

စားဖျော် ဌာနက လစာအပြင် အပိုဝင်ငွေကိုပါ တရားဝင်လို ထပ်ဆောင်းပေးတဲ့ဌာနပေမဲ့.........
အရက် ဆိုတာကို စိတ်ကုန်လို့.........ပြောင်းပစ်လိုက်တယ်။

ရာထူးလေးတော့ တိုးလာပါတယ်။
လစာက နည်းနည်းတိုးပြီး အပိုဝင်ငွေဆိုတာနဲ့ ဝေးသွားတော့တာပေါ့။

ဒါပေမဲ့ ကိစ္စမရှိဘူး ကိုယ့်ရွေးချယ်မှုဆိုပြီး ............. အမေ အမြင်မကြည်လင်ပေမဲ့..
စက်ဘီးကလေးရောင်းပြီး...........မြို့ကလေးကထွက်ခဲ့တယ်။

လူတွေက ထင်ကြတယ် သစ်လုပ်ငန်းမှာမို့ ထောသွားပြီတဲ့
အခြားလူတွေတော့ မသိဘူး
၎နှစ်ခွဲ  အလုပ်လုပ်လာတာ  သစ်ဆို သွားကြားထိုးတံ တောင်မရခဲ့ဘူးဘူး။
ရုံးကပေးတဲ့အိမ်ကလေးမှာ တစ်ယောက်တည်းနေပြီး
ရတဲ့လခနဲ့ ပြတ်တခါ ပြတ်တလှဲ့ နေလိုက်တာပါဘဲ။

စာအုပ်ဆိုင်ကို နေ့တိုင်းသွားနိုင်ပြီး
ဇော်ဝင်းထွဋ်  ကို ကြိုက်တတ်လာတာပေါ့။

စက်ဘီးရောင်းထားတဲ့ပိုတ်ဆံလေးလဲ ကုန်သွားတယ်။

လခထုတ်မဲ့မနက်မှာ အကြွေနည်းနည်းပါးပါးဘဲကျန်တယ်။

အို .......ဒီနေ့လခထုတ်မှာဘဲ......ရတယ်ပေါ့........

အသက်က ၂၆နှစ်လေ ...........လခထုတ်ပြီးမှ ထမင်းဝယ်စားလိုက်မယ်လို့ တွေးပြီး
ရုံးထွက်လာခဲ့တယ်။

ဟား ဟား ........ ရုံးမှာ အစည်းဝေးရှိနေလို့ လခထုတ်တာ နောက်ကျမယ်တဲ့...
ဟိ... ရုံးအုပ်စာရေးကြီးကပြောတယ်။

ရေသောက်ပြီး ထိုင်စောင့်လိုက်တာ နေ့ခင်း ၁နာရီခွဲလောက်မှ လခရတယ်။

၁၂၅၀ကျပ်

အဆာလွန်လို့ ခေါင်းထဲ မူးနောက်နေတာဘဲ

ထမင်းသွားစားမဲ့စိတ်ကူးလဲ ပျက်သွားတယ်။

ပြည်-ရန်ကုန်လမ်းဘေးက လဘက်ရည်ဆိုင်လေးမှာ ထိုင်ပြီး
နွားနို့နဲ့ပေါင်မုန်မှာစားလိုက်တယ်။

စိတ်ထဲမှာ ဘယ်လိုခံစားရမှန်းတောင် မသိတော့ဘူး။

အဲဒါနဲ့ လဘက်ရည်ဆိုင်ထဲကထွက်ပြီး ရန်ကုန်းဘက်ပြန်တဲ့ကားတစ်စီးကိုတားပြီး
ရန်ကုန်ဆင်းလာခဲ့မိတယ်။

လခထုတ်တဲ့ တစ်ရက်မှာပေါ့။

ဒီနေ့လား

ပြည်မြို့မှာကတည်းက ခေါက်ဆွဲကြော်တစ်ထုတ်ကို
နှစ်ယောက်မျှစားလာတဲ့ သူငယ်ချင်းက Message ပို့တယ်။

ရန်ကုန်မှာ အဆင့်အမြင့်ဆုံးသွားစားရအောင်တဲ့
sakura အထပ် (၂၀) ကိုချိန်းနေတယ်။

အထပ်(၂၀)ကို ချိန်းပေမဲ့ ရုံးက ဘယ်အချိန်ပြန်ရမလဲ မသိလို့

မသေချာသေးပါ။

















Thursday, January 23, 2014

Real Life, Real Story

Real Life, Real Story စာအုပ်ကို ဖတ်ပြီး ရေးချင်လာတယ်။
အမှန်တကယ်ဖြစ်ခဲ့တာတွေလေ
အသက်(၂၀)မှာ စီးပွားရေးတက္ကသိုလ်က ဘွဲ့ရတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကြီးမှာ
အလုပ်တစ်ခုရဘို့ဆိုတာ တော်တော်လေးခက်ခဲခဲ့တယ်။
ကျွန်မကံကောင်းချင်တော့ တက္ကသိုလ်အတူတက်ခဲ့တဲ့ သူငယ်ချင်းရဲ့အဖေက
ကျွန်မအမေ အလုပ်လုပ်တဲ့ဌာနမှာ လုပ်ငန်းခွဲမန်နေဂျာ
သူ့သမီးက ထောက်ခံချက်တွေကောင်းကောင်းပေးတာနဲ့ ကျွန်မအမေမျက်နှာနှစ်ခုပေါင်းပြီး
စား/ဖျော် လို့အလွယ်ခေါ်နေတဲ့ အရက်နဲ့အဖျော်ယမကာရောင်းဝယ်ရေးဌာနခွဲ အရောင်းဆိုင်မှာ
နေ့စားစာရင်းကိုင် အလုပ်ကလေးကို တနေ့ (၈)ကျပ် (၅၀)ပြားနဲ့ 1988 ခေတ်ပျက်ကြီးထဲမှာ
အလုပ်ရခဲ့တယ်။
အလုပ်ထဲမှာ အမြဲတမ်းဝန်ထမ်းခန့်ပြီးတော့ လှည်းကူးက ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး)
တက်ရမယ်တဲ့။
အရပ်(၅)ပေ(၄)လက္ခ ရှိပြီး ပေါင် (၉၀) မပြည့်တဲ့ ခပ်ပိန်ပိန် မိန်းခလေးတစ်ယောက်အတွက်တော့
ဖောင်ကြီးသင်တန်းဆိုတာ လူရယ်စရာချည်းပေါ့။
လုပ်ဖော်ကိုင်ဖက်ကောင်းတွေက အားပေးကြပါတယ် RTU တဲ့။
Return to Unit သင်တန်းက ပြန်လွှတ်တာခံရမှာပါတဲ့။
သင်တန်းမတက်နိုင်ပါဘူးလို့ ငြင်းခွင့်ရှိပေမဲ့ အားပေးကြတဲ့လူတွေကို မခံချင်စိတ်နဲ့
၁၉၉၀ ခုနှစ် ဇူလှိုင်လမှ စဖွင့်တဲ့ ဗလ (67) ကို မိုးရွာတဲ့တနေ့မှာ စရောက်ခဲ့တယ်။
ပထမဆုံးတလမှာ အပြင်ထွက်ခွင့်မရှိပေမဲ့ ကျွန်မလက်မှာတော့ အဖြူရောင်အကွက်ကလေးရှိလာခဲ့တယ်။
ဒါပေမဲ့ အမှတ်တမဲ့ထားလိုက်ပြီး ပြင်ပထွက်ခွင့်ရမှဘဲ ဆေးခန်ပြမယ်လို့စိတ်ကူးလိုက်တယ်။
ပြင်ပထွက်ခွင့်ရတဲ့ ပထမဦးဆုံးအပတ်ပြန်တော့
ကျွန်မကို ငယ်ငယ်ကတည်းက ကျန်းမာရေးအတွက် စောင့်ရှောက်ပေးတဲ့ဒေါက်တာနွဲ့နွဲ့ရီ ကို
တိုင်ပြကြည့်ပါတယ်။ သူ့က ကျွန်မအမေလိုမျိုးဖြစ်နေလို့ မာမီလို့ ငယ်ငယ်ကတည်းကခေါ်ခဲ့တယ်။
သမီးအပျိုကြီးကို မာမီခေါ်ရပါ့မလားဆိုပြီး သူ့အမေက ကျွန်မကို သေတဲ့အထိ အမြင်မကြည်လင်ခဲ့ပေမဲ့
ကျွန်မတို့ အခုထိ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။
မာမီက စိတ်ပူပြီး ကျွန်မတို့ပဲခူးမှာ နံမည်ကြီးတဲ့ အရေပြားဆိုင်ရာ အထူးကုဆရာဝန်
ဒေါက်တာ ဂျေပရာဆပ် နဲ့လိုက်ပြပေးပါတယ်။
ကျွန်မကို မျက်နှာဟိုဘက်လှည့်ဆိုပြီး အပ်ကလေးနဲ့ အဲဒီအဖြူဝိုင်းနေရာလေးကို ထိုးကြည့်ပါတယ်။
ကျွန်မက နာတယ်လို့ပြောတော့
ညာပြောတာတဲ့။ 
ဆရာဝန်တစ်ယောက်ရဲ့မှတ်ချက်စကားဟာ လူနာရဲ့ စိတ်ကို ဓါးနဲ့မွှန်းသလိုပါဘဲ
အဲဒီတုန်းက ကျွန်မအသက်က (၂၃)နှစ်ပေါ့။
မိန်းမပျိုလေးတစ်ယောက်ရဲ့ ရှက်ရွံ့မှုဆိုတာ ရေးမပြတတ်တော့ဘူး။
အနာကြီးရောဂါ လို့ အမည်တပ်ပေးလိုက်ပါတယ်။
ကျွန်မက သင်တန်းတက်နေတုန်းမို့ သင်တန်းပြီးမှ
ဆက်ကုပါမယ်ဆိုပြီး ပြန်ချလာတာပေါ့။
သင်တန်းမတက်ခင်က အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မျက်နှာတွေကို
ပြန်မြင်ယောင်လာပြီး
ဘာရောဂါချည်းဖြစ်နေပါစေ
သင်တန်းကို ပြီးအောင်တက်မယ်ဆိုပြီး ဖောင်ကြီးကို ပြန်ချလာခဲ့ပါတယ်။
ဆရာဝန်က ပြောလိုက်တဲ့စကားက တကြိမ်တည်းပေမဲ့
ကျွန်မနားထဲမှာတော့ အကြိမ်ပေါင်းမရေတွက်နိုင်အောင် ပြန်ကြားနေခဲ့ပါတယ်။
ကျွန်မအဖြစ်ကို ဘယ်သူ့မှ မပြောဘဲ တစ်ယောက်တည်း ကျိတ်ခံနေခဲ့ပါတယ်။
စိတ်အနာတရ က တစ်ပိုင်း သင်တန်းပြီးအောင်တက်ချင်စိတ်က တပိုင်းပါ။
ဖောင်ကြီးသင်တန်း မိုးရေထဲမှာ သေနတ်ထမ်းပြီးလမ်းလျှောက်နေရတဲ့အချိန်မှာ
အဲဒီဆရာဝန်ရဲ့ ညာပြောတာပါဆိုတဲ့ အသံကို ပြန်ကြားယောင်လာရင်
မိုးရေတွေနဲ့အတူ မျက်ရည်တွေကျခဲ့တာ အကြိမ်ကြိမ်ပါဘဲ။
ဒါပေမဲ့ ဘ၀ကို ကျွန်မက မခံချင်စိတ်နဲ့ အမြဲမောင်းနှင်ခဲ့တာပါ။
အကြိမ်ကြိမ်ပြိုလဲပြီး အကြိမ်ကြိမ် ပြန်ထ ခဲ့ရတဲ့လူပါ။
အောက်တိုဘာလမှာ သင်တန်းဆင်းပွဲအတွက် လေ့ကျင့်ရမယ်
မလေ့ကျင့်ချင်တဲ့သူတွေ သင်တန်းဆင်းပွဲလမ်းမလျှောက်ချင်တဲ့လူတွေ
အပြင်ထွက်နိုင်တယ်လို့ သင်တန်းမှူးက ပြောတဲ့အချိန်မှာ
ကျွန်မနဲ့အတူ တဌာနတည်းလာတက်တဲ့ ကျော်ကျော်ဝင်းက
နေမကောင်းတာမို့ သေနတ်ထမ်းပြီး တပ်ခွဲအပြင်ကို ထွက်ရပ်တာတွေ့လိုက်ပါတယ်။
ကျွန်မရော.........အဲဒီအချိန်မှာ မြေကြီးကို ငုံကြည့်လိုက်ချိန်
ခြေထောက်အောက်က မြေကြီးတွေရွေ့နေတယ် ထင်လာတယ်။
ဒါပေမဲ့ ကျွန်မရဲ့ထုံးစံအတိုင်း ငါဒီကွင်းထဲကနေ ဘယ်တော့မှာ
ကိုယ့်ခြေထောက်နဲ့ကိုယ်လမ်းလျှောက်ထွက်မသွားဘူး
ကိုယ်အသိမဲ့သွားလို့ သူများက ထမ်းထုတ်သွားရင်တော့မသိဘူးဆိုပြီး
သင်တန်းဆင်းပွဲအတွက် ဆက်လေ့ကျင့်နေခဲ့ပါတယ်။
ခေါင်းမာခြင်းရဲ့ ရလာဒ်ကတော့ ဗလ (67) သင်တန်းသူ ပထမဆု ပေါ့။
နောက်ဆက်တွဲတွေကတော့ ရာထူးတိုးတာတွေ ဌာနကဆုပေးတာ TV သတင်းမှာပါတာတွေ
ဒါတွေက အိမ်မက်တွေလိုဘဲ
တကယ်အဖြစ်က အနာကြီးရောဂါ ဆိုတာလေ

အနာကြီးရောဂါ ကိုကြောက်တဲ့စိတ်ထက် ဒေါက်တာ ဂျေပရာဆပ်ရဲ့ ညာပြောတာဆိုတဲ့မှတ်ချက်ကို
ကြောက်တဲ့စိတ်က အဆပေါင်းများစွာပိုပါတယ်။
ကြောက်စိတ်ထက် ရှက်စိတ်ထင်ပါတယ်။
ကျွန်မက စိတ်ဓါက်ခိုင်မာတဲ့လူမဟုတ်ပေမဲ့
မခံချင်စိတ် ခိုင်မာတဲ့လူမို့ သူ့မှတ်ချက်ကြောင့် မကျရှုံးသွားတာပါ။
အခြားတစ်ယောက်ဆိုရင်တော့...........

ကျွန်မလဲ ကိုယ့်ကိုယ် အနာကြီးရောဂါရှိနေပြီလို့ လက်ခံလိုက်ပြီး
ရောဂါသည်တွေထားတဲ့နေရာတွေကို စိတ်နဲ့ ခဏတိုင်းသွားဖြစ်ပါတော့တယ်။

အချိန်နည်းနည်းယူပြီး စိတ်တည်ငြိမ်တော့မှ လောကကို စိန်ခေါ်ပြီး
ရောဂါကုဘို့ မာမီနဲ့တိုင်ပင်ပါတယ်။
1991 ခုနှစ်က ပဲခူးတိုင်း အနာကြီးရောဂါတိုက်ဖျက်ရေးဆရာဝန်ကြီးက
ဒေါက်တာ တင်ရွှေ
သူ့အိမ်ကို ကျွန်မတို့ သားအမိနှစ်ယောက် သွားပြကြပါတယ်။
ဒေါက်တာ တင်ရွှေက ကျွန်မကို စမ်းသပ်ပါတယ်။
သူကတော့ သိမ်သိမ်မွေ့မွေ့နဲ့ အနာကြီးရောဂါပါလို့ အတည်ပြုပေးလိုက်ပါတယ်။
ဆေးသောက်ရင်ပျောက်သွားမှာပါလို့ ကျွန်မကိုအေးအေးဆေးဆေးရှင်းပြပါတယ်။
အိုကေ ဆေးသောက်မယ်ပေါ့။

ဆေးမသောက်ခင်အထိ ကျွန်မမှာ အနာကြီးစိတ်ပိုင်း ဒါဏ်ရာသာရှိခဲတာပါ။
ရုပ်ပိုင်းမှာတော့ လက်ဖျံမှာ အဖြူဝိုင်းလေးတခု...

ဆေးစသောက်ပြီး တပတ်လောက်အကြာမှာ ကျွန်မတကိုယ်လုံး အနီစက်တွေ ထွက်လာပါတော့တယ်
အဲဒီတော့မှ ငါအနာကြီးရောဂါတကယ်ဖြစ်တာလို့ ယုံကြည်သွားခဲ့တယ်။

ကျွန်မလဲ ဒေါက်တာ တင်ရွှေဆီကို နောက်တခေါက်ထပ်သွားပြီး အနီစက်ကလေးတွေကို ပြပါတယ်။

ဒေါက်တာတင်ရွှေက လိမ်းဆေး အရည်ပုလင်းလေးတွေပေးလိုက်ပါတယ်။

အနီစက်တွေက များလွန်းလို့ တခါလိမ်းရင် တစ်ပုလင်းကုန်ပါတယ်။

ဆေးက ဒီတိုင်းလက်နဲ့ယူလိမ်းလို့မရပါဘူး။ နားကြပ်တဲ့ တဖက်မှာ ဂွမ်းပါတဲ့ အတံကလေးနဲ့
တို့လိမ်းရတာပါ။

မာမီက ကျွန်မကို သနားစိတ်ကြောင့်ထင်ပါတယ်။ နေ့ခင်းဆေးရုံထမင်းစားပြန်ချိန်တိုင်း
ကိုယ်တိုင် ၀င်လူးပေးပါတယ်။
ဆေးလိမ်းနေတုန်း သူကျွန်မကို ကြည့်ခဲ့တဲ့ မျက်လုံးတွေကို ဘယ်တော့မှ မမေ့ပါဘူး။
ကျွန်မဆေးက ပြင်းတော့ သူ့လက်အရည်ခွံတွေ လောင်ကုန်ပါတယ်။

ဆေးသုတ်ထားတဲ့ ဂွမ်းလေးကို အရည်ပြားပေါ်ပွတ်လိုက်တာနဲ့
အရည်ပြားအပေါ်ယံက ဖွာထွက်သွားတယ် ခဏနေ ပါးစပ်လေနဲ့ မှုတ်ထုတ်လိုက်ရင်
အမှုန်ကလေးတွေ လေထဲမှာ ပျံဝဲနေတာဘဲ။

အဲလိုဆေးသောက်လိုက် အနာတွေထပ်ထွက်လာလိုက် ဆေးလိမ်းလိုက်နဲ့
ဆရာဝန်သားအမိနှစ်ယောက် ဆေးကုနေခဲ့တယ်။

ဒါပေမဲ့ မာမီက (10) ရက်လောက်နေတော့ မဟုတ်သေးဘူးထင်တယ် သမီးလို့
ဆရာဝန်ကိုယ်တိုင်က ပြောလာတယ်။
ကျွန်မက ဘာလုပ်တတ်မတုန်း
သူလဲ စဉ်းစားပြီး တို့နှစ်ယောက်ရန်ကုန်သွားပြရအောင်တဲ့
သဘောပေါ့။

သားအမိနှစ်ယောက် ရန်ကုန်ကို တက်လာပြီး
ဒေါက်တာ အေးငြိမ်း ၊  လမ်း (20) ထိပ်က အောင်ဆေးခန်းမှာ ပြကြတယ်။
ဆရာကြီးက ဖြစ်ကြောင်းကုန်စင်နားထောင်ပြီးတော့မှ
အင်း...........မှားကုန်ပြီတဲ့
ဒေါက်တာ တင်ရွှေဆီကိုလဲ ချက်ချင်းဖုံးဆက်တယ်။

ဒါ အနာကြီးရောဂါ မဟုတ်ဘူးတဲ့။
1990 ခုနှစ် ဇူလှိုင်လက စခဲ့တဲ့ ကျွန်မရဲ့ အဖြူဝိုင်းကွက် ဝေဒနာ
1991 ခုနှစ် မေလ လောက်မှာ ဒေါက်တာ အေးငြိမ်း စမ်းသပ်ချက်တွေမှာ အဆုံးသတ်သွားပါတယ်။
ခုဖြစ်တာက ရေမသန့်တာကြောင့်ဖြစ်တတ်တဲ့ မှိုရောဂါတမျိုးပါ။
အနာကြီးရောဂါ ဆေးတွေကြောင့် ပိုဆိုးလာတာတွေကိုဘဲ ပြန်ကုရတော့မယ်တဲ့
ဒါလဲအခက်ကြီးမဟုတ်ဘူး သူဖော်ထားတဲ့ ၀ဏ သိဒ္ဓိ ဖယောင်းချက် တမျိုးကိုတော့
အက်စစ်ဆေးစားထားလို့ဖြစ်နေတဲ့နေရာတွေကို စိတ်ရှည်ရှည်ထားလိမ်းလိုက်ပါတဲ့။
အားလုံးအဆုံးသတ်ချိန်မှာတော့ မာမီက စကားတခွန်းပြောတယ်
သမီး ဆရာကြီးကို ထိုင်ကန်တော့လိုက်ပါတဲ့။
ဝဏ သိဒ္ဓိ ဖယောင်းချက်ကိုတော့ တစ်နှစ်လောက် လိမ်းလိုက်ပြီးတဲ့အခါမှာတော့

လောကကြီးက လှပသွားပါတော့တယ်။