ကျွန်မရဲ့ မိုက်မဲမှုတွေကို ဒီမနက် ပြန်သုံးသပ်မိပါတယ်။
အလုပ်ထဲမှာ တစ်ယောက်ထဲ ကျုံးလုပ်လို့မဖြစ်နိုင်ဘူးလေ
နောက်ထပ် လုပ်နိုင်မယ်ထင်တဲ့ အသက်ငယ်တဲ့
အသစ်တွေကို ထပ်တွဲခေါ်ရတာပေါ့။
ပြီးခဲ့တဲ့လက စပြီး အလုပ်ဝင်တဲ့ ၀န်ထမ်း အငယ်တစ်ယောက်က
ဖျားလို့ ခွင့်တိုင်ပါတယ်။
ဒီမနက် ရုံးပြန်တက်လာတော့ ကျွန်မက ဘယ်လိုဖြစ်တာတုန်းလို့
သတင်းမေးပါတယ်။
အဖျား 100လောက်ရှိတော့ မေမေက ရုံးမသွားနဲ့လို့ပြောတယ်တဲ့
ရုံးက အဝေးကြီး တခုခုဆို ပြန်ရလွယ်တာမဟုတ်ဘူးတဲ့။
အော် အသက် 30ကျော် သမီးကို မူကြိုသွားသလို စိတ်ပူတယ် ထင်ပါရဲ့လို့
တွေးမိရင်းက အတွေးတွေက ဆက်သွားတယ်။
ကျွန်မအလုပ်လုပ်ခဲ့တဲ့ သက်တမ်းမှာ တာဝန်ကျေချင်စိတ်တွေ သိပ်များတယ်
လစာအများကြီးရဘို့ ဆိုတာထက် ကိုယ်လုပ်တတ်တာတွေကို မတွက်ကတ်ဘဲ
လုပ်ခဲ့သလို မလုပ်တတ်တာတွေကိုလဲ မေးပြီး လုပ်နိုင်သလောက်လုပ်နေခဲ့တယ်
အလုပ်လောဘတကြီးပေါ့။
ပြီးခဲ့တဲ့ 4နှစ်လောက်တုန်းက ဖျားတာ တစ်ပတ်ကျော်နေပြီ အဖျားက 103 / 104 လဲ
ထမင်းရည်နဲ့ စွပ်ပြုတ်ယူလာပြီး အလုပ်ကို လာခဲ့တယ်။
ကိုယ်လုပ်ထားတဲ့ လက်စ လက်န တွေက များတော့ အခြားလူတွေကလဲ
တာဝန်မခံချင်တော့ နေသာရဲ့လားလို့ မေးရုံမေးကြတာ
1990ခုနှစ် ဖောင်ကြီးသင်တန်းတက်တော့လဲ
လူက ပင်ပန်းပြီး အရမ်းကို အားနည်းနေတာ
ကျောင်းဆင်းပွဲ စစ်ရေးပြကျင့်ခါနီးမှာ သင်တန်းဆရာက
ကျောင်းဆင်းပွဲ မပါချင်တဲ့လူတွေ အပြင်ထွက်နိုင်တယ်လို့ ပြောတော့
အဲဒီအချိန်မှာ ကျွန်မ ရပ်နေတဲ့ မြက်ခင်းကို ငုံကြည့်လိုက်တာ
မြေကြီးတွေက ရွေ့နေတယ်တောင် ထင်လာတယ်
အမှန်က ကျွန်မ အားနည်းပြီး မူးနေတာဖြစ်မယ်
ဒါပေမဲ့ စိတ်ထဲကနေ အားတင်းလိုက်တယ်
ငါ့ခြေထောက်နဲ့ ငါတော့ ဒီကွင်းထဲကနေ မထွက်သွားဘူး
သတိမေ့သွားလို့ သူများက ထမ်းထုတ်သွားရင်သာရှိမယ်
အဲ့ ဂလို ရူးကြောင်မူးကြောင်အတွေးနဲ့ သင်တန်းသူ ပထမဆု ကို ရသွားတယ်
ခု နှစ်ပေါင်း 20ကျော်မှ ပြန်စဉ်းစားလိုက်တော့
ကျွန်မလောက်မိုက်တဲ့လူ ရှိပါဦးမလား
စိုင်းထီးဆိုင်ရဲ့  ဥပေက္ခာလောကသား သီချင်းထဲကလို
ခုတော့ ဆုတံဆိပ်တွေ ဖုံတက်တော့ အောင်မြင်ခြင်းရယ် မနေ့က ကျန်ခဲ့ပြီ တဲ့
တကယ်လို့များ အဲ့လို ရူးရူးမိုက်မိုက်တွေ တွေးပြီး ကျွန်မ သေသွားရင်ရော
အင်း လောကကြီးကတော့ ပုံမှန်အတိုင်း လည်ပတ်နေမြဲဘဲနော်
ခု အသက်ကြီးလာတော့ ပြန်တွေးမိချိန်မှာ ငါတော်တော် မိုက်မဲပါလားလို့
အတွေးတွေ ၀င်လာတယ်
အဲဒါ မှားကောင်းမှားနိုင်ပေမဲ့
ခု အသက်ကြီးချိန်အထိ မိုက်မဲနေဆဲဘဲ။
Wednesday, May 4, 2011
Subscribe to:
Posts (Atom)