အတိတ်ကို ပြန်တွေးမိတယ်။
မနေ့က ဒေါ်ဆန်းဆန်းလှ talk show ရှိတယ်လို့
မဆန်း facebook မှာတွေ့လိုက်တော့........
အတွေးတွေက နောက်ပြန်လည်သွားမိတယ်။
တက္ကသိုလ်အဆောင်ရောက်ခါစ Hall tutor တွေကို မမ လို့ခေါ်ရတာ
နှုတ်မရဲတာနဲ့ သူတို့နဲ့ခပ်ခွာခွာလေး နေဖြစ်ခဲ့ပေမဲ့
သိကျွမ်းခဲ့တာ (၃)ယောက် လေးစားခဲ့တာ (၁)ယောက် ရှိခဲ့တယ်။
ကံကော်ဆောင် စ ရောက်တော့ ပဲခူးက hall tutor နှစ်ယောက်ရှိတယ်လို့
အကြီးတန်းက အစ်မတွေက မိတ်ဆက်ပေးတယ်။
တစ်ယောက်က ရင်သားကင်ဆာနဲ့ ဆုံးသွားတဲ့
အပျို ကြီး အရမ်းပီသတဲ့ ဒေါ်ခင်ဌေးဝင်းပါ။
သူက ခပ်တည်တည်နေပြီး ကျောင်းသူတွေကို ခပ်မှန်မှန်ဆက်ဆံတတ်ပါတယ်။
လမ်းလျှောက်ရင် ဒေါက်ဖိနပ်ကလေးနဲ့ ခပ်၀၀ ကိုယ်လုံးကို နွဲ့ပြီး
လျှောက်တတ်တဲ့သူပါ။
နွေရာသီကျောင်းပိတ်ရက်မှာ သူ့အိမ်ကိုတခါရောက်ဖူးပြီး
ကျောင်းစာတွေဘဲ မေးနေလို့ နောက်ထပ် မရောက်ဖြစ်တော့ပါ။
ဆရာမ ရင်သားကင်ဆာနဲ့ဆုံးသွားတယ်လို့ ကြားရတဲ့နေ့က
သူ့ပုံတွေ မျက်စိထဲ ပြန်မြင်လာပြီး
နောက်ဆုံးတော့ ပညာတွေကိုထားပြီး လောကထဲက ထွက်သွားရတာဘဲလို့
စိတ်ဓါက်ကျနေမိတယ်။
ဒုတိယတစ်ယောက်ကတော့ ဒေါ်ခင်ခင်စီပါ။
ပဲခူးသူပီသစွာ ပဲခူးကလာတဲ့သူတွေကို
မျက်နှာလေးပြုံးပြီး စကားပြောတတ်ပါတယ်။
အဆောင်ညနေခင်းလေးတွေမှာ ကျောင်းသူတွေနဲ့အပြိုင်
သူ့အမျိုးသား ကိုမြင့်သိန်းနဲ့အတူ အဆောင်ရှေ့မှာ ထိုင်စကားပြောတာကို
ညနေတိုင်းတွေ့ခဲ့ရပါတယ်။
ကျောင်းသူတွေရဲ့ကိစ္စတွေချည်း ဆရာမတွေက ဖြေရှင်းပေးရတာ ထုံးစံပါလို့ဆိုရင်တော့
မမစီ အတွက်မှားပါလိမ့်မယ်။
ကိုမြင့်သိန်းက တောင်ငူက ဖြစ်ပြီး မမစီမင်္ဂလာဆောင်မှာ ကမကထလုပ်ဘို့
ကျွန်မတို့ သူငယ်ချင်းတသိုက် တောင်ငူအထိ လိုက်သွားခဲ့ကြတာ
တကယ်ကို ပျော်စရာကောင်းလွန်းတယ်။
ဘယ်သွားမလို့လဲလို့ မေးကြတဲ့လူတွေကို
မမစီကို မင်္ဂလာသွားဆောင်ပေးမလို့လို့
အဆောင်မှာ အော်ဟစ်ပြီး
ကျွန်မတို့ပဲခူးသူတစ်သိုက် တောင်ငူကို ချီတက်ခဲ့ဘူးပါတယ်။
ကျောင်းပြီးလို့ (၅)နှစ်လောက်ကြာမှ MBA သင်တန်းအကြောင်းသိချင်တာနဲ့
ပတ္တမြားဆောင်ကို တက်သွားတော့ ဟိုးအရင်တုန်းကလိုဘဲ
လောကကို ရောင့်ရဲတဲ့ အပြုံးလေး ရှိနေသေးတာကို တွေ့ခဲ့ရပြီး
၂၀၁၃ ဒီဇင်ဘာ ကံကော်ညစာစားပွဲမှာ ထပ်တွေ့တော့လဲ
သူ့အကြောင်းတွေကို ပြုံးပြီးပြောနေတုန်းပါဘဲ။
လေးစားခဲ့တာ တစ်ယောက်ကတော့ ဒေါ်နွဲ့နွဲ့လင်းပါ
သူက ကျွန်မကို မသိပါဘူး
ကျွန်မတို့ တတိယနှစ်မှာ costing accounting သင်ပါတယ်။
သူက စာသင်ချိန်ကို အပြည့် စာကိုဘဲ အာရုံစိုက်သင်ပြီး
ညာလက်နဲ့ရေးခဲ့တာတွေကို ဘယ်လက်နဲ့ဖျက်ပြီး
ကျောင်းသားတွေကို မကြည့်ဘဲ သူပြောသင့်တဲ့ အပိုင်းတွေကို
မကျန်အောင် သင်တတ်တဲ့လူမျိုးပါ။
သပ်ရပ်တိကျမှုကို သဘောကျခဲ့တယ်။
နောက်ဆုံးတစ်ယောက်ကတော့ ဒေါ်ဆန်းဆန်းလှပါဘဲ။
မဆန်းက ကျွန်မတို့အတန်းမှာ မသင်ရပါဘူး။
စန်းစန်းက မိတ်ဆက်ပေးလို့
မဆန်းနဲ့သိခဲ့ရတာပါ။
စတွေ့တဲ့နေ့မှာဘဲ မဆန်းက မေးပါတယ်။
ရွှေဝါက မြန်မာလားလို့ မြန်မာလိုမေးပါတယ်။
ဘာလိုမေးတာလဲလို့ ကျွန်မက မဖြေဘဲပြန်မေးတော့.....
မျက်လုံးအောက်ခံအရောင်က အဖြူမဟုတ်လို့လို့
မဆန်းကပြန်ဖြေပါတယ်။
ကိုယ့်မျက်လုံးကိုယ်ဘာရောင်မှန်းမသိတဲ့ ကျွန်မက
ဘာလူမျိုးလဲဆိုတာ အမေမှ သိမှာဘဲလို့
ခပ်နောက်နောက်ပြန်ပြောပြီး
မဆန်းနဲ့စခင်မင်ခဲ့တာဘဲ။
သူများတွေ ဟိတ် ဟန်ထုတ်နေချိန်မှာ
မဆန်းကတော့ ကျောင်းသူတွေနဲ့ သားအမိလို နေနေခဲ့ပါတယ်။
ကျောင်းပိတ်ထားပြီး အဆောင်မှာ လူမရှိတော့
ကျွန်မတို့တသိုက် မဆန်းနဲ့ အဆောင်မှာ ကျန်နေခဲ့ပြီး
သူချက်ကျွေးတာကို လည် စားနေပါတယ်။
ကျွန်မတို့က လျှောက်လည် ပြန်လာရင် သူချက်တာ စားကြတာပါ။
အဲဒီထဲမှာ စန်းစန်းက ခပ်သွက်သွက်
ကျွန်မက မြုံစိစိ
ခင်မာ က ခပ်ကောက်ကောက် ပါ။
မဆန်းက ညစာကို ထမင်းစားမလား ခေါက်ဆွဲစားမလားမေးရင်
စန်းစန်းက ပြန်ဖြေပေမဲ့ ကျွန်မတို့ကျန်နှစ်ယောက်က တိတ်နေတတ်ပါတယ်။
အဲဒီအချိန်မှာ စန်းစန်းဖြေသံကို မဆန်းက နားဘဲ ထောင်ပြီး ကျွန်မတို့နှစ်ယောက်
မျက်နှာတွေကို ကြည့်ပြီး ကဲ ဂျီးတော်တို့ ဘာစားမတုန်းလို့မေးတတ်ပါတယ်။
ကျွန်မတို့ မျက်လုံးတွေကို နားလည်အောင် ဖတ်တတ်ပါတယ်။
ပြန်တွေးလိုက်တော့
စိတ်ထဲ အမှတ်ရလာတာလေးတစ်ခုက
မဆန်းနဲ့အဆောင်မှာနေတုန်း
အပြင်က ပြန်လာချိန် ကုတင်ပေါ်မှာ ကျွန်မ အကျီလေးတထည်
မီးပူတိုက်ပြီးသွားတွေ့လိုက်ရတာပါဘဲ
ကျွန်မက မီးပူတိုက်ရမှာ ပျင်းလို့ ဘယ်တော့မှာ တိုက်လေ့မရှိပါဘူး။
ကျွန်မ ရေချိုးခန်းထဲမှာ မေ့ကျန်ခဲ့တဲ့ အကျီင်္လေးကို
မဆန်းက လျှော်ပြီးတိုက်ထားပေးခဲ့တာပါဘဲ။
အကျီင်္က အစိမ်းရောင်များတဲ့ စီဝိုင်စီ စ လေးပါ။
တက္ကသိုလ်တွေကို ပိတ်ထားပြီး
အဝေးသင်တွေနဲ့ ပညာရေးစံနစ်ကို ခပ်သုတ်သုတ်မောင်းနေတုန်းပေါ့။
မဆန်းက ပုသိမ်ကောလိပ်မှာ တစ်လ စာသွားသင်ရမယ်တဲ့
လိုက်မလားမေးတော့
ကျောင်းပြိးတာကို လက်မခံနိုင်သေးတဲ့ ကျွန်မတို့တွေ
မဆန်းနဲ့အတူ ညသဘောင်္ကြီးစီးပြီး ပုသိမ်ကောလိပ်ကို သွားခဲ့ကြသေးတယ်။
ပုသိမ်ကောလိပ်က ကန်ကြီးဒေါင့် ဘက်မှာ ထင်တယ်။
ဦးဆန်းလွင် နဲ့ပေါ့။
ဦးဆန်းလွင်က ကျွန်မတို့ကို ကြည့်မရရင် ကျွန်မတို့ကို တိုက်ရိုက်မပြောဘဲ
မဆန်းကို တိုးတိုးပြောတတ်တာမို့
ကျွန်မတို့က ကွယ်ရာမှာ ဘုန်းကြီးလို့ နံမည်ပေးထားပါတယ်။
ခုတော့ ဘုန်းကြီးပြီး ဒုဝန်ကြီးတောင် ဖြစ်နေပါပြီ။
နောက်ဆုံးတော့လဲ ကျောင်းကြီးက ကိုယ်မပြီးချင်ပေမဲ့
တကယ့်ကို တံခါးပိတ်ပစ်လိုက်ပါတယ်။
ကျွန်မလဲ ရွာပြန် အလုပ်လုပ်နဲ့ မဆန်းတို့နဲ့ဝေးသွားပါတယ်။
အလုပ်ထဲရောက်ပြီး နောက်အလုပ်တစ်ခုပြောင်းဘို့ ကျိုးစားနေတုန်း
မြန်မာ့သစ်လုပ်ငန်း ၀င်ခွင့်အတွက် Account ဖြေရမယ်လဲပြောရော
ဟီး
မဆန်းကို အရင်သတိရပါတယ်။
မဆန်းရေ လုပ်ပါဦးပေါ့။
အဲဒီတုန်းက မဆန်းက လှည်းတန်းအိမ်မှာပါ။
(၄) နှစ်လောက် အဆက်ပြတ်ပြီးမှ ပြန်တွေ့လဲ
သူက အိမ်လာခဲ့ဘဲ။
သူ့အိမ်ကိုရောက်တော့ ကျွန်မရှေ့မှာ တစ်ယောက်စာလာသင်နေပါတယ်။
ကံကော်သူ ကျွန်မတို့ထက် တစ်နှစ်ငယ်ပြီး နံမည်လေးလုံးနဲ့ပါ။
နောက်နှစ်လုံးက သူ့အဖေ လူကြီး (ရာထူး) နံမည်ပါ။
သူ ပြန်သွားတော့ မဆန်းက ကျွန်မဖြေမဲ့ စာမေးပွဲ သူလဲ ဖြေမှာမို့
လာသင်တာတဲ့။
သူလာသင်တာ consignment account ပါ။
ကျွန်မကို မဆန်းက အဲဒါမှတ်မိလားဆိုပြီး Debit Credit နည်းနည်းပြန်ပြောကြပြီး
စာမသင်ဘဲ ဘာတွေလုပ်နေတယ်
ဘာတွေဖြစ်နေတယ် ပြောကြပြီး မိုးချုပ်တော့ ထမင်းစားပြန်ခဲ့တာပါဘဲ။
နောက်နေ့စာမေးပွဲမှာ Consignment account မေးပါတယ်။
တော်ပေစွ......
လာသင်တဲ့ညီမလေးတော့ ရေးဖြေမှာ အောင်တာ မပါဘဲ
ကျွန်မကတော့ ရေးဖြေအောင်သွားပြီး
အဲဒီအလုပ်ကို ရသွားပါတော့တယ်။
ကံကောင်းလေစွ...
ကျွန်မအဖေက အသက်ကြီးတဲ့ လူကြီးပါ
ရာထူးတော့ မကြီးပါ။
အလုပ်ရကြောင်း မဆန်းကို ပြန်မပြောနိုင်လောက်အောင်
လူ့ဘ၀ရဲ့အရှုပ်အထွေးတွေကို ပြေလည်အောင်လုပ်ရင်း
အလုပ်ရှိရာကို ထွက်သွားခဲ့ရတယ်။
ဟီး
အလုပ်မှာ ၃နှစ်လောက်လုပ်ပြီးတော့ တောင်တောင်အီအီတွေ ဖြစ်လာပြန်ရော
အဲဒါနဲ့ ရန်ကုန်ရောက်တုန်း မဆန်းကို ၀င်ဂျီတိုက်မိပြန်တာပါဘဲ
မဆန်းက MBA ဘက်ရောက်ပြီး ပတ္တမြားဆောင်မှာ ထင်တယ်။
ကျွန်မတောပြော တောင်ပြောတွေကို နားထောင်ပြီး
မဆန်းက ဘာလုပ်ချင်တာတုန်းတဲ့
တကယ်တော့ ဘာလုပ်ရမှန်းကို မသိတော့တာလို့ ဖြေခဲ့မိမယ် ထင်တယ်။
ရန်ကုန်မှာ အလုပ်လုပ်ချင်ရင်
မနက်ဖန် အင်တာဗျူးးသွား
သူဖုံးဆက်ထားပေးမယ်ဆိုပြီး
ဆက်ပေးရှာတယ်။
ကျွန်မက တော်တော်လေးဆိုးတယ်။
အင်တာဗျူးးလဲ မသွားဘူး။
သူ့ကိုလဲ အကြောင်းမပြန်ဘဲ
ကျွန်မအလုပ်ရှိရာမြို့ကလေးကို
ဝေေ၀ ၀ါးဝါးနဲ့ပြန်ခဲ့တယ်။
၁၉၉၄ သို ၁၉၉၅ ဖြစ်မယ်။
အဲဒီကတည်းက မဆန်းနဲ့မတွေ့ဖြစ်တော့တာပေါ့။
မဆန်း ကျောင်းသွားတက်တာ ထူးချွန်တာတွေ ကြားရပေမဲ့
ဒါက မထူးဆန်းပါဘူး။
သူတော်တာ အားလုံးသိပြီးသားဘဲလေ။
လမ်းသွားနေရင်းတောင် ကားနံပါတ်ပေါင်းလဒ်တွေကို ပြိုင်ပေါင်းကြသေးတာ။
အဲ့လို ဥာဏ်သွေးနေတဲ့လူ ဆုရတာ ဘာဆန်းတုန်း။
ဆန်းကတာတော့ မဆန်း အိမ်ထောင်ပြု့တော့မလို့
လေတိုက်သံတွေကြားက ကြားလိုက်ရတယ်။
အဲဒီနေ့တုန်းကတော့ တော်တော်လေး အံသြနေမိတယ်။
သူက စိတ်မပါရင် ဘာမှ မလုပ်တတ်သူမို့
ဒါကိုလဲ စိတ်ပါလက်ပါ ဆုံးဖြတ်တာဖြစ်မယ်လို့
တစ်ယောက်ထဲ အတွေးတွေကို အဆုံးသတ်ထားလိုက်ပါတယ်။
အဲဒီလိုဝေးခဲပြီးမှာ
၂၀၁၃ ဒီဇင်ဘာမှာ ပထမဦးဆုံးသွားတဲ့
စီးပွားရေးတက္ကသိုလ်ညနေခင်းမှာ
မဆန်းကို ပြန်တွေ့ခဲ့တယ်။
နှစ်ပေါင်း (၂၀) လောက်ကြာမှ ပြန်တွေ့ရတာတောင်
လုံးဝအဆက်အသွယ်မပြတ်ကြတဲ့လူတွေလိုဘဲ
ခံစားလိုက်ရတယ်။
ကျွန်မမိတ်ဆွေကို not only teacher but also mother လို့
သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။
ကျွန်မရော မဆန်းပါပြောင်းလဲသွားတာကတော့
ဗိုက်နည်းနည်းပူပြီး
ဆံပင်များများ တို သွားတာပါဘဲ။
မဆန်းသာ မြင်မယ်ဆိုရင်
ကျွန်မ မျက်လုံးဒေါင့်က အရေးအကြောင်းတွေကို ကြည့်ပြီး
အမေ့သမီး အရွယ်တော်တော်ရောက်သွားပြီလို့
သက်သက်ညှာညှာ ပြောလိမ့်မယ် ထင်ပါရဲ့.......
Sunday, March 9, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment