ကျွန်မက ပညာတော့ သိပ်မတတ်ဘူး။ လက်မှတ်တွေ အများကြီးမရှိဘူး။
ဒါပေမဲ့ ပညာတတ်တဲ့လူတွေကို အထင်ကြီးတယ် လေးစားတယ်။
တခါတလေ ပညာတတ်နဲ့ ငွေကြေးက နည်းနည်း ဝေးနေပေမဲ့
ပညာတတ်တွေကို လေးစားတယ်။
ကျွန်မက 1987 မတိုင်ခင်ကျောင်းပြီးတဲ့လူပါ။
ကျွန်မတို့တုန်းက ပညာသင်ယူမှုကို ပြန်စဉ်းစားဖြစ်တယ်။
ဆရာဝန်တို့ အင်ဂျင်နီယာတို့ ဆိုရင်တော့ တော်တော် လူကြိုက်များတဲ့လိုင်းပေါ့။
ကျွန်မရဲ့ရည်ရွယ်ချက်က ရန်ကုန်မြို့မှာ ကျောင်းတက်ချင်တာ
တကယ်တော့ အိမ်ကအမေရဲ့ အုပ်ချုပ်မှုအောက်က လွတ်ချင်တာ
ဘယ်လိုင်းကိုလျှောက်ရင် ကောင်းမလဲ စဉ်းစားကတည်းက
ကျွန်မတို့မြို့မှာ ဒေသကောလိပ်မတတ်ရတဲ့ လိုင်းကိုရွေးတာ
ပထမ ဘာဖြစ်ချင်လဲ
ကိုယ်ရထားတဲ့အမှတ်နဲ့ ဆရာဝန်လိုင်းမရတာတော့ သေချာပြီ
အဲတုန်းက အမှတ်ကောင်းရင် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ဆရာဝန်လိုင်းလျှောက်ချင်လျှောက်ရမှာ
ဒါပေမဲ့ အသက်နည်းနည်းကြီးလာတော့
ကျွန်မ ဆရာဝန်မဖြစ်ခဲ့တဲ့အတွက် ဘ၀ကိုကျေးဇူးတင်ခဲ့တယ်။
အင်ဂျင်နီယာက လူကြိုက်များတဲ့ထဲပါတော့ ပထမဦးစားပေး
နောက် ရန်ကုန်မှာဘဲ တက်ရမဲ့ စီးပွားရေးတက္ကသိုလ်
နောက် ရန်ကုန်မှာဘဲ တက်ရမဲ့ မနုသ ဗေဒ
ဆိုပြီး 3ခု ထည့်လိုက်တယ်။
ဘာလိုင်းရတယ် ဆိုတာ မသေချာပေမဲ့ ရန်ကုန်တက်ရမှာတော့ သေချာပြီလေ
ဟဲ ဟဲ အဲ့တော့ ထွက်တော်မူနန်းကခွာဘို့
အထုတ်အပိုးပြင်တာပေါ့။
အိပ်ယာတလိပ်နဲ့ သေတ္တာတလုံးပါဘဲ။
နောက်ဆုံးတော့ ဘ၀ကပေးတဲ့ စီးပွားရေးတက္ကသိုလ်ကိုရောက်ခဲ့တယ်။
အဲဒါက ကျွန်မအတွက် ကံကောင်းတယ်လို့ပြောရမယ်။
ကျွန်မက ဂဏန်းတွေကို စိတ်ဝင်စားပါတယ်။
ဒါပေမဲ့ စာရင်းကိုင်လောကမှာ ပုဇွန်တွေများတယ်။
အသက်(16)နှစ်ကျော်လောက် ရန်ကုန်ကျောင်းတက်ဘို့ အဆောင်ရောက်လာတာပေါ့
ရန်ကုန်ကို အဆောင်လာနေတဲ့ နယ်ကလူတွေကို လေ့လာကြည့်တယ်
ပထမတစ်နှစ်တော့ အိမ်က ချုပ်ပေးလိုက်တဲ့ တောပုံကလေးတွေနဲ့
နောက်နှစ်တွေလဲ ရောက်ရော အိုး..........ပုံစံတွေက လုံးဝကို ပြောင်းလဲသွားတာပါ့
ကျွန်မတို့ ရန်ကုန်နဲ့နီးတဲ့ ပဲခူးကလာတာမို့ ပထမနှစ်ကတည်းက
ပြောင်းသွားတာပါဘဲ။
အဆောင်မှာလူပေါင်းများစွာ နယ်ပေါင်းများစွာက နေရတယ်
လူမှုဆက်ဆံရေး၊
အိမ်ကပေးတဲ့ငွေကို လောက်ငှအောင် ချင့်ချိန်သုံးတတ်တာ
ကိုယ့်အသိစိတ်နဲ စာမေးပွဲအောင်ရေး
တကယ့်ပညာတွေကို တက္ကသိုလ်က လေ့ကျင့်ပေးလိုက်တာလေ
ကျွန်မ ငယ်ငယ်က လူတော သိပ်တိုးဘူး။
နှစ်ပတ်လည် ညစာစားပွဲဆိုတာ ယောက်ကျာင်္းလေးဆောင်နဲ့ မိန်းခလေးဆောင်ပေါင်းပြီးလုပ်ကြတာ
နောက်ပြီး ယောက်ကျာင်္းလေးဆောင်မှာ သွားလုပ်တာ
ထိုင်တော့ မိန်းခလေး ယောက်ကျာင်္းလေး တစ်ယောက်ခြားထိုင်ရတာ
ပထမနှစ် ညစာစားပွဲမှာ ကျွေးတဲ့ ဒန်ပေါက်ကို မစားဘဲ ပြန်ခဲ့တာ
အဲ့လို ဖြစ်ခဲ့ပေမဲ့ နောက်နှစ်များမှာတော့ ဟဲ ဟဲ
ဆောင်ပုဒ်တွေက အများကြီး
မစွံ တောင် တက်
မတက် လှေ လှော်
မလှော် စာ ပြ
လုပ်စရာတွေ တပုံကြီး
အသင်းအသင်းတွေ အကြောင်းပြပြီး
အတွဲအတွဲ တွေ ရသွားကြတာလဲ အများကြီး
အဲ့ဒီလိုလေး ပျိုးထောင်ပြီး (4)နှစ်ကျောင်းပြီးလို့ အလုပ်ထဲ ၀င်တဲ့အချိန်မှာ
ကျွန်မတို့အတွက် ဘ၀က သိပ်မစိမ်းတော့ဘူးလေ
ကျောင်းပြီးလို့ အလုပ်ဝင်မယ် နယ်သွားရမယ်ဆိုတော့လဲ
ကျောင်းနေတုန်းက အထုတ်ကလေး ဆွဲပြီး ထွက်လာခဲ့တာ
အခုဆို အနှစ်(20)ကျော်ခဲ့ပေါ့။
ကျွန်မ အလုပ်လုပ်ခဲ့တဲ့နေရာတွေကို ကျွန်မ အမေ မသိဘူး။
အမေ ပင်စင်ယူပြီး Depression ၀င်နေတော့မှာ သူ့သမီးကို အားကိုးအောင်
အလုပ်နေရာကိုခေါ် ကြွားတာတော့ ရှိလာတယ်။
စာရင်းကိုင်လေး ခေါင်းစုတ်ဖွားနဲ့ပြန်လာတာမို့ အမေ အားရှိအောင်ပါ။
အခုလုပ်နေတဲ့အလုပ်က 1နှစ်ခွဲရှိနေပေမဲ့ အမေမသိသေးဘူး ဘယ်နေရာဆိုတာ
အဲဒါတွေကို ပြောနေတာ အကြောင်းရှိတယ်။
အခုတလော ကျွန်မအလုပ်မှာ B.E ဘွဲ့ရ အင်ဂျင်နီယာတွေလိုတာနဲ့
ထုံးစံအတိုင်း ကျွန်မ တို့စက်ရုံကို နည်းလမ်းမျိုးစုံနဲ့ လူတွေရောက်လာကြတယ်။
စက်ရုံထဲရောက်နေတုန်း ၀န်ထမ်းတစ်ယောက် လာပြောတယ်။
ဧည့်သည်ရောက်နေတယ်တဲ့
ဘုန်းကြီးတပါးလဲ ပါတယ်တဲ့
ဧည့်သည်ဆိုရင် စောင့်ခိုင်းထားပြောမလို့ဘဲ ဘုန်းကြီးတပါးအလုပ်ထဲလာတယ်ဆိုတော့
နည်းနည်းတွေသွားတာနဲ့ ချက်ချင်းတက်လာခဲ့တယ်။
ကျွန်မတို့ဒါရိုက်တာလူကြီးတစ်ယောက်က စာရေးပေးလိုက်တာပါ။
B.E မိန်းခလေး တစ်ယောက် နယ်က အလုပ်လုပ်ဘို့ ရန်ကုန် တက်လာတာတဲ့
အဖေ ၊ အမေ၊ အဒေါ် နဲ့ ရန်ကုန်ရောက်ဖူးတဲ့ ဘုန်းကြီးတပါး အဖော်ပါလာပါတယ်။
နာရီကြည့်လိုက်တော့ 11နာရီ ဖြစ်နေတာနဲ့ ခဏစကားပြောပြီး
အလုပ်လုပ်မဲ့ညီမလေးကို ထားခဲ့ပါ ကျန်တဲ့လူတွေ ပြန်လိုက်ပါလို့ပြောပြီး
ပြန်လွှတ်လိုက်ရတယ်။
မဟုတ်ရင် ဆွမ်းကပ်ရတော့မယ်လေ။
ကဲ ...............အဲဒါပါဘဲ။
နယ်တွေမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်တွေဖွင့်ပြီး
ပညာတတ်တွေ မွေးထုတ်တယ်ဆိုပေမဲ့ ........................
နိုင်ငံတော်က အကြားမလပ် ပညာသင်နိုင်အောင် ဆိုလား မြန်မာ့ရုပ်မြင်သံကြားမှာ
ပြောသံကြားလိုက်တယ်............ဆိုပေမဲ့..........
အဲဒီလို B.E အင်ဂျင်နီယာမျိုး ကျွန်မတို့ စက်ရုံမှာ အခုဆို ရောက်နေတာ (6)ယောက်လောက်ရှိလာတော့
မြန်မာ့ပညာတတ်ကို နည်းနည်း စိတ်ဝင်စားလာတယ်။
နောက်တစ်ပိုင်းက ဘုန်းကြီးနဲ့ မြန်မာ့ဓလေ့
ကျွန်မတို့အိမ်က ခြေတံရှည် အိမ်ကလေး လူများရင် လှုပ်နေတတ်လို့
ကျွန်မက အောက်ထပ်ကို အုတ်ကလေး တက်ရင် ငြိမ်သွားမယ်လို့
လူတတ်ကြီးလုပ်ပြီးအကြံပေးတော့ ကျွန်မ အမေက ဘာလုပ်တယ်ထင်လဲ
အိမ်နားက ကျောင်းက ကျောင်းထိုင်ဆရာတော်ကို သွားလျှောက်တယ်။
ကျွန်မက ရီပြီး အမေတော့မှားနေပြီ အမေ့သားမက်က အင်ဂျင်နီယာလေ
အိမ်ပြင်မှာ သားမက် အင်ဂျင်နီယာကို မပြောဘဲ ဘုန်းကြီးလျှောက်ရလားပေါ့။
နင်မသိပါဘူးတဲ့ သူ့သားမက် အင်ဂျင်နီယာက အိမ်တစ်လုံးပြီးအောင် ဆောက်ဖူးတာ မဟုတ်ဘူးတဲ့
တို့ကျောင်းက ဆရာတော်က ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း ဆောက်နေတာ
မတွေ့ဘူးလားတဲ့
ဟုတ်တော့လဲ ဟုတ်နေတာဘဲ
ဘုန်းကြီးက သူ့တပည့်တွေကို မင်းတို့ ကြည့်လုပ်ပေးလိုက်လို့ ပြောတာနဲ့
အခု အိမ်ပြင်တာပြီးတော့မယ်
ကျွန်မလဲ မနေနိုင်တာနဲ့ ကျွန်မ မတ် အင်ဂျင်နီယာကို မေးရတယ် ဘယ်လိုလဲ ဆိုတော့
သူက ကောင်းပါတယ် အစ်မတဲ့................
ကဲ ဒါ တို့ မြန်မာ့ ပညာတတ်နဲ့ မြန်မာ့ ဓလေ့ပါ။
Sunday, March 27, 2011
Monday, March 21, 2011
ရိုးမြေကျ
ရိုးမြေကျ ဆိုတဲ့ မြန်မာစကားလုံး ကိုသဘောကျခဲ့တယ်။
ဒါပေမဲ့ အဲဒီစကားတစ်ခုတည်းနဲ့ မရပ်တည်နိုင်ဘူးဆိုတာ သိလာတာ မကြာသေးဘူး။
ရိုးမြေကျ ဘို့အတွက်
ဒိုးတူဘောင်ဘက် ဆိုတဲ့ စကားနဲ့တွဲမှ တကယ်ရိုးမြေကျမယ်လို့ ထင်ပါတယ်။

Wednesday, March 16, 2011
မြတ်သောအကျင့် .............................ကိုနေ၀င်း
မနက်မိုးလင်းလင်းချင်း
ကားလမ်းဘက်က ကားသံတွေ အတိုင်းသား ကြားတဲ့ အခိုက်မှာ
ငါက နိုးတ၀က် အိပ်တ၀က်
အသာယာ အနားတိုးလှုပ်ရွေ့ ငါ့မိတ်ဆွေကို နိုးရင်း နှုတ်ဆက်
ကြုံလို့လွှဲမရတဲ့ နေ့ရဲ့ရောင်ခြည် ရောက်လို့လာပြီ
ခွင့်ပြု့သူငယ်ချင်း
တလှမ်းချင်းလှမ်းရွေ့ တဖြည်းဖြည်းတက်ခဲ့
အရှေ့မှာ မျှော်လင့်ခြင်း
တိုးရင်းတွန်းရွေ့ အသက်ဆက် ယုံကြည်ခြင်း
မမြဲသောလက်နဲ့ ချို့တဲ့ငါ့ဘ၀ ရှိပါစေသူငယ်ချင်း
ငါသည် မြတ်သောအကျင့်ကို ကျင့်ရွေ့ မြေမှာရပ်ရွေ့ နေ၏
နေမွန်းတည့် တနေ့ရဲ့ ကျွမ်းလု အလင်းရောင်တွေ လွှမ်းမိုးတလက်လက်
အနောက်တောင်လေပြေ ဖြေးညှင်းတိုက်ခတ် ကံကို အားထားရှေ့ဆက်
ငါ့ကုသိုလ်ဟာ နည်း နည်း လွန်းလှ
တကိုယ်စာ ၀မ်းရေးအတွက် လမ်းရဲ့အလယ်မှာ လမ်းလျှောက်နေတုန်း
ညလဲ မိုးချုပ်လု တနေ့ရဲ့အဆုံးသတ်
ငါ့ရင်မှာ စိတ်က တထင့်ထင့် နားခိုရာကို တွေး စဉ်းစားရင်း
အလိမ္မာသားလေး အခုတော အမိနောက်ကွယ်မှာ အမှားကြီးမှားခဲ့
ကိုယ်ကိုယ်အားကိုး အဆိုးရဲ့သံသရာ အမိုက်ရဲ့ ကံကြမ္မာ ဘ၀က တိုက်ပွဲ
မြှားမိုးနှင်းအောက် ဒူးထောက် ခေါင်းငုံ ငြင်းပယ် ၀န်ခံခြင်း
သွေးစွန်းလက်နဲ့ ရဲရင့်အောင်နိုင်မင်း
ငြိမ်းအေးခြင်း မှာ မေးစက်ငါ့ဘ၀ ကုသိုလ်ခေါ်သူငယ်ချင်း
ငါသည် မြတ်သောအကျင့်ကို ကျင့်ရွေ နေရာအနှံတွင် နေ၏
(အချို့စားသားတွေ နည်းနည်းမှားနိုင်ပါတယ်)

Thursday, March 10, 2011
အမှတ်တရများ
ကိုနေ၀င်း အသက်(60)ပြည့် show ပွဲလေးကို နားထောင်ဖြစ်တယ်။
သီချင်းတွေနဲ့ ဝေးနေတာကြာပါပြီ။
သီချင်းတွေက လူ့စိတ်ကို ခံစားမှု ပေးတာ သေချာတာပေါ့။
ကျွန်မ တက္ကသိုလ်အဆောင်မှာ နေတုန်းက သူငယ်ချင်းတစ်ယောက်ကပြောတယ်
နင်ညည်းတဲ့သီချင်းကို နားထောင်ရင် နင်ဘာခံစားရတယ်ဆိုတာ သိတယ်တဲ့။
ဟုတ်မှာပါ။
အမှတ်အရဆုံးသီချင်းကတော့
စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုတဲ့
ကိုယ်လေ ကံမလိုက် တဖက်သတ်ဘ၀ တိုက်ပွဲတောင် အရှုံးကနေ သားရေဖြစ်အောင်
ကျိတ်ရင်ဆိုင်လာတာဘဲ.............ဆိုပြီး
အားတင်းပြီး တက်လာခဲ့ရတဲ့ ဘ၀လေ
သီချင်းတွေက ကျွန်မငယ်ဘ၀မှာ တော်တော်လေး အရေးပါခဲ့တယ်။
စာအုပ်၊သီချင်းနဲ့ ဘာသာတရားသာမရှိခဲ့ရင် ခုလောက်ဆို
သေတာရယ်
လမ်းဘေးရောက်တာရယ် နှစ်ခုထဲက တစ်ခုပေါ့
ကျွန်မတို့ငယ်ငယ်က အိမ်မှာ ရေဒီယို တစ်လုံးရှိတယ်။
အမေက သီချင်းကြိုက်တယ် အလုပ်တွေလုပ်ရင်း အမြဲသီချင်းညည်းနေတတ်တယ်
ဒေါသဖြစ်တဲ့အချိန်ကလွဲရင်ပေါ့။
ဒေါသဖြစ်ပြီး မောတဲ့အချိန်ဆိုရင်တော့ ကျွန်မတို့ညီအစ်မကို မြည်တွန်တောက်တီးနေတာပေါ့။
ကျွန်မတို့အမေမှာ သီချင်းစာအုပ်ရှိတယ် ကိုအံကြီးတို့ ကိုတင်လှိုင်တို့ မာမာအေးတို့ပေါ့။
ကျွန်မတို့ညီအစ်မ နွေရာသီမှာ ပျင်းရင် သီချင်းဖတ်ကြတယ်။
သီချင်းကို နားမထောင်ဘူးတော့ အလိုက်ကိုမသိဘူးလေ။
အဲတော့ ဖတ်ကြတယ် ခေါ်မှာပေါ့ အသံထွက်ပြီး။
စာသားတွေက အကုန်ရနေပြီး ရေဒီယိုကလာတဲ့အချိန်မှာ အလိုက်ကို နားထောင်ရတယ်။
အဲလိုကျိုးစားကြပေမဲ့ ရပ်ကွက်အဆိုတော်တောင် မဖြစ်ခဲ့ပါဘူး။
ပထမဦးဆုံး တိတ်ခွေနဲ့ သီချင်းဖွင့်လို့ရတဲ့ ကက်ဆက်ကလေး တခု အိမ်ကိုရောက်လာတယ်။
ကျွန်မ (8)တန်းနှစ်လောက်မှာပေါ့။ ကက်ဆက်လို့သာပြောတာပါ အခုစဉ်းစားကြည့်လိုက်တော့
အသံထွက်တယ်ဆိုရုံကလေးပါ။
အဲဒီကက်ဆက်ကလေးထဲကိုဘဲ တိတ်ခွေတွေပြန်ပြန်ရစ်ပြီး မရမချင်း နားထောင်ခဲ့ကြတယ်။
အဲဒီခေတ်က ခိုင်ထူးတို့ ကိုင်ဇာတို့ စိုးလွင်လွင်တို့ စိုင်းထီးဆိုင်တို့ပေါ့
အများအားဖြင့် ခိုင်ထူးသီချင်းတွေပါ။
အဲဒီတုန်းက ၀င်ငွေရှိလာရင် သီချင်းနားထောင်ဘို့ စက်ကောင်းကောင်းတစ်ခုတော့
အရင်ဆုံး ၀ယ်မယ်ဆုံးဖြတ်ထားတာ
ပထမဆုံး ၀င်ငွေရလာတော့ စက်ဘီးမ၀ယ်နိုင်ခင်မှာ SANYO ကက်ဆက်အသစ်ကလေး တလုံး
ဝယ်ဖြစ်ခဲ့တယ်။
အဲဒါလေးကို ခေါင်းအုံးဘေးထားအိပ်တာပေါ့
2နှစ်လောက်ကြာတော့ NATIONAL တွေ ကောင်းတယ်ပြောတာနဲ့ လဲခဲ့တယ်
အဲဒီကက်ဆက်ကလေးနဲ့ ပြည်မှာ 5နှစ်ကြာခဲ့တယ်။
ရန်ကုန်ရောက်လာတော့ ညီမလုပ်တဲ့လူက SONY ကက်ဆက်ကလေး စွန့်တယ်။
သူ့အိမ်မှာ TV တွေဘာတွေရှိလာတော့ ပိုနေလို့တဲ့။
ကျွန်မ NATIONAL လေးကို အမေ့အိမ်ပြန်ပို့ပေါ့။
အဲဒီ SONY လေးနဲ့ ခါးသက်တဲ့ ဇော်ဝင်းထွဋ်တွေ ကြိုက်ခဲ့တယ်။
ရောဂါတွေနှိပ်စက်တာခံနေရချိန်မှာတော့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရား
စိတ်ဓါက်တွေ တအားကျနေချိန်မှာ ဦးဇောတိကခွေတွေနဲ့ SONY ကက်ဆက်ကလေးနဲ့ပေါ့။
နောက်ဆုံးတော့လဲ SONY လေးကို ထားခဲ့ပြီး အဝေးကိုထွက်ခဲ့ရပေါ့။
တက္ကသိုလ်အဆောင်နေတော့ စိုင်းထီးဆိုင် သီချင်းပေါင်းချုပ်စာအုပ် ၀ယ်ထားပြီး
ကျွန်မထက်တတန်းငယ်တဲ့ မာမာလွင် ထားဝယ်သူနဲ့ ပေါင်းပြီး
ညနေခင်း သူများတွေ အတွဲကိုယ်စီနဲ့လမ်းလျှောက်ထွက်ချိန်မှာ လမ်းဘေးထိုင်ပြီး
သံပြိုင်ဖတ်တာပေါ့။
စစ်ကိုင်းလမ်းသီချင်း ကို စစ်ကိုင်းလမ်းမှာ သွားဆိုရအောင်လို့ ခေါ်တဲ့ မသီတဂူဇေယျ ကိုလဲ သတိရတယ်။
ကျွန်မတို့သူငယ်ချင်းတွေ 1985ခုနှစ်လောက်က RC(2) နောက်ဘက်က သမိုင်းဝန်း CANTEEN
မှာထိုင်တုန်း
ဆိုင်က ခိုင်ထူးသီချင်းဖွင့်တယ်။
ကျွန်မကလဲ မနေနိုင်မထိုင်နိုင် မရည်မွန် အဲဒါ ငါအဆောင်မှာ
ဆိုဆိုနေတဲ့သီချင်းလေ လို့ ပြောမိတယ်။
ရိုးလွန်းတဲ့ မုံရွာသူက ဘာပြန်ပြောတယ်ထင်သလဲ
အံသြတကြီးနဲ့ နင်ဆိုတာနဲ့လဲ မတူဘူးတဲ့
ကောင်းရော
နောက်မှ ကျွန်မမျက်နှာငယ်သွားတယ်ထင်ပါတယ်
ငါက နင်ဆိုတာ အမြဲနားထောင်နေကျမို့ သူ့အသံနားထဲမ၀င်ဘူးဆိုဘဲ
အဲဒီမှတ်ချက်ကြောင့်ဘဲ ကျွန်မဘယ်တော့မှ လူတွေရှေ့သီချင်းမဆိုဖြစ်တော့ပါဘူး။
ဒါပေမဲ့ သီချင်းတွေကတော့ ဘ၀မှာ အမြဲတမ်းအားတင်းဖော်ပါ။

Monday, January 31, 2011
ရှိခြင်း..............မရှိခြင်း
ကျွန်မနဲ့ နှစ်ပေါင်းများစွာ ခင်မင်ခဲ့ရတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။
သူ့မွေးနေ့အတွက် သူငယ်ချင်းတွေကို ကျွေးချင်တယ်
လာစားတဲ့လူတွေက မွေးနေ့လို့ပြောရင် လက်ဆောင်ပေးမှာကို စိုးရိမ်လို့
သူငယ်ချင်းတွေကို ရာထူးတိုးလို့ကျွေးတာဆိုပြီးဖိတ်တယ်။
စားသောက်ပြီးတော့ သူငယ်ချင်းတွေက မေးတယ် အခုဘာရာထူးဖြစ်သွားပြီလဲဆိုတော့
တပ်ကြပ်ကြီး တဲ့ (3)ရစ်လေတဲ့
အသက်နည်းနည်းကြီးလာတဲ့ မိန်းမတွေ အများအားဖြင့် ၀လာတဲ့နေရာ (3)ခုရှိတယ်လေ
ဝလာတော့ အရစ်တွေ ထွက်လာတာပေါ့ မေးစိအောက်တရစ် အလယ်ပိုင်းတရစ်နဲ့
ဝမ်းဗိုက်ပိုင်းတရစ် (3)ရစ်လေ အဲတော့ တပ်ကြပ်ကြီးပေါ့လို့..........ရီမောပြီး ဖြေသွားတယ်။
စားရတဲ့လူတွေလဲ ပျော်ပြီး ပြန်တာပေါ့။
အဲဒီတပ်ကြပ်ကြီးနဲ့ကျွန်မ အစိုးရလခစားဘ၀မှာ ချွေတာသုံးခဲ့ကြဘူးတယ်။
နွေရာသီ ဒိန်ချဉ်လေးတစ်ခွက်သောက်ရဘို့ကို နာရီဝက်လောက် စက်ဘီးနင်းပြီး
နှစ်ယောက်သွားသောက်ခဲ့ဘူးတယ်။
အဲဒီတုန်းက အသက်(30)အောက်ပါ။
ဒါပေမဲ့ ညဘက် (10)တန်းကျူရှင်တွေရှေ့က မီးမှောင်မှောင်မှာ စက်ဘီးနင်းလာတော့
ချာတိတ်တွေ နောက်က လိုက်လာပြီး မီးတိုင်အောက်ရောက်မှ အန်တီကြီးတွေဟ ဆိုပြီး
ကောင်လေးတွေပြန်လှည့်သွားတာကို နှစ်ယောက်ရီကြရတာ
အမြဲတမ်းဘိုင်ကျနေတဲနှစ်ယောက် မြို့ထဲက စတိုးဆိုင်တွေကို လိုက်ငေးခဲ့ဘူးတယ်။
သူသိပ်ကြိုက်ပုံရတဲ့ ပိုတ်ဆံအိတ်ကလေးကို သွားသွားကြည့်နေတာကြာတော့
ကျွန်မက ၀ယ်ချင်လဲ ၀ယ်လိုက်ဟာလို့ တိုက်တွန်းခဲ့ဘူးတယ်။
အေး......၀ယ်တော့ ၀ယ်ချင်ပါတယ် ဒါပေမဲ့ အဲဒီပိုတ်ဆံအိတ် ၀ယ်လိုက်ရင်
ပိုတ်ဆံအိတ်ထဲ ထည့်စရာပိုတ်ဆံ မကျန်တော့ဘူးတဲ့။
ကျွန်မတို့နှစ်ယောက် ည(10)မှ ထွက်တဲ့ ပြည်--ရန်ကုန်ရထားကို ပထမတန်းကစီးကြတယ်။
နှစ်ယောက်ခုံတစ်ခုံဝယ်တာမို့ သူက အောက်ကြမ်းခင်းဆင်းအိပ်ပြီး
ကျွန်မကို ခုံပေါ်အိပ်စေခဲ့တယ်။
ပြည်ဘူတာက ထွက်ကတည်းက သတင်းစာလေးနည်းနည်းခင်းပြီး
မြင်းစီးသလိုရမ်းခါနေတဲ့ ရထား ခုံအောက်ကို ဆင်းသွားတာ
ကျွန်မကတော့ ခုံပေါ်မှာ အိပ်ခွင့်ရပေမဲ့ အိပ်မပျော်လို့စာဖတ်နေရတယ်။
သူကတော့ ရထားကြမ်းခင်းမှာ အိပ်မောတွေကျလို့
အင်းစိန်ရောက်လို့ မိုးလင်းမှ နိုးယူရတယ်။
တခါတလေ သိပ်အိပ်တာဘဲလို့ ပြောရင်
အိပ်မပျော်တဲ့လူတွေ စားမ၀င်တဲ့လူတွေရှိရင်ပြောပါတဲ့
အအိပ်အစား အငှားလိုက်မလို့ ဆိုဘဲ
အခုတော့ ဘ၀တွေ အမျိုးမျိုး ရုန်းကန်ခဲ့ကြတယ်။ ကျော်ဖြတ်ခဲ့ကြတယ်။
သုံးစရာငွေနည်းနည်းစီရှိလာကြတယ်။
ဒါပေမဲ့ တွေ့ဘို့ စားဘို့ အချိန်တွေ မရှိဘူးဖြစ်လာကြတယ်။
တစ်ယောက်တစ်နိုင်ငံစီမို့.........စိတ်ကူးတွေနဲ့ဘဲ
...................................

Tuesday, January 25, 2011
မိတ်ဆွေများအားလုံးကိုသိစေချင်ပြီး သက်ဆိုင်သူအားလုံးကိုမေးချင်ပါသည်။

(ကျွန်မ မိတ်ဆွေတစ်ယောက်ရဲ့ အဖြစ်ကလေးပါ။)
ရန်ကုန်မြိှု့ဗဟန်းမြို့နယ်မှာရှိတဲ့
နာမည်ကြီးအထူးကုဆေးရုံကြီးတစ်ခုရဲ့ တာဝန်ရှိသူများနဲ့
ဒီဆေးရုံမှာလူနာတွေကိုရောဂါကုသပေးနေတဲ့
သမားတော်ကြီးများကို ကိုယ်တိုင်ကိုယ်ကျလိုက်တွေ့ပြီမေးရမှာ
အဆင်မပြေတဲ့အတွက်ကျွန်မ သိချင်လွန်းတဲ့ အချက်တွေကိုဒီကနေဘဲမေးလိုက်ရတာပါ။
ဒီဆေးရုံရဲ့တာဝန်ရှိသူများနဲ့ အထူးကုသမားတော်ကြီးများ မိမိတို့
အသက်သခင်ကျေးဇူးရှင်ဆိုပြီး ယုံကြည်အားကိုစွာနဲ့ ကိုယ့်အသက်ကိုနဲ့
ခန္ဓာကိုယ်ကိုအပ်ထားတဲ့လူနာနဲ့ လူနာရှင်တွေအပေါ် ဘယ်လိုများသတ်မှတ်ပြီး
ဘယ်လိုများသဘောထားပါသလဲ?
ကျွန်မဘာလို့ ဒီမေးခွန်းကိုမေးရသလဲဆိုရင် ကျွန်မအမျိုးသားဟာ
သူယုံကြည်အားကိုးစွာနဲ့ သူ့အသက်ကို အပ်နှံထားတဲ့ အဆစ်အမြစ်သမားတော်၊
ရင်ခေါင်းပိုင်းဆိုင်ရာ သူ့အဆုတ်ကို ကုသပေးနေတဲ့ အမျိုးသမီးသမားတော် ၊
သွေးရောဂါကုသမားတော်ကြီးနဲ့ နောက်ဆုံးအပ်လိုက်ရတဲ့
နှလုံးအထူးကုသမားတော်ကြီးလေးယောက်စလုံးရဲ့ ဥပက္ခာပြု
လစ်လျူရှုခြင်းကိုခံရပြီး (၂၉.၁၁.၂၀၁၀) တနလာင်္နေ့ ညနေ(၄:၃၀) မှာ
အဲ့ဒီဆေးရုံရဲ့ (ICU) ဆိုတဲ့အထူးကြပ်မတ်ဆောင်မှာဘဲ အသက်ပျောက်ခဲ့ရပါတယ် ။
ကျွန်မအမျိုးသားဆုံးတာ ဒီနေ့ဆိုရင် တစ်လကျော်
ရှိသွားပေမဲ့ သူဆုံးခါနီး နိုဝင်ဘာလ (၂၈) ရက်နဲ့ (၂၉)ရက်နေ့တွေမှာ
ဒီဆေးရုံပေါ်မှာ ကျွန်မတို့ခါးသီးစွာတွေ့ကြုံခံစားခဲ့ရတဲ့ အခြေအနေနဲ့
အဖြစ်အပျက်တွေကိုဘယ်လိုမှဖြေဖြောက်မရနိုင်သေးဘူးဆိုတာ
သက်ဆိုင်သူအားလုံးကိုသိစေချင်ပါတယ်။
ကျွန်မရူးမတတ် သိချင်နေတဲ့အချက်က ကျွန်မအမျိုးသားဟာ
ဘာကြောင့်ဒီလောက်အချိန်တိုတို အတွင်းမှာ
လူ့လောကကြီးကနေထွက်ခွာသွားခဲ့တာလဲဆိုတာ သူမဆုံးခင်အချိန်ကလေးအတွင်းမှာ
သူ့ကို ကုသပေးနေကြတဲ့ သမားတော်ကြီးတွေထဲက
တစ်ယောက်လောက်လဲဖြစ်ဖြစ်ရောက်လာခဲ့ပြီး သူဟာဘာကြောင့်
ကုလို့မရနိုင်တော့ဘူးဆိုတာကို ပြောပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့
အနေနဲ့
နည်းနည်းလေးတော့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
အခုကျွန်မအမျိုးသားဆုံးခါနီးမှာ ဆေးရုံပြန်တတ်ရတာ ဒုတိယအကြိမ်ပါ ၊
ပထမအကြိမ်က အောက်တိုဘာလ (၂၃) ရက်ကနေ နိုဝင်ဘာလ
(၁၁) ရက်နေ့ထ ရက်နှစ်ဆယ်တိတိကြာခဲ့ပါတယ် ၊ ဒီအတွင်းမှာ
သူ့တို့ကုသပေးနေတဲ့သမားတော်ကြီးသုံးယောက်ပါ ၊အဆစ်အမြစ်သမားတော်
ရင်ခေါင်းပိုင်းဆိုင်ရာ အမျိုးသမီးသမားတော်နဲ့
သွေးအထူးကုသမားတော်ကြီးတွေပါ ၊ ကျွန်မ
အမျိုးသားမှာသွေးလေးဘက်နာရောဂါရှိတဲ့အတွက်
အဆစ်အမြစ်သမားတော်နဲ့ ကုသနေတာတစ်နှစ်လောက်ရှိခဲ့ပါပြီ။ အခုဆေးရုံတတ်ရမဲ့
အခြေအနေကြောင့် သူနဲ့သွားပြတဲ့အချိန်ကစပြီး ကျွန်မတို့
လူနာရှင်တွေဘက်ကကိုယ်တင်ချင်တဲ့ ဆေးရုံကအစ ကိုယ်ကုချင်တဲ့သမားတော်အထိ
ဘာတစ်ခုမှရွေးချယ်ပိုင်ခွင့်မရခဲ့ပါဘူး။ဒီဆေးရုံမှာ
မတင်ချင်လို့တခြားဆေးရုံမှာ တင်ဖို့ပြောပေမဲ့ အဆစ်အမြစ်သမားတော်က
လက်မခံလို့ သူတို့တင်ခိုင်းတဲ့ဆေးရုံမှာဘဲတင်ခဲ့ရပြီး
သူတို့ဆေးရုံမှာရှိတဲ့ သူတို့အချင်းချင်း ချိတ်ပေးတဲ့သမားတော်တွေနဲ့သာ
ကုခဲ့ရတာပါ ၊ ကျွန်မတို့မှာ ကိုယ့်လူနာဘာဖြစ်မှန်း မသိရဘဲ
အဆုတ်သမားတောနဲ့ သွေးသမားတော်တို့ရောက်လာမှ အဆုတ်နဲ့သွေးထဲမှာ
ပြဿနာရှိမှန်းသိရပါတယ်။ ဒါပေမဲ့ လူနာနဲ့ ကျွန်မတို့
လူနာရှင်တွေဆိုပြီ အရမ်းကိုယုံကြည်အားကိုးခဲ့ပါတယ် ၊ ဒီလိုနဲ့ဆေးရုံမှာ
ရက်နှစ်ဆယ်ကြာပြီ နိုဝင်ဘာလ (၁၁) ရက်နေ့မှာ
ဆရာဝန်သုံးယောက်စလုံးက လူနာသက်အန္တာရယ် မရှိတော့လို့ ဆေးရုံက
ဆင်းခွင့်ပြုလိုက်တာကို ယုံကြည်မိပြီးလူနာကို အိမ်ပြန်ခေါ်ခဲ့မိတာ
ကျွန်မတို့ရဲ့ အမှားလားလို့ဖြေမရနိုင်အောင် နောင်တရနေခဲ့ပါတယ် ။
ဒီအဖြစ်မျိုးကြုံရမှာစိုးလို့ လူနာကိုဆေးရုံက မဆင်းစေချင်သေးလို့
လူနာရဲ့ အဆုတ်ထဲမှာ တီဘီဖြစ်နေလို့တီဘီဆေးကိုခြောက်လသောက်ရမယ်ဆိုပြီ
ကုသပေးနေတဲ့ ရင်ခေါင်းသမားတော်ထံကို
ကျွန်မကိုယ်တိုင်ဖုန်းဆက်ပြီ လူနာကိုဆေးရုံမှာ
ပိုစိတ်ချရတဲ့အချိန်ထိထားချင်လို့ လူနာဆေးရုံက
မဆင်းနိုင်အောင်ပြောပေးဖို့
တောင်းတောင်းပန်ပန်ပြောခဲ့တဲ့ လူနာရှင်ကျွန်မရဲ့ စကားကို
လုံးဝလစ်လျူရှုပြီး လူနာကိုဆေးရုံက ဆင်းစေခဲ့ပါတယ်။
ရှေ့ရက်က ပြောခဲ့တဲ့ သမားတော်သုံးယောက်စလုံးရဲ့
အသက်အန္တာရယ်မစိုးရိမ်းရတော့ဘူးဆိုတဲ့ စကားတာမှန်ခဲ့ရင်
လူနာဟာဆေးရု့ပေါ်မှာ
ဒီထက်ပိုပြီးစိတ်ချရတဲ့ အခြေအနေထိနေခဲ့ရမယ်ဆိုရင် အခုလောက်ထိမြန်မြန်
ကျွန်မတို့ကို စွန့်ခွာသွားရမှာ မဟုတ်ဘူးလို့တွေးမိပြီး
ကျွန်မတမြေ့မြေ့နဲ့ခံစားနေရတာဟာ ဘယ်သူကြောင့်ပါလဲ ?
ဆေးရုံကဆင်းပြီဆယ့်ခုနှစ်ရက်ကြာတဲ့အထိ ကြားထဲမှာ အဆုတ်ရဲ့ အခြေအနေကို
တခါမှပြန်မစစ်ဆေးတာဟာ လူနာရဲ့ရောဂါအခြေအနေက သိပ်ကိုစိတ်ချရတဲ့
အနေအထားမှာရှိနေပြီလို့သတ်မှတ်ထားလို့လား ?
ဒါမှမဟုတ်ကိုယ့်ရဲ့ ကုသချက်ဟာအရမ်းမှန်ကန်နေလို့ ကိုယ့်ကိုယ်ကို
ယုံကြည်မှုလွန်ကဲထားတာလား ? လူနာဟာတီဘီရောဂါအမှန်တကယ်
မဟုတ်ဘဲ တီဘီဆေးကိုသောက်နေရလို့
အခုလောက်မြန်မြန်အခြေအနေဆိုးရွားသွားတာလား? တီဘီပိုးမတွေ့ပေမဲ့
ရွေးစရာလမ်းမရှိလို့
တီဘီဆေးကိုဘဲသောက်ရမယ်လို့ပြောသွားတဲ့ ဒီသမားတော်ရဲ့
စကားကိုကျွန်မအခုထိကြားယောင်နေတုန်းပါဘဲ။
ဒါကြောင့်မို့လူနာကို ဒုတိယအကြိမ်
သူမကိုယ်တိုင်ဆေးရုံပြန်တတ်ခိုင်းခဲ့ပေးမဲ့ လူနာအသက်
ထွက်သွားတဲ့အချိန်ထိတချက်မှ လှည့်မကြည့်ဘဲ
ပစ်ထားခဲ့တာဟာ ဘာကြောင့်ပါလဲ? ဘယ်သူမှာတာဝန် အရှိဆုံးလဲဆိုတာ
သူမကိုယ်တိုင်လဲသိနေမှာပါ ။ကျွန်မရဲ့ မေးခွန်းကိုဖြေဖို့သက်ဆိုင်ရာ
သမားတော်မှာ အဖြေတစ်ခုခုတော့ရှိနေလိမ့်မယ်လို့ထင်ပါတယ် ။
ဆေးရုံကဆင်းပြီ တစ်ပတ်အကြာ (၁၈.၁၁.၂၀၁၀)နေ့မှာ
အဆစ်အမြစ်သမားတော်နဲ့ သွေးသမားတော်တို့ချိန်းထားတဲ့
အတွက်သွားပြန်ပြခဲ့ပါတယ် ၊အဲ့ဒီအချိန်ထိ သမားတော် နှစ်ယောက်စလုံးက
လူနာမှာစိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့လုံးဝမပြောခဲ့ပါဘူး။
လူနာကလဲအိမ်မှာစိုးရိမ်းရလောက်အောင် ထူးခြားတဲ့ လက္ခဏာမပြတော့
ကျွန်မတို့လဲ သိပ်မစိုးရိမ်ခဲ့ပါဘူး ၊ ဒီလိုဆရာဝန်တွေကိုဘဲ
ယုံကြည်ထားမိတာဟာလဲ ကျွန်မတို့ရဲ့အမှားလားလို့
တွေးပြီးဖြေမရနိုင်အောင်ခံစားနေရပါတယ်။
ကျွန်မအခုနောက်ဆုံးပြောပြချင်တာကတော့ လူနာဆေးရုံကဆင်းပြီး (၁၇)
ရက်အကြာမှ အဆုတ်သမားတော်ကပြန်ပြဖို့ချိန်းတဲ့
နိုဝင်ဘာလ (၂၈) ရက် နေ့လည် (၁:၃၀) ကနေ လူနာဆုံးတဲ့ နိုဝင်ဘာ (၂၉) ရက်ညနေ့
(၄:၃၀) အချိန်ထိခါးသီးစွာကြုံတွေ့ခဲ့ရတဲ့
အဖြစ်အပျက်တွေပါဘဲ ၊ (၂၈) ရက် နေ့လည် (၁:၃၀) ဆေးရုံရောက်မှ လူနာရဲ့
အဆုတ်ကို ဓာတ်မှန်ပြန်ရိုက်ပြီး အဆုတ်သမားတော်ကို
ပြတော့မှ အဆုတ်ရဲ့အခြေအနေကအရမ်းစိုးရိမ်ရလို့ ဆေးရုံပြန်တင်ခိုင်ပါတယ်။
နှလုံးအခြေအနေလဲမကောင်းလို့ဆိုပြီး နှလုံးအထူးကုသမားတော်ကို
လာကြည့်ခိုင်းခဲ့ပါတယ် ၊ အဲ့ဒီအချိန်ဟာ ကျွန်မတို့
အရေးပေါ်ခန်းမှာဘဲရှိနေသေးတာပါ ၊ ညနေ (၅:၀၀) လောက်မှ
လေးထပ်မှာအထူးခန်းရလို့
လူနာကို အခန်းထဲ ရွှေ့ပေးခဲ့ပါတယ် ၊ဒီအခန်းမှာ လူနာဟာ (၁၈:၀၀)
နာရီလောက်နေခဲ့ရပေမဲ့ နှလုံးသမားတော် အပါအ၀င်ကျွန်မတို့ လူနာကို
ကုပေးဖို့ယုံကြည် အားကိုးစွာ အပ်နှံထားတဲ့ သမားတော်လေးယောက်စလုံး
အရိပ်တောင်မတွေ့ခဲ့ရပါဘူး။ On Call ခေါ်ပေးခိုင်းလဲ တစ်ယောက်မှ
ရောက်မလာကြပါဘူး၊ လူနာဟာ တညလုံးမျက်လုံးကြောင်တောင်နဲ့ မလှုပ်မယှက်
ငြိမ်နေတာကို ဘာဖြစ်လို့ဒီလို ဖြစ်နေတာလဲလို့ လာကြည့်တဲ့
(MO)တွေကိုမေးကြည့်တော့ အဆုတ်ဝေဒနာ
ရှင်တွေဟာဒီလိုဘဲဖြစ်တတ်တယ်လို့ပြောပါတယ်၊
ကျွန်မတို့ကလဲဒီလိုမျိုးတစ်ခါမှမကြုံဘူးတော့
သူတို့ပြောတာကိုဘဲယုံကြည်နေခဲ့မိပါတယ် ၊ နောက်ဒီဆေးရုံကတော်တယ်လို့
သတ်မှတ်ထားပြီးခေါ်ပေးတဲ့ အသက်ခြောက်ဆယ်ရှိ မှော်ဘီမှာ
နေတဲ့အမျိုးသားသူနာပြုက မနက် (၅:၀၀) မှာထပြီး လူနာကို အတင်းထထိုင်ခိုင်း
ရေပတ်အတင်းတိုက်ပေး လူနာကိုအတင်လှုပ်ခိုင်းပါတယ်။
ကျွန်မတို့လူနာရှင်က တားတာလဲမရပါဘူး ၊ ဒီအချိန်မှာ
လူနာကစကားတောင်ကောင်းကောင်းမပြောနိုင်တော့တဲ့အခြေအနေပါ ၊
ဒီအခြေအနေကို တစ်ညလုံးတွေ့မြင်နေရက်နဲ့ သူနာပြုတစ်ယောက်လုပ်နေပြီး
ပြင်းထန်စွာ ဝေဒနာခံစားနေရတဲ့ လူနာတစ်ယောက်ကို
ဒီလိုပုံမျိုးလုပ်သင့်ပါရဲ့လား ? ဒီဆေးရုံရဲ့
တာဝန်ရှိသူတွေဆုံးဖြတ်ပေးကြပါ ၊ လူနာဟာ ဆေးရုံရောက်ပြီနောက်နေ့ နိုဝင်ဘာလ
(၂၉) ရက်
မနက် (၁၁:၀၀) နာရီ အရောက်မှာ လူနာရဲ့အရမ်းစိုးရိမ်ရတဲ့အခြေအနေကြောင့်
ဘယ်သမားတော်ကိုမှ အားကိုးမျှော်လင့်လို့မရနိုင်တော့ဘူး
ဆိုတာသိလိုက်ရတဲ့အတွက် ဒီဆေးရုံရဲ့ (ICU)လို့ခေါ်တဲ့ အထူးကြပ်မတ်ဆောင်ကို
ပို့ပြီအဲ့ဒီမှာရှိတဲ့ တာဝန်ကျဆရာဝန်ရဲ့ လက်ထဲကိုဘဲ
ကိုယ့်လူနာကိုအပ်လိုက်ရပါတယ် ၊ (ICU) ရောက်မှ အဲဒီက ဆရာဝန်တွေပြောလို့
ကိုယ့်လူနာဟာတစ်ညလုံးမျက်လုံးကြောင်တောင်ဖြစ်နေတာဟာ
သတိလစ်နေမှန်းသိလိုက်ရတာပါ ၊ လူနာဟာတစ်ညလုံးသတိလစ်လိုက် ပြန်လည်လာလိုက်
ဖြစ်နေတာပါ ၊ ဒီလိုအခြေအနေမျိုးကို
ခြောက်နှစ်လုံးလုံးဆေးပညာတွေသင်ယူခဲ့တဲ့ဆရာဝန်တွေ တကယ်ဘဲမသိတာလား ?
ကျွန်မတို့ လူနာရှင်ကိုဘာဖြစ်လို့ အမှန်တိုင်းမပြောပေးနိုင်တာလဲ?
(ICU) ရောက်တော့ လူနာကိုတပ်ပေးထားတဲ့စက်တစ်လုံးကမမှန်ဘူးတဲ့ ပျက်နေတာတဲ့၊
ဒါသူတို့ဆရာဝန်အချင်းချင်းပြောလို့ ကျွန်မတို့ ကြားပြီ
တော်တော်ကိုတုန်လှုပ်သွားမိပါတယ် ။(ICU)ဆိုတာ လူနာတွေအရမ်းစိုးရိမ်ရတဲ့
အခြေအနေမျိုးမှာ ပိုက်ဆံအများကြီးပေးမှထားရတဲ့နေရာပါ ။
ဒီလိုနေရာမှာ ဒီလိုအဖြစ်မျိုးဖြစ်သင့်ပါရဲ့လား ? လူနာဟာ (ICU) ရောက်ပြီး
ငါးနာရီကျော်ကြားမှ အသက်ထွက်သွားတာပါ။
အဲဒီ အချိန်ထိဘယ်သမားတော်တစ်ယောက်မှ ရောက်မလာခဲ့ပါဘူး ၊
ဘာဖြစ်လို့မလာကြတာလဲ ? လူနာဟာကလို့မရနိုင်တော့ဘူးဆိုတာကို
ကြိုသိနေခဲ့ရင်တောင် လူနာရှင်တွေကို တစ်ချက်လောက်တော့ မျက်နှာပြပြီး
နှစ်သိမ့်ပေးသင့်တယ်လို့ထင်ပါတယ် ။ ရိုင်းရိုင်းပြောရရင်
ကျွန်မတို့က သမားတော်တွေကိုအခမဲ့ ကုခိုင်တာတောင်မဟုတ်ပါဘူး ၊ သက်ဆိုင်ရာ
ဆေးရုံနဲ့သမားတော်တွေ တောင်းသလောက်ပေးပြီး
အားကိုးတကြီးနဲ့ကိုယ့်လူနာကို အပ်ခဲ့တာပါ။
ဘာဖြစ်လို့များလူနာနဲ့လူနာရှင်တွေကို ဒီလောက်ထိမထေမဲ့မြင်ပြုပြီ
လစ်လျူရှုထားခဲ့ကြတာလဲ?
လူနာဟာ ကုမရနိုင်တော့တဲ့အခြေအနေဖြစ်နေရင်တောင် ကျွန်မတို့ လူနာရှင်ကို
ပွင့်ပွင့်လင်းလင်း ပြောပြသင့်တာပေါ့ ။ အခု သမားတော်တွေရဲ့
လုပ်ရပ်ဟာ ကိုယ်ကုသပေးနေတဲ့ လူနာတစ်ယောက်ကို ပစ်ထားခဲ့တာ
သိပ်ရက်စက်ရာကျနေတယ်လို့များ မတွေးမိဘူးလား? ကျွန်မအခု
ဒီကနေမေးနေတာကို သက်ဆိုင်ရာ ဆေးရုံက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ
သမားတော်တွေသိကြမှာပါ ၊ ကျွန်မဒီကနေတင်ပြတာတွေက
ပုဂ္ဂိုလ်ရေးအရ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒမရှိပါဘူး ၊ လူနာရှင်တွေရဲ့ခံစားချက်ကို
သက်ဆိုင်သူတွေ သိစေချင်ရုံပါ။
ကျွန်မနောက်ဆုံးပြောချင်တာက သမားတော်ကြီးများအားလုံး မိမိတို့ကို
အားကိုးယုံကြည်ပြီး ကိုယ့်အသက်ကို အပ်ထားတဲ့လူနာတွေကို
အချိန်နည်းနည်းပေးပြီ ဂရုစိုက်အလေးထားပေးမယ်ဆိုရင် လူနာတွေကိုယ်စား
ကျွန်မသမားတော်ကြီးအားလုံးကို အမြဲကျေးဇူးတင်နေမိမှာပါ ။
ဒီနိုင်ငံမှာရှိတဲ့ အထူးကုဆေးရုံမှ တာဝန်ရှိသူများနဲ့
သမားတော်များလုံးလူနာ နဲ့ လူနာရှင်တွေအပေါ် ကိုယ်ချင်းစာစိတ်
ထားပေးနိုင်ကြပါစေ ။

Tuesday, January 18, 2011
မင်္ဂလာဆောင်
ခုတလော ရေပန်းစားနေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ကို MRTV-4 မှာ ကြည့်ဖြစ်သွားတယ်။
အပျိုလေးတွေတော့ မသိဘူး အရွယ်လွန်နေတဲ့ ကျွန်မတောင် မင်္ဂလာဆောင်ဆိုတာကို
ပြန်စိတ်ဝင်စားလာစေတယ်။
ပိုစိတ်ဝင်စားတဲ့အချက်ကတော့ အင်တာနက်မှာဖတ်လိုက်မိတာ
လက်ဝတ်ရတနာမှာ စိန်အလုံး(5000)လောက်ပါတယ်ဆိုတာဘဲ။
ရတနာဆိုင်တွေက ဆင်တာပါ။
ရတနာဆိုတာ မင်္ဂလာရှိတာမှန်ပါတယ်။
ဒါပေမဲ့ sedona မှာလုပ်တဲ့ပွဲမှာ အိန္ဒြာကျော်ဇင် ခန်းမထဲမ၀င်ခင်မှာ
အပြာရောင်ဝတ်တွေနဲ့ လုံခြုံရေးအစောင့်တွေကိုတွေ့လိုက်ရချိန်မှာတော့
သတို့သမီးကိုယ်စား စိတ်မသက်သာတော့ပါဘူး။
နောက်ပြီး ကောလဟာလသတင်းတစ်ခုက ပြေတီဦးက သိန်းကိုးထောင် ကြိုယူပြီး
မင်္ဂလာဆောင်လိုက်တယ်ဆိုတာပါဘဲ။
အော် သတို့သားလဲ အတော့်ကို ကျိုးစားရတာပါလား။
အင်း ... အားကျစိတ်တွေတော့ ပျောက်သွားပါတယ်။
ဒါပေမဲ့ နောက်ထပ် အားကျစရာတခုက ဖြစ်လာပြန်ပါတယ်။
ရုံးက မိတ်ဆွေတစ်ယောက်ရဲ့သမီး မင်္ဂလာဆောင် ဖိတ်ပါတယ်။
နေရာက ရန်ကုန်တက္ကသိုလ်ထဲက ဂျပ်ဆင်မှာပါတဲ့။
သူတို့တွေက ခရစ်ယာန်တွေမို့ပါ။
ဂျပ်ဆင်ထဲမှာ သူတို့ဘာသာအရ ကောင်းချီးတွေယူပြီး
ဂျပ်ဆင်လမ်းမဘေး မြက်ခင်းမှာ ခုံတွေချပြီး
ထောပတ်ထမင်းနဲ့ဧည့်ခံပါတယ်။
လူတွေက လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနဲ့
စားလိုက်ကြတာ
ခရစ်ယာန်တွေဆိုတော့ သူတို့တီးဝိုင်းနဲ့ ဆိုချင်တဲ့လူတွေ ဆိုနေကြတာ
မင်္ဂလာဆောင်ဆိုတာတောင် မေ့သွားပြီး
တက္ကသိုလ်နေတုန်းက ထမင်းစားပွဲတွေဆီကို စိတ်ပြန်ရောက်သွားစေပါတယ်။
အဲဒါတွေကို ချမ်းချမ်းက အသိပေးလိုက်ပါတယ်။
တကယ်ဆို အချစ်ဘဲ လိုတယ်တဲ့။
ဒါပေမဲ့ အသိနောက်ကျသွားပါပြီ။

Subscribe to:
Posts (Atom)