ကိုနေ၀င်း အသက်(60)ပြည့် show ပွဲလေးကို နားထောင်ဖြစ်တယ်။
သီချင်းတွေနဲ့ ဝေးနေတာကြာပါပြီ။
သီချင်းတွေက လူ့စိတ်ကို ခံစားမှု ပေးတာ သေချာတာပေါ့။
ကျွန်မ တက္ကသိုလ်အဆောင်မှာ နေတုန်းက သူငယ်ချင်းတစ်ယောက်ကပြောတယ်
နင်ညည်းတဲ့သီချင်းကို နားထောင်ရင် နင်ဘာခံစားရတယ်ဆိုတာ သိတယ်တဲ့။
ဟုတ်မှာပါ။
အမှတ်အရဆုံးသီချင်းကတော့
စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုတဲ့
ကိုယ်လေ ကံမလိုက် တဖက်သတ်ဘ၀ တိုက်ပွဲတောင် အရှုံးကနေ သားရေဖြစ်အောင်
ကျိတ်ရင်ဆိုင်လာတာဘဲ.............ဆိုပြီး
အားတင်းပြီး တက်လာခဲ့ရတဲ့ ဘ၀လေ
သီချင်းတွေက ကျွန်မငယ်ဘ၀မှာ တော်တော်လေး အရေးပါခဲ့တယ်။
စာအုပ်၊သီချင်းနဲ့ ဘာသာတရားသာမရှိခဲ့ရင် ခုလောက်ဆို
သေတာရယ်
လမ်းဘေးရောက်တာရယ် နှစ်ခုထဲက တစ်ခုပေါ့
ကျွန်မတို့ငယ်ငယ်က အိမ်မှာ ရေဒီယို တစ်လုံးရှိတယ်။
အမေက သီချင်းကြိုက်တယ် အလုပ်တွေလုပ်ရင်း အမြဲသီချင်းညည်းနေတတ်တယ်
ဒေါသဖြစ်တဲ့အချိန်ကလွဲရင်ပေါ့။
ဒေါသဖြစ်ပြီး မောတဲ့အချိန်ဆိုရင်တော့ ကျွန်မတို့ညီအစ်မကို မြည်တွန်တောက်တီးနေတာပေါ့။
ကျွန်မတို့အမေမှာ သီချင်းစာအုပ်ရှိတယ် ကိုအံကြီးတို့ ကိုတင်လှိုင်တို့ မာမာအေးတို့ပေါ့။
ကျွန်မတို့ညီအစ်မ နွေရာသီမှာ ပျင်းရင် သီချင်းဖတ်ကြတယ်။
သီချင်းကို နားမထောင်ဘူးတော့ အလိုက်ကိုမသိဘူးလေ။
အဲတော့ ဖတ်ကြတယ် ခေါ်မှာပေါ့ အသံထွက်ပြီး။
စာသားတွေက အကုန်ရနေပြီး ရေဒီယိုကလာတဲ့အချိန်မှာ အလိုက်ကို နားထောင်ရတယ်။
အဲလိုကျိုးစားကြပေမဲ့ ရပ်ကွက်အဆိုတော်တောင် မဖြစ်ခဲ့ပါဘူး။
ပထမဦးဆုံး တိတ်ခွေနဲ့ သီချင်းဖွင့်လို့ရတဲ့ ကက်ဆက်ကလေး တခု အိမ်ကိုရောက်လာတယ်။
ကျွန်မ (8)တန်းနှစ်လောက်မှာပေါ့။ ကက်ဆက်လို့သာပြောတာပါ အခုစဉ်းစားကြည့်လိုက်တော့
အသံထွက်တယ်ဆိုရုံကလေးပါ။
အဲဒီကက်ဆက်ကလေးထဲကိုဘဲ တိတ်ခွေတွေပြန်ပြန်ရစ်ပြီး မရမချင်း နားထောင်ခဲ့ကြတယ်။
အဲဒီခေတ်က ခိုင်ထူးတို့ ကိုင်ဇာတို့ စိုးလွင်လွင်တို့ စိုင်းထီးဆိုင်တို့ပေါ့
အများအားဖြင့် ခိုင်ထူးသီချင်းတွေပါ။
အဲဒီတုန်းက ၀င်ငွေရှိလာရင် သီချင်းနားထောင်ဘို့ စက်ကောင်းကောင်းတစ်ခုတော့
အရင်ဆုံး ၀ယ်မယ်ဆုံးဖြတ်ထားတာ
ပထမဆုံး ၀င်ငွေရလာတော့ စက်ဘီးမ၀ယ်နိုင်ခင်မှာ SANYO ကက်ဆက်အသစ်ကလေး တလုံး
ဝယ်ဖြစ်ခဲ့တယ်။
အဲဒါလေးကို ခေါင်းအုံးဘေးထားအိပ်တာပေါ့
2နှစ်လောက်ကြာတော့ NATIONAL တွေ ကောင်းတယ်ပြောတာနဲ့ လဲခဲ့တယ်
အဲဒီကက်ဆက်ကလေးနဲ့ ပြည်မှာ 5နှစ်ကြာခဲ့တယ်။
ရန်ကုန်ရောက်လာတော့ ညီမလုပ်တဲ့လူက SONY ကက်ဆက်ကလေး စွန့်တယ်။
သူ့အိမ်မှာ TV တွေဘာတွေရှိလာတော့ ပိုနေလို့တဲ့။
ကျွန်မ NATIONAL လေးကို အမေ့အိမ်ပြန်ပို့ပေါ့။
အဲဒီ SONY လေးနဲ့ ခါးသက်တဲ့ ဇော်ဝင်းထွဋ်တွေ ကြိုက်ခဲ့တယ်။
ရောဂါတွေနှိပ်စက်တာခံနေရချိန်မှာတော့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရား
စိတ်ဓါက်တွေ တအားကျနေချိန်မှာ ဦးဇောတိကခွေတွေနဲ့ SONY ကက်ဆက်ကလေးနဲ့ပေါ့။
နောက်ဆုံးတော့လဲ SONY လေးကို ထားခဲ့ပြီး အဝေးကိုထွက်ခဲ့ရပေါ့။
တက္ကသိုလ်အဆောင်နေတော့ စိုင်းထီးဆိုင် သီချင်းပေါင်းချုပ်စာအုပ် ၀ယ်ထားပြီး
ကျွန်မထက်တတန်းငယ်တဲ့ မာမာလွင် ထားဝယ်သူနဲ့ ပေါင်းပြီး
ညနေခင်း သူများတွေ အတွဲကိုယ်စီနဲ့လမ်းလျှောက်ထွက်ချိန်မှာ လမ်းဘေးထိုင်ပြီး
သံပြိုင်ဖတ်တာပေါ့။
စစ်ကိုင်းလမ်းသီချင်း ကို စစ်ကိုင်းလမ်းမှာ သွားဆိုရအောင်လို့ ခေါ်တဲ့ မသီတဂူဇေယျ ကိုလဲ သတိရတယ်။
ကျွန်မတို့သူငယ်ချင်းတွေ 1985ခုနှစ်လောက်က RC(2) နောက်ဘက်က သမိုင်းဝန်း CANTEEN
မှာထိုင်တုန်း
ဆိုင်က ခိုင်ထူးသီချင်းဖွင့်တယ်။
ကျွန်မကလဲ မနေနိုင်မထိုင်နိုင် မရည်မွန် အဲဒါ ငါအဆောင်မှာ
ဆိုဆိုနေတဲ့သီချင်းလေ လို့ ပြောမိတယ်။
ရိုးလွန်းတဲ့ မုံရွာသူက ဘာပြန်ပြောတယ်ထင်သလဲ
အံသြတကြီးနဲ့ နင်ဆိုတာနဲ့လဲ မတူဘူးတဲ့
ကောင်းရော
နောက်မှ ကျွန်မမျက်နှာငယ်သွားတယ်ထင်ပါတယ်
ငါက နင်ဆိုတာ အမြဲနားထောင်နေကျမို့ သူ့အသံနားထဲမ၀င်ဘူးဆိုဘဲ
အဲဒီမှတ်ချက်ကြောင့်ဘဲ ကျွန်မဘယ်တော့မှ လူတွေရှေ့သီချင်းမဆိုဖြစ်တော့ပါဘူး။
ဒါပေမဲ့ သီချင်းတွေကတော့ ဘ၀မှာ အမြဲတမ်းအားတင်းဖော်ပါ။
Thursday, March 10, 2011
Subscribe to:
Post Comments (Atom)
Like!
ReplyDelete