Wednesday, October 19, 2011

ပြတင်းပေါက်

အဆုတ်အားနည်းသူတစ်ယောက်က လေ၀၀ရှုဘို့လိုတယ်။
လေ၀၀ ရှုခွင့်မရလို့လဲ အဆုတ်အားနည်းတာ ဖြစ်နိုင်ပါတယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့်မရတဲ့အခြေအနေ
အပစ်တင်အရောင်တွေလွှမ်းတဲ့ ပတ်ဝန်းကျင်မျက်လုံးတွေကိုရှောင်ဘို့
နေရာမရှိတဲ့အခါမှာ
လူတွေရဲ့မြင်ကွင်းကပျောက်ကွယ်ဘို့ စောင်ကိုခေါင်းမူးခြုံအိပ်ရာက
လေ၀၀ရှုခွင့်မရတဲ့ နောက်ဆက်တွဲ ဝေဒနာတွေပေါ့။
လေရဘို့အတွက် လေ၀င်နိုင်တဲ့ ပြတင်းပေါက်လိုတယ်။
ပြတင်းပေါက်ကို မက်မောတဲ့လူတစ်ယောက်အနေနဲ့
အ၀င်အထွက်တံခါးတစ်ခုဘဲအပေါက်ပါတဲ့အဆောင်ခန်းကလေးကို
ခဏတိုင်းအမှတ်ရမိသေးတယ်။
အဲဒီအခန်းက လေ၀င်ပေါက်သာမရှိတာ ကာထားတာက အထပ်သားမို့
ဘေးအခန်းတွေရဲ့ဆူညံသံတွေကတော့ အတားအဆီးမရှိ အမြဲဝင်ဝင်လာတယ်
လေ၀င်ပေါက်မရှိတဲ့အဆောင်ခန်းလေးရဲ့ရှေ့မှာတော့ လေတွေတ၀ူးဝူးတိုက်နေတဲ့
လိပ်ပြာကန်ရှိတယ်
အဲဒီကန်ဘေးသွားပြီးလေရှုတာပေါ့။
မသိစိတ်က ပြတင်းပေါက်ကို စွဲလန်းနေတာဖြစ်မယ်
ကိုတာ ရဲ့ ပြတင်းပေါက်မှ ကြည့်သူရဲ့စိတ်ကူးများ စာအုပ်ကို ၀ယ်ဖြစ်တယ်။
ပြတင်းပေါက်ရှိမှ လေ၀င်နိုင်သလို ပြတင်းပေါက်ကနေကြည့်မှ
တကယ့်အပြင်လောကရဲ့အဖြစ်အပျက်တွေကို မြင်နိုင်မယ်လေ။
ခုတော့ ပြတင်းပေါက် (9)ပေါက်နဲ့ ၀ရံတာ (2)ခုကို ရတယ်။
ဒါပေမဲ့ ပြင်ပက၀င်လာတဲ့လေကိုဘဲ လိုချင်တာမို့ အခြားအရာတွေကိုကာကွယ်ဘို့
သံပန်းတပ်ဦးမှ ဆိုတဲ့အတွေးက ရောက်လာတယ်။
မဆုံးနိုင်တဲ့ ဘ၀လိုအပ်ချက်တွေပေါ့။
အဲဒီလိုအပ်ချက်တွေကို ဖြည့်ဘို့
Air Condition ဖွင့်ထားတဲ့ မှန်လုံအခန်းထဲမှာ
ဘ၀တ၀က်ကိုပေးနေရတယ်။
စိတ်မွမ်းကြပ်မှုတွေနဲ့ပေါ့။
တနေ့မှာတော့ လေတဟူးဟူးတိုက်နေတဲ့ ပြတင်းပေါက်ဘေးမှာ
ဖျာကလေးခင်းပြီး စာအုပ်ကလေးဘေးချ အိပ်နိုင်ရမယ်လို့ အားတင်းရင်း.............

Tuesday, September 27, 2011

ဘူတန် နဲ့ အမေရိကန်

ပြည်တွင်းမှာ တလ ဒေါ်လာ 2000 လောက်ရနေတဲ့ ကျွန်မ မတ် က ဒီမနက်မေးတယ်။

အလုပ်ချိန်ပြင်ပနဲ့ ပိတ်ရက်တွေမှာ အပိုဝင်ငွေရအောင် ဘာလုပ်ရင် ကောင်းမလဲတဲ့။

ချက်ချင်းပြန်ဖြေလိုက်တယ်။

ပိုမရှာချင်နဲ့ လျှော့သုံးကြလို့။

တလ (15)သိန်းလောက် ၀င်ငွေရှိနေတဲ့ မိသားစု(4)ယောက်ဘ၀မှာ
ငွေထပ်ရှာချင်သေးသတဲ့။

ဘူတန်နိုင်ငံကို ကျွန်မက စိတ်ဝင်စားနေတာကြာပြီ။

ဘုရင်ကလေးချောတာ ပညာတတ်တာလဲ ပါတာပေါ့။

ကျွန်မ သူဌေးကတော့ အမေရိကန်ကို စိတ်ဝင်စားသတဲ့။

လိုင်းမတူပုံများ။

ဘဏ်ချေးငွေကိစ္စတွေ ဆွေးနွေးတိုင်း အမြဲကြားရတဲ့စကားတခုရှိတယ်။

အမေရိကန်လို အကြွေးထူတာ ကိစ္စမရှိပါဘူးတဲ့။

သူ့ကိုယ်သူ အားတင်းတဲ့စကားလုံးလားတော့ မသိဘူး။

ကျွန်မကတော့ GDP Gross Domestic Product ကို အလုပ်သဘောမှတ်ထားတာ။

တကယ်စိတ်ဝင်စားတာက GNH Gross National Happiness ပါ။

ချမ်းသာတဲ့လူတိုင်း မပျော်ပါဘူး။

ကျွန်မတို့ပတ်ဝန်းကျင်မှာ ချမ်းသာပြီးမပျော်တဲ့လူတွေ အများကြီးဘဲ။

ဘူတန် စဉ်းစားတဲ့ (4)ချက်ကို ကြိုက်တယ်။
(1) သာတူညီမျှတဲ့ စီးပွားရေး
(2) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု
(3) ယဉ်ကျေးမှု ထိန်းသိမ်းမယ်
(4) ကောင်းစွာ စီမံအုပ်ချုပ်မယ် တဲ့........

သူတို့ကတော့ နိုင်ငံခေါင်းဆောင်တွေမို့ အားလုံးအတွက် စဉ်းစားကြတာပေါ့။

ကျွန်မကတော့ သာမန်စာရင်းကိုင်ကလေးဆိုတော့
ကိုယ့်ဘ၀တခု ကိုယ့်ပတ်ဝန်းကျင်လေးအတွက်ဘဲ စဉ်းစားနိုင်တာပေါ့။

နောက်ဆုံးတော့ ကောင်းစွာစီမံနိုင်မှုက အရေးကြီးဆုံးမို့

ဘူတန် စတိုင် နဲ့ ဘ၀ကို တည်ဆောက်သွားတော့မယ်။

Friday, September 16, 2011

လူရာဝင်ခြင်း

Unlimited Wants ဆိုတဲ့စကားကို စီးပွားရေးတက္ကသိုလ်တက်တုန်းက စသိခဲ့ရတာ
လူရဲ့လိုအင်ဆန္ဒတွေက အကန့်အသတ်မရှိဘူးတဲ့။
ဟုတ်ပါတယ်။ လောဘရဲ့သားကောင်တွေမို့
လူတိုင်းမှာ လိုအင်တွေရှိနေတယ်။
ဒါကိုရရင်တော့ ပျော်မှာလို့ ထင်ခဲ့တယ်။
ဒါကိုရပြီးတော့လဲ ခဏတော့ ပျော်ပါတယ်။
နောက်တခုကို လိုချင်ပြန်တာပါဘဲ။
ကျွန်မလဲ လောဘသားထဲက တစ်ယောက်မို့ အတူတူပါ။
စာတွေထဲမှာတော့ စိတ်လိုအင်တွေ အဆင့်ဆင့်မြင့်တက်လာတာကို ဖတ်ဖူးတယ်။
စားဝတ်နေရေးကတော့ လူတိုင်းရဲ့အခြေခံလိုအင်ပေါ့။
ပြည့်စုံပြီးနောက်ပိုင်းမှာတော့ လိုအင်တွေက မြင့်မြင့်လာတယ်ပြောတယ်။
အဲဒီထဲကမှ ကျွန်မ စိတ်ဝင်စားတာက အသိအမှတ်ပြုမှုလိုအင် ပါ၊
လူတွေက တခုခုကိုစဉ်းစားရင် ကိုယ်ကြိုက်လို့ ဆိုတာထက်
အခြားလူတွေကြိုက်တာကို ပိုဦးစားပေးတာတွေ့ရတယ်။
လူတွေကဲ့ရဲ့ပစ်တင်ခံရမှာကိုကြောက်တယ်။
ဘုန်းကြီးတပါးဟောတာ ကြားဘူးတယ်။
ကိုယ့်ဘ၀က သူများ ပါးစပ်ဖျားမှာ အဆုံးမသတ်သွားစေနဲ့တဲ့။
ပစ်တင်ဝေဖန်ခံရတဲ့အခါတိုင်းအားတင်းခဲ့ရတယ်။
တို့ဘုရားတောင် အပစ်တင်ခံရတာရှိသေးတာဘဲလို့ပေါ့။
အဲဒါတွေကို စဉ်းစားဖြစ်တာ အကြောင်းတခုရှိတယ်။
မနေ့က ကျွန်မတို့ လုပ်ငန်းအုပ်စုထဲက GM တစ်ယောက် ရုံးမှာ သတိလစ်ပြီး လဲကျသွားတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ဟိုတယ်တစ်ခုမှာ လုပ်တဲ့ Product show ပွဲတခုအတွက်
စိတ်အားကုန်လုပ်ခဲ့တဲ့ နောက်ဆက်တွဲ ရလာဒ်ဘဲ။
သူအလုပ်လုပ်နေတာ သူ့သမီးလေးဂုဏ်ရှိဘို့တဲ့။
အထွေထွေမန်နေဂျာတစ်ယောက်ရဲ့ သမီးဆိုတဲ့ ဂုဏ်ရှိစေချင်တာတဲ့။
သူငွေအတွက်ဆိုရင်တော့ အိမ်ကကားကို taxi ထွက်မောင်းချင်တယ်တဲ့။
unlimited wants တွေ ကိုဖြည့်ဘို့အတွက် ကျိုးစားရင်း သူလဲသွားတာလေ။
ကျွန်မလဲ ဒီလောကသားထဲက တစ်ယောက်ပါ လုပ်ငန်းရဲ့တောင်းဆိုမှု
BOD အဖွဲ့ဝင်တွေရဲ့ unlimited wants တွေကို ဖြည့်နေရတာပါဘဲ။
တကယ်တော့ လူတိုင်းမှာ အတိုင်းအတာတွေရှိနေပါတယ်။
တခါတလေမှာ မဖြစ်နိုင်တာတွေကို မဖြစ်နိုင်ပါဘူးလို့
ရဲရဲတင်းတင်းပြောဘို့ သတ္တိမွေးရပါမယ်။
အဲဒီသတ္တိနဲ့အတူ သူတို့ဆီက ရမဲ့ အခွင့်အရေးဆိုတာကို လစ်လျူရှုနိုင်ရပါမယ်။
ရရှိထားတဲ့ အခွင့်အရေးနဲ့ညီမျှအောင် လုပ်ဘို့တာဝန်ရှိပါတယ်။
ဒါတွေကို အချိုးညီအောင် ချိန်ဆ တတ်ဘို့တော့
ကျွန်မတို့ အတော်လေးကျိုးစားရပါဦးမယ်။
ခုလောလောဆယ်မှာတော့
အသိအမှတ်ပြုမှုလိုအင်တွေအတွက်
ခပ်ကြမ်းကြမ်းပြောရရင် လူရာဝင်ချင်တာတွေအတွက်
ကျွန်မတို့ရှိနေပါတယ်ဆိုတဲ့ ကိုယ်ပိုင်ဘ၀နဲ့ အချိန်တွေ
ပျောက်ကွယ်နေပါတယ်။

တကယ်ဆိုးဝါးတဲ့
လူရာဝင်ခြင်း

Monday, September 5, 2011

ကျေးဇူးတင်လွှာ

ဘလော့လေး ပြန်ရှင်သန်အောင် အချိန်ပေးပြီးလုပ်ပေးတဲ့ သူငယ်ချင်း
ခိုင်ခိုင်ညွှန့်ကို ကျေးဇူးတင်စာလေးနဲ့ ပြန်ဖွင်ပါတယ်။

ထိပ်ဆုံးသို့ 

တစ်တောင်ပေါ် တစ်တောင်ဆင့်

တောင်အမြင့် ပတ်ခြံရံ

တစ်တောင်ဆုံးပြန်တော့

တစ်လုံးကျန်ပြန်သေးသမို့ 

ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်

ကြိုးလျှောက်ရပြန်။

ခါတလေ ပင်ပန်းတာကြောင့်

တော်ပါပြီ ဆက်မလှမ်းချင်ဘု

ရပ်တန်းက ရပ်မယ်ကြံ

အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့

တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်

အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 

စိတ်နွမ်း အသာဖြေဦး

မာလာငွေ ကန်ရေအေးရယ်နှင့်

ငှက်တေးကို အာရုံဆင်လို့ 

မူတသွင် အားသင်သစ်လိုက်ပါ့

ချစ်ဖွယ့်လူသား။

ငွေတာရီ

Monday, August 22, 2011

Testing

Hi

Wednesday, May 4, 2011

မိုက်မဲခြင်း

ကျွန်မရဲ့ မိုက်မဲမှုတွေကို ဒီမနက် ပြန်သုံးသပ်မိပါတယ်။

အလုပ်ထဲမှာ တစ်ယောက်ထဲ ကျုံးလုပ်လို့မဖြစ်နိုင်ဘူးလေ

နောက်ထပ် လုပ်နိုင်မယ်ထင်တဲ့ အသက်ငယ်တဲ့

အသစ်တွေကို ထပ်တွဲခေါ်ရတာပေါ့။

ပြီးခဲ့တဲ့လက စပြီး အလုပ်ဝင်တဲ့ ၀န်ထမ်း အငယ်တစ်ယောက်က

ဖျားလို့ ခွင့်တိုင်ပါတယ်။

ဒီမနက် ရုံးပြန်တက်လာတော့ ကျွန်မက ဘယ်လိုဖြစ်တာတုန်းလို့
သတင်းမေးပါတယ်။

အဖျား 100လောက်ရှိတော့ မေမေက ရုံးမသွားနဲ့လို့ပြောတယ်တဲ့

ရုံးက အဝေးကြီး တခုခုဆို ပြန်ရလွယ်တာမဟုတ်ဘူးတဲ့။

အော် အသက် 30ကျော် သမီးကို မူကြိုသွားသလို စိတ်ပူတယ် ထင်ပါရဲ့လို့
တွေးမိရင်းက အတွေးတွေက ဆက်သွားတယ်။

ကျွန်မအလုပ်လုပ်ခဲ့တဲ့ သက်တမ်းမှာ တာဝန်ကျေချင်စိတ်တွေ သိပ်များတယ်

လစာအများကြီးရဘို့ ဆိုတာထက် ကိုယ်လုပ်တတ်တာတွေကို မတွက်ကတ်ဘဲ

လုပ်ခဲ့သလို မလုပ်တတ်တာတွေကိုလဲ မေးပြီး လုပ်နိုင်သလောက်လုပ်နေခဲ့တယ်

အလုပ်လောဘတကြီးပေါ့။

ပြီးခဲ့တဲ့ 4နှစ်လောက်တုန်းက ဖျားတာ တစ်ပတ်ကျော်နေပြီ အဖျားက 103 / 104 လဲ

ထမင်းရည်နဲ့ စွပ်ပြုတ်ယူလာပြီး အလုပ်ကို လာခဲ့တယ်။

ကိုယ်လုပ်ထားတဲ့ လက်စ လက်န တွေက များတော့ အခြားလူတွေကလဲ

တာဝန်မခံချင်တော့ နေသာရဲ့လားလို့ မေးရုံမေးကြတာ

1990ခုနှစ် ဖောင်ကြီးသင်တန်းတက်တော့လဲ

လူက ပင်ပန်းပြီး အရမ်းကို အားနည်းနေတာ

ကျောင်းဆင်းပွဲ စစ်ရေးပြကျင့်ခါနီးမှာ သင်တန်းဆရာက

ကျောင်းဆင်းပွဲ မပါချင်တဲ့လူတွေ အပြင်ထွက်နိုင်တယ်လို့ ပြောတော့

အဲဒီအချိန်မှာ ကျွန်မ ရပ်နေတဲ့ မြက်ခင်းကို ငုံကြည့်လိုက်တာ

မြေကြီးတွေက ရွေ့နေတယ်တောင် ထင်လာတယ်

အမှန်က ကျွန်မ အားနည်းပြီး မူးနေတာဖြစ်မယ်

ဒါပေမဲ့ စိတ်ထဲကနေ အားတင်းလိုက်တယ်

ငါ့ခြေထောက်နဲ့ ငါတော့ ဒီကွင်းထဲကနေ မထွက်သွားဘူး

သတိမေ့သွားလို့ သူများက ထမ်းထုတ်သွားရင်သာရှိမယ်

အဲ့ ဂလို ရူးကြောင်မူးကြောင်အတွေးနဲ့ သင်တန်းသူ ပထမဆု ကို ရသွားတယ်

ခု နှစ်ပေါင်း 20ကျော်မှ ပြန်စဉ်းစားလိုက်တော့

ကျွန်မလောက်မိုက်တဲ့လူ ရှိပါဦးမလား

စိုင်းထီးဆိုင်ရဲ့  ဥပေက္ခာလောကသား သီချင်းထဲကလို

ခုတော့ ဆုတံဆိပ်တွေ ဖုံတက်တော့ အောင်မြင်ခြင်းရယ် မနေ့က ကျန်ခဲ့ပြီ တဲ့

တကယ်လို့များ အဲ့လို ရူးရူးမိုက်မိုက်တွေ တွေးပြီး ကျွန်မ သေသွားရင်ရော

အင်း လောကကြီးကတော့ ပုံမှန်အတိုင်း လည်ပတ်နေမြဲဘဲနော်

ခု အသက်ကြီးလာတော့ ပြန်တွေးမိချိန်မှာ ငါတော်တော် မိုက်မဲပါလားလို့

အတွေးတွေ ၀င်လာတယ်

အဲဒါ မှားကောင်းမှားနိုင်ပေမဲ့

ခု အသက်ကြီးချိန်အထိ မိုက်မဲနေဆဲဘဲ။