Friday, January 31, 2014

pay day လခထုတ်တဲ့နေ့

လူမှန်းစပြီး သိတတ်ကတည်းက လခထုတ်တဲ့နေ့နဲ့ ရင်းနှီးခဲ့တယ်။

အမေက အစိုးရ၀န်ထမ်းလေ......လခ ရတာပေါ့။

လွန်ခဲ့တဲ့နှစ်(၄၀)လောက်က အစိုးရ၀န်ထမ်း လခ ထုတ်တယ်ဆိုတာ
အဓိပ္ပါယ်ရှိခဲ့ပါတယ်။

အမေလခထုတ်တဲ့နေ့တွေဆို ရုံးလိုက်သွားပြီး မုန့်စားရတာကိုး

ကျွန်မလဲ ဘ၀ကို အစိုးရအလုပ်နဲ့စတင်ခဲ့တယ်။

အောက်ခြေက စရတာပါ တကယ့်အောက်ခြေဘဲ

နွေရာသီရွှေမော်ဓေါဘုရားပွဲမှာ အမေတို့ဌာနက နှစ်တိုင်း တလကျော်
စားသောက်ဆိုင် ဖွင့်ရောင်းလေ့ရှိတယ်။

ပလာတာ၊ဆီချက်ခေါက်ဆွဲနဲ့လဘက်ရည်၊ကော်ဖီနဲ့ အအေးမျိုးစုံပေါ့။

ဝန်ထမ်းတွေတာဝန်ချထားသလို ၀န်ထမ်းသားသမီးတွေလဲ ၀င်လုပ်ခွင့်ရှိတယ်။

uniform 3 စုံ၊ နေ့တွက်နဲ့ စားဘို့ ကူပွန် ရတယ်။

ညနေ (၂)နာရီလောက်နေ ည(၁၂)နာရီ ဘုရားပွဲလူရှင်းတဲ့အချိန်ထိ လုပ်ရတယ်။

အခြားဝန်ထမ်းတွေက သူတို့သားသမီးကို စားပွဲထိုး ဈေးရောင်းမလုပ်စေချင်ဘူးတဲ့။

ကျွန်မတို့အမေကတော့ အိမ်မှာ ညီအစ်မနှစ်ယောက်ကို ထားခဲ့ရမှာ စိတ်မချတာနဲ့
နှစ်တိုင်း ဘုရားပွဲဈေးမှာ ဈေးရောင်းစေခဲ့တယ်။

အစားအစာတွေ သယ်နိုင်တဲ့နှစ်ကစပြီး အလုပ်လုပ်ရတယ်။

မသယ်နိုင်ခင် ကလေးဘ၀ကလည်း နှစ်တိုင်း အမေနဲ့ ညဘက်လိုက်ရတာပါဘဲ။

တချို့ညတွေ နောက်ကျရင် ပွဲတွေ ရုံဖွင့် ၀င်ကြည့်ကြတာ ပျော်စရာပါ။

(၇)တန်းလောက်ကတည်းက လုပ်ခ လစာနဲ့ ရင်းနှီးခဲ့ရပြီး လုပ်ခမျိုးစုံရခဲ့ပါတယ်။

နွေရာသီမှာ ကျောင်းစာအုပ်တွေကို ဒီတိုင်းရောင်းရင် ရတာနည်းလို့
စာအိတ်ကလေးတွေလုပ်ပြီးရောင်းခဲ့တယ်။

အကျီင်္လက်ချုပ်လိုက်ခဲ့တယ်။

ဘွဲ့ရပြီးခါစ ၁၀တန်း ဘောဂဗေဒ ကျူရှင်သင်လိုက်သေးတယ်။

နောက်ပိုင်းအစိုးရအလုပ်ကို စား/ဖျော်မှာ နေ့စား ၆ကျပ်၁၅ပြားနဲ့စာရင်းကိုင်ဘ၀ကို စခဲ့တယ်။

သူတို့ပြောတာသာ စာရင်းကိုင်ပါ
ကျွန်မက မနေတတ်တော့
ဝယ်တဲ့လူလာရင် ပလာတာလဲ ထရောင်းတာဘဲ
ရေခဲမုန့်လဲ ထခတ်တာဘဲ
ဆီချက်လဲ ထလုပ်တာပါဘဲ
................
စာရင်းကိုင်(၁)
စားရင်ကိုင်(၂)
.............
အရက်နဲ့အစားအစာရောင်းတဲ့ဌာနကို မကြိုက်ပေမဲ့ စားဝတ်နေရေးအတွက် လုပ်နေခဲ့ရတယ်။

နောက် မြန်မာ့သစ်လုပ်ငန်းကို ပြောင်းခဲ့တယ်။

ဒုတိယမန်နေဂျာ (ဘဏ္ဍာရေး) ဆိုတဲ့ အခေါ်အဝေါ်ကနေ
ကျွန်မတို့ အလုပ်ဝင်တော့ အငယ်တန်းလက်ထောက် (ဘဏ္ဍာရေး)လို့ပြောင်းလိုက်တယ်။

ကျွန်မတို့ အသစ်အုပ်စုက အော်...........အငယ်တန်းဖြစ်ရတဲ့ အထဲ
လက်ပါထောက်ရဦးမှာ လို့ရီမောပြီး နေခဲ့တာဘဲ။

Senior အစ်မတွေက သင်ပေးလိုက်တယ်။
ကိုယ့်နံမည်ရှေ့မှာ ဒေါ် တပ်မခေါ်ရင်ဘယ်သူ့ကိုမှ စကားပြန်မပြောနဲ့တဲ့။

ဒါပေမဲ့ သစ်လုပ်ငန်းက အထက်အောက် ရိုသေမှုတော့ အတော်လေးရှိတယ်။

အလုပ်ထွက်ပြီး ပြန်တွေ့ချိန်မှာတောင် ကိုယ့်အဖေလောက်ရှိတဲ့ ရုံးအုပ်ကြီးက
ဒေါ်......တပ်ခေါ်နေသေးတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် သစ်လုပ်ငန်းရှိတဲ့ ဗန်းမော်ကနေ ရန်ကုန်အထိ
တစ်မြို့တစ်ယောက်နှုန်းနဲ့ အသစ် ၂၅ယောက်ခန့်လိုက်တယ်။
အဲဒီလိုနဲ့ ကျွန်မလဲ ဧရာဝတီမြစ်ကမ်းက ပြည်မြို့မှာ ၄နှစ်ကျော်လောက် သောင်တင်နေခဲ့တယ်။

စားဖျော် ဌာနက လစာအပြင် အပိုဝင်ငွေကိုပါ တရားဝင်လို ထပ်ဆောင်းပေးတဲ့ဌာနပေမဲ့.........
အရက် ဆိုတာကို စိတ်ကုန်လို့.........ပြောင်းပစ်လိုက်တယ်။

ရာထူးလေးတော့ တိုးလာပါတယ်။
လစာက နည်းနည်းတိုးပြီး အပိုဝင်ငွေဆိုတာနဲ့ ဝေးသွားတော့တာပေါ့။

ဒါပေမဲ့ ကိစ္စမရှိဘူး ကိုယ့်ရွေးချယ်မှုဆိုပြီး ............. အမေ အမြင်မကြည်လင်ပေမဲ့..
စက်ဘီးကလေးရောင်းပြီး...........မြို့ကလေးကထွက်ခဲ့တယ်။

လူတွေက ထင်ကြတယ် သစ်လုပ်ငန်းမှာမို့ ထောသွားပြီတဲ့
အခြားလူတွေတော့ မသိဘူး
၎နှစ်ခွဲ  အလုပ်လုပ်လာတာ  သစ်ဆို သွားကြားထိုးတံ တောင်မရခဲ့ဘူးဘူး။
ရုံးကပေးတဲ့အိမ်ကလေးမှာ တစ်ယောက်တည်းနေပြီး
ရတဲ့လခနဲ့ ပြတ်တခါ ပြတ်တလှဲ့ နေလိုက်တာပါဘဲ။

စာအုပ်ဆိုင်ကို နေ့တိုင်းသွားနိုင်ပြီး
ဇော်ဝင်းထွဋ်  ကို ကြိုက်တတ်လာတာပေါ့။

စက်ဘီးရောင်းထားတဲ့ပိုတ်ဆံလေးလဲ ကုန်သွားတယ်။

လခထုတ်မဲ့မနက်မှာ အကြွေနည်းနည်းပါးပါးဘဲကျန်တယ်။

အို .......ဒီနေ့လခထုတ်မှာဘဲ......ရတယ်ပေါ့........

အသက်က ၂၆နှစ်လေ ...........လခထုတ်ပြီးမှ ထမင်းဝယ်စားလိုက်မယ်လို့ တွေးပြီး
ရုံးထွက်လာခဲ့တယ်။

ဟား ဟား ........ ရုံးမှာ အစည်းဝေးရှိနေလို့ လခထုတ်တာ နောက်ကျမယ်တဲ့...
ဟိ... ရုံးအုပ်စာရေးကြီးကပြောတယ်။

ရေသောက်ပြီး ထိုင်စောင့်လိုက်တာ နေ့ခင်း ၁နာရီခွဲလောက်မှ လခရတယ်။

၁၂၅၀ကျပ်

အဆာလွန်လို့ ခေါင်းထဲ မူးနောက်နေတာဘဲ

ထမင်းသွားစားမဲ့စိတ်ကူးလဲ ပျက်သွားတယ်။

ပြည်-ရန်ကုန်လမ်းဘေးက လဘက်ရည်ဆိုင်လေးမှာ ထိုင်ပြီး
နွားနို့နဲ့ပေါင်မုန်မှာစားလိုက်တယ်။

စိတ်ထဲမှာ ဘယ်လိုခံစားရမှန်းတောင် မသိတော့ဘူး။

အဲဒါနဲ့ လဘက်ရည်ဆိုင်ထဲကထွက်ပြီး ရန်ကုန်းဘက်ပြန်တဲ့ကားတစ်စီးကိုတားပြီး
ရန်ကုန်ဆင်းလာခဲ့မိတယ်။

လခထုတ်တဲ့ တစ်ရက်မှာပေါ့။

ဒီနေ့လား

ပြည်မြို့မှာကတည်းက ခေါက်ဆွဲကြော်တစ်ထုတ်ကို
နှစ်ယောက်မျှစားလာတဲ့ သူငယ်ချင်းက Message ပို့တယ်။

ရန်ကုန်မှာ အဆင့်အမြင့်ဆုံးသွားစားရအောင်တဲ့
sakura အထပ် (၂၀) ကိုချိန်းနေတယ်။

အထပ်(၂၀)ကို ချိန်းပေမဲ့ ရုံးက ဘယ်အချိန်ပြန်ရမလဲ မသိလို့

မသေချာသေးပါ။

















No comments:

Post a Comment