ဘလော့လေး ပြန်ရှင်သန်အောင် အချိန်ပေးပြီးလုပ်ပေးတဲ့ သူငယ်ချင်း
ခိုင်ခိုင်ညွှန့်ကို ကျေးဇူးတင်စာလေးနဲ့ ပြန်ဖွင်ပါတယ်။
Monday, September 5, 2011
ထိပ်ဆုံးသို့ 
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်သေးသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ ပင်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။
ငွေတာရီ
Monday, August 22, 2011
Wednesday, May 4, 2011
မိုက်မဲခြင်း
ကျွန်မရဲ့ မိုက်မဲမှုတွေကို ဒီမနက် ပြန်သုံးသပ်မိပါတယ်။
အလုပ်ထဲမှာ တစ်ယောက်ထဲ ကျုံးလုပ်လို့မဖြစ်နိုင်ဘူးလေ
နောက်ထပ် လုပ်နိုင်မယ်ထင်တဲ့ အသက်ငယ်တဲ့
အသစ်တွေကို ထပ်တွဲခေါ်ရတာပေါ့။
ပြီးခဲ့တဲ့လက စပြီး အလုပ်ဝင်တဲ့ ၀န်ထမ်း အငယ်တစ်ယောက်က
ဖျားလို့ ခွင့်တိုင်ပါတယ်။
ဒီမနက် ရုံးပြန်တက်လာတော့ ကျွန်မက ဘယ်လိုဖြစ်တာတုန်းလို့
သတင်းမေးပါတယ်။
အဖျား 100လောက်ရှိတော့ မေမေက ရုံးမသွားနဲ့လို့ပြောတယ်တဲ့
ရုံးက အဝေးကြီး တခုခုဆို ပြန်ရလွယ်တာမဟုတ်ဘူးတဲ့။
အော် အသက် 30ကျော် သမီးကို မူကြိုသွားသလို စိတ်ပူတယ် ထင်ပါရဲ့လို့
တွေးမိရင်းက အတွေးတွေက ဆက်သွားတယ်။
ကျွန်မအလုပ်လုပ်ခဲ့တဲ့ သက်တမ်းမှာ တာဝန်ကျေချင်စိတ်တွေ သိပ်များတယ်
လစာအများကြီးရဘို့ ဆိုတာထက် ကိုယ်လုပ်တတ်တာတွေကို မတွက်ကတ်ဘဲ
လုပ်ခဲ့သလို မလုပ်တတ်တာတွေကိုလဲ မေးပြီး လုပ်နိုင်သလောက်လုပ်နေခဲ့တယ်
အလုပ်လောဘတကြီးပေါ့။
ပြီးခဲ့တဲ့ 4နှစ်လောက်တုန်းက ဖျားတာ တစ်ပတ်ကျော်နေပြီ အဖျားက 103 / 104 လဲ
ထမင်းရည်နဲ့ စွပ်ပြုတ်ယူလာပြီး အလုပ်ကို လာခဲ့တယ်။
ကိုယ်လုပ်ထားတဲ့ လက်စ လက်န တွေက များတော့ အခြားလူတွေကလဲ
တာဝန်မခံချင်တော့ နေသာရဲ့လားလို့ မေးရုံမေးကြတာ
1990ခုနှစ် ဖောင်ကြီးသင်တန်းတက်တော့လဲ
လူက ပင်ပန်းပြီး အရမ်းကို အားနည်းနေတာ
ကျောင်းဆင်းပွဲ စစ်ရေးပြကျင့်ခါနီးမှာ သင်တန်းဆရာက
ကျောင်းဆင်းပွဲ မပါချင်တဲ့လူတွေ အပြင်ထွက်နိုင်တယ်လို့ ပြောတော့
အဲဒီအချိန်မှာ ကျွန်မ ရပ်နေတဲ့ မြက်ခင်းကို ငုံကြည့်လိုက်တာ
မြေကြီးတွေက ရွေ့နေတယ်တောင် ထင်လာတယ်
အမှန်က ကျွန်မ အားနည်းပြီး မူးနေတာဖြစ်မယ်
ဒါပေမဲ့ စိတ်ထဲကနေ အားတင်းလိုက်တယ်
ငါ့ခြေထောက်နဲ့ ငါတော့ ဒီကွင်းထဲကနေ မထွက်သွားဘူး
သတိမေ့သွားလို့ သူများက ထမ်းထုတ်သွားရင်သာရှိမယ်
အဲ့ ဂလို ရူးကြောင်မူးကြောင်အတွေးနဲ့ သင်တန်းသူ ပထမဆု ကို ရသွားတယ်
ခု နှစ်ပေါင်း 20ကျော်မှ ပြန်စဉ်းစားလိုက်တော့
ကျွန်မလောက်မိုက်တဲ့လူ ရှိပါဦးမလား
စိုင်းထီးဆိုင်ရဲ့  ဥပေက္ခာလောကသား သီချင်းထဲကလို
ခုတော့ ဆုတံဆိပ်တွေ ဖုံတက်တော့ အောင်မြင်ခြင်းရယ် မနေ့က ကျန်ခဲ့ပြီ တဲ့
တကယ်လို့များ အဲ့လို ရူးရူးမိုက်မိုက်တွေ တွေးပြီး ကျွန်မ သေသွားရင်ရော
အင်း လောကကြီးကတော့ ပုံမှန်အတိုင်း လည်ပတ်နေမြဲဘဲနော်
ခု အသက်ကြီးလာတော့ ပြန်တွေးမိချိန်မှာ ငါတော်တော် မိုက်မဲပါလားလို့
အတွေးတွေ ၀င်လာတယ်
အဲဒါ မှားကောင်းမှားနိုင်ပေမဲ့
ခု အသက်ကြီးချိန်အထိ မိုက်မဲနေဆဲဘဲ။

Thursday, March 31, 2011
ပင်စင်စား
ကျွန်မရုံးလာတဲ့လမ်းပေါ်မှာ လှိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ရှိတယ်။
လကုန်ရက်နီးတိုင်း အဲဒီဘဏ်ထဲမှာ အသက်ကြီးပိုင်းလူတွေ များများ ရပ်နေတာကိုတွေ့ရတယ်။
ပင်စင်လာထုတ်ကြတာလေ။
သူတို့ကိုမြင်တိုင်း ကျွန်မစိတ်ထဲမှာ တမျိုးခံစားရတယ်။
ကိုယ်တိုင် အသက်ကြီးပိုင်းရောက်လာလို့လဲ ဖြစ်နိုင်ပါတယ်။
အသက်ကြီးလို့ ပင်စင်ယူရတဲ့အချိန်မှာ
လူအများစုဟာ သာမန်စားဝတ်နေရေးအတွက် စိတ်ချရတဲ့အခြေအေနမျိုး
မရှိပါဘူး။
မြန်မာတွေမို့ သားသမီးတွေ ဆွေမျိုးတွေက ကြည့်ရှုကြလို့သာ
ဘ၀နေ၀င်ချိန်မှာ တိမ်တောက်ကြရတဲ့ လူမျိုးပါ။
ကျွန်မတို့ မြန်မာတွေမှာ ကံတရားပါဘဲ လေ ဆိုပြီး
ဘ၀ကို ကံလက်ထဲ ပစ်ထည့်ထားနိုင် လို့သာပေါ့။
နောက် တာဝန်ရှိသူတွေက တွင်တွင်သုံးတဲ့စကားလုံးတွေလဲ ရှိသေးတယ်။
ကိုယ်ထူကိုယ်ထ တဲ့
စရိတ်မျှပေး တဲ့
စကားလုံးတွေသာလှတာပါ
တကယ်လက်တွေ့ မပြည့်စုံတဲ့လူတွေရဲ့ဘ၀က မလှဘူး။
စင်ကာပူ ခဏနေတော့လဲ စားသောက်ဆိုင်တွေမှာ
အသက်ကြီးတဲ့လူတွေက စားပွဲသုတ် ပန်းကန်သိမ်း တံပျက်လှည်း
လုပ်တာကို ကြည့်ပြီး ရောက်ခါစမှာ စားဘို့ ခက်နေတယ်။
ကျွန်မတို့လူမျိုးက ကိုယ်ဘဲ အပင်ပန်းခံလိုက်မယ်
ကိုယ့်မိဘ အိုကြီးအိုမ ဖြစ်နေမှ လုပ်နေတာကို ဘယ်လို စိတ်နှလုံးနဲ့
ကြည့်နေနိုင်ပါ့မလဲ။
အဲ့လိုကြည့်မနေနိုင်လို့ လုပ်လိုက်တာ လွဲသွားတာလဲ ရှိခဲ့တယ်။
တနေ့ကျွန်မနယ်ပြန်သွားတော့ အသက်(55)နှစ်အမေက ရုံးကနေ မောကြီးပမ်းကြီးပြန်လာတာတွေ့တော့
အမေပင်စင်ယူချင်ယူပါလား သမီးလုပ်ကျွေးပါ့မယ်လို့ပြောတုန်း
အမေကလဲ ရုံးက လူကြီးနဲ့အဆင်မပြေလာတဲ့နေမို့
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ကြုံပြီး
အသက်(55)နှစ်မှာ လုပ်သက်နှစ်(30)ပြည့် ပင်စင်တင်လိုက်ပါရော။
ပင်စင်ယူပြီး အိမ်မှာလဲနေရော Depression ၀င်တော့တာပါဘဲ။
ညဘက်အိပ်မပျော်တာတို့။ လူတွေက ငါ့ကို ဘယ်လိုဆက်ဆံကြတာတို့
ထိုင်နေရင်း ၀မ်းနည်းလာလို့ ငိုတာပါတို့
ဖြစ်ကုန်ပါလေရော။
နောက်ဆုံးတော့ စိတ်ရောဂါဆိုင်ရာ ဆရာဝန်ဆီပြပြီး ဆေးသောက်လိုက်မှဘဲ
နည်းနည်း ပြန်တည်ငြိမ်လာတော့တယ်
သူ့ကို နားခိုင်းလိုက်တာ ကျွန်မ မှားသွားတယ်လေ။
တနေ့မှာတော့ လူဆိုတာ အိုရမှာပါ
ကိုယ်အိုတဲ့အချိန်မှာရော..........

Sunday, March 27, 2011
မြန်မာ့ပညာတတ်.......မြန်မာ့ဓလေ့
ကျွန်မက ပညာတော့ သိပ်မတတ်ဘူး။ လက်မှတ်တွေ အများကြီးမရှိဘူး။
ဒါပေမဲ့ ပညာတတ်တဲ့လူတွေကို အထင်ကြီးတယ် လေးစားတယ်။
တခါတလေ ပညာတတ်နဲ့ ငွေကြေးက နည်းနည်း ဝေးနေပေမဲ့
ပညာတတ်တွေကို လေးစားတယ်။
ကျွန်မက 1987 မတိုင်ခင်ကျောင်းပြီးတဲ့လူပါ။
ကျွန်မတို့တုန်းက ပညာသင်ယူမှုကို ပြန်စဉ်းစားဖြစ်တယ်။
ဆရာဝန်တို့ အင်ဂျင်နီယာတို့ ဆိုရင်တော့ တော်တော် လူကြိုက်များတဲ့လိုင်းပေါ့။
ကျွန်မရဲ့ရည်ရွယ်ချက်က ရန်ကုန်မြို့မှာ ကျောင်းတက်ချင်တာ
တကယ်တော့ အိမ်ကအမေရဲ့ အုပ်ချုပ်မှုအောက်က လွတ်ချင်တာ
ဘယ်လိုင်းကိုလျှောက်ရင် ကောင်းမလဲ စဉ်းစားကတည်းက
ကျွန်မတို့မြို့မှာ ဒေသကောလိပ်မတတ်ရတဲ့ လိုင်းကိုရွေးတာ
ပထမ ဘာဖြစ်ချင်လဲ
ကိုယ်ရထားတဲ့အမှတ်နဲ့ ဆရာဝန်လိုင်းမရတာတော့ သေချာပြီ
အဲတုန်းက အမှတ်ကောင်းရင် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ဆရာဝန်လိုင်းလျှောက်ချင်လျှောက်ရမှာ
ဒါပေမဲ့ အသက်နည်းနည်းကြီးလာတော့
ကျွန်မ ဆရာဝန်မဖြစ်ခဲ့တဲ့အတွက် ဘ၀ကိုကျေးဇူးတင်ခဲ့တယ်။
အင်ဂျင်နီယာက လူကြိုက်များတဲ့ထဲပါတော့ ပထမဦးစားပေး
နောက် ရန်ကုန်မှာဘဲ တက်ရမဲ့ စီးပွားရေးတက္ကသိုလ်
နောက် ရန်ကုန်မှာဘဲ တက်ရမဲ့ မနုသ ဗေဒ
ဆိုပြီး 3ခု ထည့်လိုက်တယ်။
ဘာလိုင်းရတယ် ဆိုတာ မသေချာပေမဲ့ ရန်ကုန်တက်ရမှာတော့ သေချာပြီလေ
ဟဲ ဟဲ အဲ့တော့ ထွက်တော်မူနန်းကခွာဘို့
အထုတ်အပိုးပြင်တာပေါ့။
အိပ်ယာတလိပ်နဲ့ သေတ္တာတလုံးပါဘဲ။
နောက်ဆုံးတော့ ဘ၀ကပေးတဲ့ စီးပွားရေးတက္ကသိုလ်ကိုရောက်ခဲ့တယ်။
အဲဒါက ကျွန်မအတွက် ကံကောင်းတယ်လို့ပြောရမယ်။
ကျွန်မက ဂဏန်းတွေကို စိတ်ဝင်စားပါတယ်။
ဒါပေမဲ့ စာရင်းကိုင်လောကမှာ ပုဇွန်တွေများတယ်။
အသက်(16)နှစ်ကျော်လောက် ရန်ကုန်ကျောင်းတက်ဘို့ အဆောင်ရောက်လာတာပေါ့
ရန်ကုန်ကို အဆောင်လာနေတဲ့ နယ်ကလူတွေကို လေ့လာကြည့်တယ်
ပထမတစ်နှစ်တော့ အိမ်က ချုပ်ပေးလိုက်တဲ့ တောပုံကလေးတွေနဲ့
နောက်နှစ်တွေလဲ ရောက်ရော အိုး..........ပုံစံတွေက လုံးဝကို ပြောင်းလဲသွားတာပါ့
ကျွန်မတို့ ရန်ကုန်နဲ့နီးတဲ့ ပဲခူးကလာတာမို့ ပထမနှစ်ကတည်းက
ပြောင်းသွားတာပါဘဲ။
အဆောင်မှာလူပေါင်းများစွာ နယ်ပေါင်းများစွာက နေရတယ်
လူမှုဆက်ဆံရေး၊
အိမ်ကပေးတဲ့ငွေကို လောက်ငှအောင် ချင့်ချိန်သုံးတတ်တာ
ကိုယ့်အသိစိတ်နဲ စာမေးပွဲအောင်ရေး
တကယ့်ပညာတွေကို တက္ကသိုလ်က လေ့ကျင့်ပေးလိုက်တာလေ
ကျွန်မ ငယ်ငယ်က လူတော သိပ်တိုးဘူး။
နှစ်ပတ်လည် ညစာစားပွဲဆိုတာ ယောက်ကျာင်္းလေးဆောင်နဲ့ မိန်းခလေးဆောင်ပေါင်းပြီးလုပ်ကြတာ
နောက်ပြီး ယောက်ကျာင်္းလေးဆောင်မှာ သွားလုပ်တာ
ထိုင်တော့ မိန်းခလေး ယောက်ကျာင်္းလေး တစ်ယောက်ခြားထိုင်ရတာ
ပထမနှစ် ညစာစားပွဲမှာ ကျွေးတဲ့ ဒန်ပေါက်ကို မစားဘဲ ပြန်ခဲ့တာ
အဲ့လို ဖြစ်ခဲ့ပေမဲ့ နောက်နှစ်များမှာတော့ ဟဲ ဟဲ
ဆောင်ပုဒ်တွေက အများကြီး
မစွံ တောင် တက်
မတက် လှေ လှော်
မလှော် စာ ပြ
လုပ်စရာတွေ တပုံကြီး
အသင်းအသင်းတွေ အကြောင်းပြပြီး
အတွဲအတွဲ တွေ ရသွားကြတာလဲ အများကြီး
အဲ့ဒီလိုလေး ပျိုးထောင်ပြီး (4)နှစ်ကျောင်းပြီးလို့ အလုပ်ထဲ ၀င်တဲ့အချိန်မှာ
ကျွန်မတို့အတွက် ဘ၀က သိပ်မစိမ်းတော့ဘူးလေ
ကျောင်းပြီးလို့ အလုပ်ဝင်မယ် နယ်သွားရမယ်ဆိုတော့လဲ
ကျောင်းနေတုန်းက အထုတ်ကလေး ဆွဲပြီး ထွက်လာခဲ့တာ
အခုဆို အနှစ်(20)ကျော်ခဲ့ပေါ့။
ကျွန်မ အလုပ်လုပ်ခဲ့တဲ့နေရာတွေကို ကျွန်မ အမေ မသိဘူး။
အမေ ပင်စင်ယူပြီး Depression ၀င်နေတော့မှာ သူ့သမီးကို အားကိုးအောင်
အလုပ်နေရာကိုခေါ် ကြွားတာတော့ ရှိလာတယ်။
စာရင်းကိုင်လေး ခေါင်းစုတ်ဖွားနဲ့ပြန်လာတာမို့ အမေ အားရှိအောင်ပါ။
အခုလုပ်နေတဲ့အလုပ်က 1နှစ်ခွဲရှိနေပေမဲ့ အမေမသိသေးဘူး ဘယ်နေရာဆိုတာ
အဲဒါတွေကို ပြောနေတာ အကြောင်းရှိတယ်။
အခုတလော ကျွန်မအလုပ်မှာ B.E ဘွဲ့ရ အင်ဂျင်နီယာတွေလိုတာနဲ့
ထုံးစံအတိုင်း ကျွန်မ တို့စက်ရုံကို နည်းလမ်းမျိုးစုံနဲ့ လူတွေရောက်လာကြတယ်။
စက်ရုံထဲရောက်နေတုန်း ၀န်ထမ်းတစ်ယောက် လာပြောတယ်။
ဧည့်သည်ရောက်နေတယ်တဲ့
ဘုန်းကြီးတပါးလဲ ပါတယ်တဲ့
ဧည့်သည်ဆိုရင် စောင့်ခိုင်းထားပြောမလို့ဘဲ ဘုန်းကြီးတပါးအလုပ်ထဲလာတယ်ဆိုတော့
နည်းနည်းတွေသွားတာနဲ့ ချက်ချင်းတက်လာခဲ့တယ်။
ကျွန်မတို့ဒါရိုက်တာလူကြီးတစ်ယောက်က စာရေးပေးလိုက်တာပါ။
B.E မိန်းခလေး တစ်ယောက် နယ်က အလုပ်လုပ်ဘို့ ရန်ကုန် တက်လာတာတဲ့
အဖေ ၊ အမေ၊ အဒေါ် နဲ့ ရန်ကုန်ရောက်ဖူးတဲ့ ဘုန်းကြီးတပါး အဖော်ပါလာပါတယ်။
နာရီကြည့်လိုက်တော့ 11နာရီ ဖြစ်နေတာနဲ့ ခဏစကားပြောပြီး
အလုပ်လုပ်မဲ့ညီမလေးကို ထားခဲ့ပါ ကျန်တဲ့လူတွေ ပြန်လိုက်ပါလို့ပြောပြီး
ပြန်လွှတ်လိုက်ရတယ်။
မဟုတ်ရင် ဆွမ်းကပ်ရတော့မယ်လေ။
ကဲ ...............အဲဒါပါဘဲ။
နယ်တွေမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်တွေဖွင့်ပြီး
ပညာတတ်တွေ မွေးထုတ်တယ်ဆိုပေမဲ့ ........................
နိုင်ငံတော်က အကြားမလပ် ပညာသင်နိုင်အောင် ဆိုလား မြန်မာ့ရုပ်မြင်သံကြားမှာ
ပြောသံကြားလိုက်တယ်............ဆိုပေမဲ့..........
အဲဒီလို B.E အင်ဂျင်နီယာမျိုး ကျွန်မတို့ စက်ရုံမှာ အခုဆို ရောက်နေတာ (6)ယောက်လောက်ရှိလာတော့
မြန်မာ့ပညာတတ်ကို နည်းနည်း စိတ်ဝင်စားလာတယ်။
နောက်တစ်ပိုင်းက ဘုန်းကြီးနဲ့ မြန်မာ့ဓလေ့
ကျွန်မတို့အိမ်က ခြေတံရှည် အိမ်ကလေး လူများရင် လှုပ်နေတတ်လို့
ကျွန်မက အောက်ထပ်ကို အုတ်ကလေး တက်ရင် ငြိမ်သွားမယ်လို့
လူတတ်ကြီးလုပ်ပြီးအကြံပေးတော့ ကျွန်မ အမေက ဘာလုပ်တယ်ထင်လဲ
အိမ်နားက ကျောင်းက ကျောင်းထိုင်ဆရာတော်ကို သွားလျှောက်တယ်။
ကျွန်မက ရီပြီး အမေတော့မှားနေပြီ အမေ့သားမက်က အင်ဂျင်နီယာလေ
အိမ်ပြင်မှာ သားမက် အင်ဂျင်နီယာကို မပြောဘဲ ဘုန်းကြီးလျှောက်ရလားပေါ့။
နင်မသိပါဘူးတဲ့ သူ့သားမက် အင်ဂျင်နီယာက အိမ်တစ်လုံးပြီးအောင် ဆောက်ဖူးတာ မဟုတ်ဘူးတဲ့
တို့ကျောင်းက ဆရာတော်က ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း ဆောက်နေတာ
မတွေ့ဘူးလားတဲ့
ဟုတ်တော့လဲ ဟုတ်နေတာဘဲ
ဘုန်းကြီးက သူ့တပည့်တွေကို မင်းတို့ ကြည့်လုပ်ပေးလိုက်လို့ ပြောတာနဲ့
အခု အိမ်ပြင်တာပြီးတော့မယ်
ကျွန်မလဲ မနေနိုင်တာနဲ့ ကျွန်မ မတ် အင်ဂျင်နီယာကို မေးရတယ် ဘယ်လိုလဲ ဆိုတော့
သူက ကောင်းပါတယ် အစ်မတဲ့................
ကဲ ဒါ တို့ မြန်မာ့ ပညာတတ်နဲ့ မြန်မာ့ ဓလေ့ပါ။

Monday, March 21, 2011
ရိုးမြေကျ
ရိုးမြေကျ ဆိုတဲ့ မြန်မာစကားလုံး ကိုသဘောကျခဲ့တယ်။
ဒါပေမဲ့ အဲဒီစကားတစ်ခုတည်းနဲ့ မရပ်တည်နိုင်ဘူးဆိုတာ သိလာတာ မကြာသေးဘူး။
ရိုးမြေကျ ဘို့အတွက်
ဒိုးတူဘောင်ဘက် ဆိုတဲ့ စကားနဲ့တွဲမှ တကယ်ရိုးမြေကျမယ်လို့ ထင်ပါတယ်။

Subscribe to:
Posts (Atom)