မန္တလေးက ဟိုတယ်တစ်ခုမှာ promotion လုပ်တဲ့ မလေးရှား IMU ဆေးကျောင်းက ပွဲလေးကို
TV ကလာတာ ကြည့်ရပါတယ်။
မြန်မာကျောင်းသားတွေကို ဖိတ်ပြီး ဥာဏ်စမ်းမေးခွန်းတွေကို
English လို Projector နဲ့ထိုးပြပြီး (A,B,C Choice) ကို အုပ်စုဖွဲ့လုပ်ခိုင်းတာလေးပါတယ်။
ကျောင်းသားတွေရဲ့ မျက်နှာမှာ စိတ်အားထက်သန်မှုတွေ အဖွဲ့လိုက် တိုင်ပင်ပူးပေါင်းမှုတွေကို တွေ့ရပြီး
ကျွန်မ အထင်တော့ 90% လောက် မှန်အောင် ဖြေနိုင်ကြတာကိုတွေ့လိုက်ရတော့
စိတ်ချမ်းသာလိုက်တာ
ပွဲပြီးသွားချိန်မှာ Interview တွေလုပ်ပါတယ်။
ကျောင်းသားတွေနဲ့ရော
ပွဲကျင်းပတဲ့ မလေးရှားက လူတွေကိုမေးပါတယ်။
မြန်မာကျောင်းသားတွေက ဥာဏ်စမ်းတွေဖြေချိန်မှာ တက်ကြွရွှင်လန်းပေမဲ့
Interview မှာ English လိုပြန်ဖြေဘို့ကိုတော့ တစ်ယောက်နဲ့တစ်ယောက်
တစ်တောင်နဲ့ တွတ်နေကြပါတယ်။
တစ်ယောက်နှစ်ယောက်ကတော့ ရဲရဲတင်းတင်း ဖြေသွားတာကိုတွေ့ရပါတယ်။
မြန်မာကျောင်းသားတွေရဲ့ အခြေအနေကို မေးတဲ့အခါမှာ
သူတို့က well satisfied လို့ပြန်ဖြေသွားပြီး
မြန်မာကျောင်းသားတွေကို ဘယ်လိုထင်ပါသလဲမေးခွန်းကိုတော့
brave more လို့ အကြံပြုသွားတာ ကြားလိုက်ရပါတယ်။
ဟုတ်ပါတယ်။
ကျွန်မအပါါဝင်
မြန်မာလူမျိုးအများစုက
ယဉ်ကျေးမှုအရရော
အကြောက်တရားအုပ်ချုပ်မှုကြောင့်ပါ
ရဲဆေးတင်ဘို့အများကြီးလိုပါတယ်။
မိမိကိုယ်ကို နှိမ်ချရမယ်ဆိုပေမဲ့
လိုအပ်လာရင်တော့ ရှေ့ထွက်ဘို့ ကျွန်မတို့ ကျိုးစားရပါလိမ့်မယ်။
ကိုယ့်ကိုယ်တော့ ကြောက်ရင်လွဲ ရဲရင် မင်း ဖြစ် ဆိုပြီး
စိတ်တင်းမိပါတော့တယ်။
Sunday, November 11, 2012
Wednesday, October 31, 2012
I want happiness.
Facebook မှာတွေ့လိုက်တာလေး သဘောကျလို့ပါ။
I want happiness.
စစ်မှန်တဲ့ ပျော်ရွှင်မှုကိုရဘို့
ပထမ I အတ္တ ကို ဖြုတ်လိုက်ပါတဲ့။
ဒုတိယ want လိုအင်ဆန္ဒတွေကို ပယ်လိုက်ပါတဲ့။
အဲဒီတော့မှ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိသွားမယ်တဲ့။
ငါတွေကို အရင်ဖြုတ်
လိုချင်တာတွေ ဖယ်ထားပြီး
ဘ၀ကို စစ်မှန်စွာနေထိုင်ချင်ပါတယ်။
ခပ်ကြောင်ကြောင် လူတစ်ယောက်ပေါ့။

Thursday, October 4, 2012
ပညာ ခေတ်
နိုင်ငံမတည်ငြိမ်တဲ့အချိန်မှာ လက်နက်ရှိသူတွေ နဲ့ အာဏာရှိသူတွေက ရှေ့တန်းရောက်ပေမဲ့
တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတခုမှာတော့ ဥာဏ်ပညာရှိသူက ရှေ့တန်းကို ရောက်လာပါလိမ့်မယ်။
ပြီးခဲ့တဲ့ အပတ် Sunday ညနေခင်းမှာ တစ်ယောက်တည်း တက္ကသိုလ်ရိပ်သာလမ်းဘက်နေ
အဓိပတိလမ်း အတိုင်း လမ်းလျှောက်ဝင်သွားခဲ့တယ်။
1991ခုနှစ် ဘွှဲ့ယူပြီးနောက်ပိုင်း ပြန်လျှောက်ဖြစ်တာ ပထမဦးဆုံးအကြိမ်ပါဘဲ။
21နှစ်တောင် ကြာခဲ့ပေမဲ့ အရာအားလုံးက သိပ်မဝေးတဲ့တနေ့ကလိုပါဘဲ။
တစ်ယောက်တည်း ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့တယ်။
1987 မတိုင်ခင်က အရမ်းကို အသက်ဝင်ခဲ့ပါတယ်ဆိုတာ မယုံချင်စရာပါ။
RC ထဲက ဆိုင်ခန်းတွေထဲလဲ ၀င်ကြည့်လိုက်သေးတယ်။
ကျွန်မတို့ကျောင်းနေတုန်းကတော့ RC သာစကားပြောတတ်ရင် ကိုယ်ဘယ်လိုစောင့်တာ သူအသိဆုံး
ဆိုပြီး ကိုင်ဇာ ဆိုခဲ့သေးတယ်လေ။
အေးချမ်းလုံခြုံခဲ့ကြတယ်။
အားကစား အမျိုးမျိုးလုပ်ကြတယ်။
အနုပညာအသင်းတွေလုပ်ကြတယ်။
စာအုပ်တွေ ထုတ်ကြတယ်။
ညဘက်အဆောင်ရှေ့ သီချင်းဆိုကြတယ်။
အိမ်က မိဘတွေက ကျောင်းသွားထားတယ်ဆိုပြီး စိတ်အေးရတယ်။
အများဆုံး စကော့ဈေးနဲ့ ရုပ်ရှင်ကြည့်တာလောက်ဘဲ ရှိခဲ့ကြတယ်။
အခုတော............. အနာဂတ် လူငယ်တွေကို မျက်ကွယ်ပို့ပြီး
အတတ်မျိုးစုံသင်ယူချင်စရာ ပတ်ဝန်းကျင်သစ်ကြီးကို ဖန်တီးပေးလိုက်တယ်။
ဖဲရိုက်ကြတယ်။
အရက်သောက်ကြတယ်။
ဆေးသုံးကြတယ်။
သုံးနှစ်သုံးမိုး ပုဝါတကမ်း လက်တလှမ်းတွေ မဟုတ်တော့ဘူး။
တိုးတက်လာတာလား
ဆုတ်ယုတ်သွားတာလားဆိုတာကို မတိုင်းတာ ချင်တော့ဘူး။
ကျွန်မ အဆောင်နေတုန်းက အဆောင်မှူး ၊ ဟောကျုတာ တွေကို အားကျခဲ့တယ်။
သူတို့လို စာတွေဖတ်ပြီး ကျောင်းဆောင်မှာနေ (အိမ်မှမနေချင်တာလဲပါတယ်)
ဘ၀ကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တယ်။
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့တခုနဲ့တင် ရပ်ပြီး ကျောင်းနဲ့ ဝေးခဲ့ရတယ်။
အလုပ်ရှာတယ် ငွေရှာတယ် ပညာတော့ မရှာဖြစ်တော့ဘူး ( Certificate )
အလုပ်အတွက်တော့ ဖတ်ရတာပေါ့။
ဒါပေမဲ့ ခေတ်ကြီးက လူထက် Certificate က ပိုအရေးပါလာတယ်။
လစာမှာ Certificate ဘိုးတွေ ထည့်ပေါင်းပေးတဲ့ ခေတ်ကို ရောက်တော့မယ်။
အဲ့ဒီတော့ (25)နှစ်လုံး ဝေးကွာခဲ့တဲ့ International Certificate တခုခုရဘို့အတွက်
....................... တပတ်ပြန်ကျိုးစားကြည့်ဦးမယ်။
အရွယ်လွန် အိမ်မက်တွေပေါ့။

Thursday, September 20, 2012
Tuesday, September 18, 2012
Tuesday, September 11, 2012
Saturday, September 8, 2012
ဘ၀ထဲက ဖယ်ထုတ်ထားသူများ (1)
ဘ၀ထဲကနေ ဖယ်ထုတ်ပစ်လိုက်တဲ့လူတွေ အများကြီးရှိခဲ့တယ်။
အကြောင်းအမျိုးမျိုးကြောင့်ပါ။
ကျွန်မထက် အသက် (2)နှစ်ကြီးတဲ့ တစ်ဝမ်းကွဲ အကိုတစ်ယောက်ရှိတယ်။
တစ်ဝမ်းကွဲဆိုပေမဲ့ ငယ်ငယ်တုန်းက တအိမ်ထဲ ကြီးပြင်းလာကြတာမို့
မောင်နှမအရင်းတွေလို နေခဲ့တယ် ထင်ပါတယ်။
ကျွန်မလဲ တက္ကသိုလ်တက် သူလဲ ဗိုလ်သင်တန်းသွားဆိုတော့
တဖြည်းဖြည်းနဲ့ ဝေးသွားကြတာပေါ့။
နောက်ပိုင်း ပြန်တွေ့တော့ အလေးမပြုတတ်တဲ့ကျွန်မက သူနဲ့ ခပ်ဝေးဝေးနေခဲ့တယ်။
ကျွန်မကျောင်းပြီးတော့ သူလဲ ရှေ့တန်းမှာ ဒါဏ်ရာ ရပြီး အရပ်ဖက်ကိုပြောင်းရတယ်။
ဌာနဆိုင်ရာတွေမှာ ငါတို့က တပ်မတော်ကနေလာတာ
အရာရာကို လုပ်တတ်ကိုင်တတ် စီမံတတ်တယ်လို့ စိတ်ကြီးဝင်နေကြတဲ့ခေတ်ပေါ့။
ကျွန်မကတော့ ဘွဲ့လေးတစ်ခုရပြီး ဘာလုပ်ရမှန်းမသိဘဲ 1988 ခေတ်ပျက်ကြီးထဲမှာ
မာန်ကလေးနဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်အောင် ယိုင်နဲ့နဲ့ ယောင်ဝါးဝါး
လမ်းပျောက်နေချိန်ပေါ့။
ကျွန်မအကို အရေးပါနေတဲ့ ဌာနမှာဖွင့်တဲ့ သင်တန်းတစ်ခုကြော်ငြာတွေ့လို့
အဲဒါလေးများတက်ရင် အလုပ်ရဘို့ အထောက်အကူပြု့မလားလို့စဉ်းစားပြီး
သူတို့ရုံးရှိတဲ့ ဆူးလေ အ၀ိုင်းကို တက်ခဲ့ဘူးတယ်။
အချိန်(1)နာရီလောက်စောင့်ပြီးချိန်မှာတော့ အကိုလုပ်တဲ့သူကိုတွေ့တော့
သင်တန်းအကြောင်းမေးတုန်း.......... ပြန်ပြောလိုက်တဲ့ခပ်တိုတို စစ် စကားတစ်ခွန်းကို မှတ်မိတယ်။
သင်တန်းတက်ဘို့ဆိုတာ မလွယ်ဘူးတဲ့။
ကျွန်မကလဲ ဒါဆိုလဲ ရပါတယ်လို့ တခွန်းဘဲပြောပြီး
အဲဒီရုံးခန်းက ပြန်ဆင်းလာလိုက်တာ
ခုဆို နှစ်ပေါင်း 26နှစ်ကြာခဲ့ပြီ။ မျက်နှာချင်းမဆိုင်တာလဲ 26နှစ်ရှိခဲ့ပြီ။
ဘ၀တွေ အခက်အခဲတွေ အလုပ်တွေ သင်တန်းတွေ အမျိုးမျိုး တွေ့ခဲ့ပြီးပြီ။
ဒါပေမဲ့ မကြာသေးခင်က သူ့အဖေ ဆုံးတော့ ဖုံးနဲ့ပြန်အဆက်အသွယ်ရခဲ့တယ်။
ဒီနေ့ဖုံးဆက်လာတယ် သူရန်ကုန်က သံရုံးတစ်ခုမှာ သင်တန်းတက်မှာမို့
အိမ်မှာ တည်းလို့ ရမလားတဲ့။
တုံ့ဆိုင်းဆိုင်းအသံနဲ့ပေါ့။
ကျွန်မကတော့ နေရာလှူတယ်လို့သဘောထားပြီး
အိပ်လို့တော့ရပါတယ်။ သော့တစ်ချောင်းပေးထားမယ်။
ကျန်တာကိုယ့်အစီအစဉ်နဲ့ကိုယ်လို့ချက်ချင်းပြန်ပြောလိုက်ပါတယ်။
အေးစက်တဲ့အသံနဲ့ပေါ့။
ဒါ မြန်မာ မောင်နှမတဲ့လား။

Subscribe to:
Posts (Atom)