Saturday, June 19, 2010

တောင်းမှာ အကွပ် လူမှာ အ၀တ်

ကျွန်မက မိန်းခလေးပေမဲ့ အ၀တ်အစားကို သိပ်အလေးမထားတတ်တဲ့ထဲမှာပါတယ်။ အ၀တ်အစားဆိုလို့ ပထမဦးဆုံးအမှတ်ရလာတာက သူငယ်တန်းတက်တဲ့နှစ်မှာ အမေ့မိတ်ဆွေတစ်ယောက်က အဖြူနဲ့အစိမ်း စပ်ချုပ်ထားတဲ့ ဂါဝန်ကလေးရဘူးတယ်။ အဲဒါကို သဘောကျပြီးအခုထိ မျက်စိထဲ ပြန်မြင်နေတုန်းဘဲ။ ကျွန်မတို့အမေက တစ်သွေးတစ်သံ တစ်မိန့်သမားလေ။ သူဆင်သလို ၀တ်ခဲ့ရတာ။ ကျွန်မနဲ့တအိမ်တည်းအတူနေခဲ့ရတဲ့ တစ်ဝမ်းကွဲအကိုလည်းရှိတယ်။ မောင်နှမနှစ်ယောက်ကို ရှပ်အကျီင်္နဲ့ ဘောင်းဘီလေးတွေ ဆင်တူ ချုပ်ပေးလေ့ရှိတယ်။ ကျွန်မရုပ်ကလဲ အဖေနဲ့ချွတ်စွပ်တူတယ်။ အဲဒီတော့ ဘာဖြစ်သတုန်းပေါ့။ သူငယ်တန်းတက်တဲ့နှစ်မှာ မိန်းခလေးတွေက ဘိုကေ၊ရှပ်အကျီင်္နဲ့ ကျွန်မကို သူတို့အိမ်သာထဲ ပေးမ၀င်ဘူးတဲ့။ အဲဒီမှာ စတွေ့တာပါဘဲ။ ညီမလေးမွေးပြီး နောက်ပိုင်းမှာတော့ အမေက ညီအစ်မနှစ်ယောက်ကို ပုံစံတူ အရောင်ကွဲ ၀ယ်ပေးလေ့ရှိတယ်။ ကျွန်မက အသစ်ဆိုရင် သိပ်တောက်ပြောင်နေရင် မ၀တ်ရဲဘူး။ ကျွန်မညီမကတော့ အ၀တ်အစားအသစ်များရှိလို့ကတော့ လမ်းရှာနေတော့တာဘဲ။ သူ့ အကျီ်တွေကို အရင်ချဝတ်ပစ်တာ နည်းနည်းလဲ ဟောင်းရော မ၀တ်ရသေးတဲ့ ကျွန်မအကျီအသစ်ကို ခဏငှားဝတ်တာ။ နှစ်ခါသုံးခါလောက်ဝတ်ပြီးမှ ပြန်ပေးလေ့ရှိတယ်။ နောက်ပိုင်း အရွယ်ရောက်လာတော့ အမေက တစ်ယောက်ကို သူ့ထမီဘယ်နှစ်ထည်ဆိုပြီး ချပေးလေ့ရှိတယ်။ သိတဲ့အတိုင်း အမေက ခပ်၀၀လေ ပြီးတော့ ပါတိတ်လေးထောင်ကွင်းတွေကို ကျွန်မ ပိန်တာရိုးလေး ဘယ်လိုများ ၀တ်မလဲဆိုတာ မြင်ကြည့်တော်မူကြပါ။ ဒါပေမဲ့ နောက်ပိုင်း ကိုယ်တိုင် ၀ယ်ဝတ်လာတဲ့အခါမှာလဲ ပါတိတ်ဘဲ ၀ယ်လေ့ရှိပြီး ကွင်းအကျယ်ကြီးကို မဖြတ်ဘဲ ဒီအတိုင်းချုပ်ဝတ်လိုက်တာဘဲ။ ကျွန်မတို့ကိုချစ်တဲ့ အမေ့မောင်ဦးလေးက သူရှပ်အကျီင်္ဝယ်ရင် ပိုဝယ်လာပြီး ပေးတတ်တယ်။ အဲဒီတော့ ဦးလေးပေးတဲ့ ရှပ်အကျီင်္နဲ့ အမေပေးတဲ့ ပါတိတ်ထမီနဲ့ဆိုတော့ လူကတော်တော်လေး သရုပ်ပျက်ခဲ့တာပါဘဲ။ ဒါပေမဲ့ ကျွန်မက စိတ်ကူးယဉ်တတ်တယ်။ ကျွန်မနဲ့ခင်တဲ့ အစ်မဆရာဝန်တစ်ယောက်က ပါတိတ်ဝမ်းဆက်ဝတ်လေ့ရှိတယ်။ သူ့ကိုအားကျပြီး ငါအသက် 30ကျော်ရင် ၀မ်းဆက်ဝတ်မယ်လို့ အားခဲခဲ့တယ်။ တကယ်လဲ ၀တ်ခဲ့ပါတယ်။ နောက်ပိုင်း ဒေါ်စုကိုအားကျပြီး မြန်မာချည်ထည်တွေ ၀တ်ချင်စိတ်ဖြစ်လာပြန်တယ်။ ဒါပေမဲ့ စလုံးကို ခဏသွားနေတော့ ဘ၀က တစ်ဆစ်ချိုးသွားပြန်ရော။ အပေါ်က Discount နဲ့ရတဲ့ sport shirt နဲ့ဘောင်းဘီကို ၀ယ်ဖြစ်သွားတယ်။ အသက် 40ကျော်မှလေ။ အခု ရွာပြန်လာပြီး ရုံးမှာ uniform ၀တ်ရမယ်ဆိုတော့ admin depart က အပြာနုရောင်ကိုပြတယ်။ အော သူတို့က ကလေးတွေဆိုတော့ နုနုဖတ်ဖတ်ကလေး ၀တ်ချင်တယ်ထင်ပါ့။ ကျွန်မကတော့ အဲဒီအပြာနုရောင်နဲ့ ရွှေပြည်သာ ဖုံတောထဲမှာ ကိုယ့်ကို မြင်ယောင်ကြည့်လိုက်တာ။ တော်တော်လေး စိတ်ပျက်တာနဲ့ ဗီတိုအာဏာသုံးပြီး အပြာရောင်အရင့် ချည်ထမီ ပန်းထိုးကို ၀မ်းဆက်ရွေးလိုက်တယ်။ အငယ်တွေက ခဏတော့ အော်ဆင်းသွားပေမဲ့ ရေလျှော်များလို့ အရောင်လွင့်လာရင် နောက်ပြီးအသွားအပြန်ဖုံတွေနဲ့ ညစ်ပေလာရင် သူတို့နားလည်လာကြပါလိမ့်မယ်လို့ မျှော်လင့်ရင်း လာမဲ့တနလာင်္မနက်ခင်းမှာ ချည်ထမီ ၀မ်းဆက် အပြာရင့်ရောင်နဲ့ ရွာသူတစ်ယောက်ကို မျက်စိထဲမြင်ကြည့်လိုက်ကြပါ။

2 comments:

  1. အတော်အဆင်ပြေမယ် ကြည့်လို့

    ReplyDelete
  2. :) ၀တ်ချင်လိုက်တာ....။

    ReplyDelete