Monday, December 14, 2009

ကျိုက်ထီးရိုး

ကျိုက်ထီးရိုးကို သွားခဲ့တယ်။
ဒီတခါဆိုရင် ရောက်တာ (6)ခေါက်ရှိသွားပြီလေ။
နောင်လည်း အမြဲသွားဘို့ စိတ်ကူးတွေရှိနေတုန်းပါဘဲ။
ကျိုက်ထီးရိုးသွားတဲ့ ရည်ရွယ်ချက်က ဟင်းလင်းပြင်ထဲမှာ ရွှေရောင်တွေဝင်းနေတဲ့ မြတ်စွာဘုရားရဲ့ ပုံရိပ်ဖြစ်တဲ့ ကျောက်တုံးပုံစေတီကို ဖူးချင်လို့
နောက်တစ်ခုက တောတောင်တွေထဲမှာ အေးတဲ့လေရဲ့အထိအတွေ့ကို ခံစားဘို့နဲ့ သန့်ရှင်းတဲ့လေကို ရှူဘို့ပေါ့။

ကျွန်မသွားမယ်လို့ စိတ်ကူးပြီး ညီမလေးတစ်ယောက်ကိုပြောတော့ သူလိုက်မယ်တဲ့ နှစ်ခါတောင် မခေါ်လိုက်ရဘူး။ အဲဒါနဲ့ကျိုက်ထိုဟိုတယ်ကို ရန်ကုန်ကနေ အခန်းယူလိုက်တယ်။ ပိုအဆင်ပြေအောင်ပါ။
ဘုရားဖူးကားတွေနဲ့လိုက်ရင် ညဘက်ထွက်ပြီး တညလုံးကားစီးရင် ကားပေါ်မှာ မအိပ်တတ်တာနဲ့ အိပ်ရေးပျက်လို့ လိုင်းကား ၀င်း ကားဂိတ်ကနေ စနေ မနက် 7နာရီခွဲထွက်တဲ့လက်မှတ်ကို ၀ယ်လိုက်တာပေါ့။ သူငယ်ချင်းတွေကို ခေါ်ပေမဲ့ လိုက်မယ် မလိုက်ဘူးတွေနဲ့ ရှုပ်နေပြီး သွားခါနီး (2)ရက်အလိုမှ သူငယ်ချင်း အပျိုကြီး(2)ယောက်က လိုက်မယ်ထလုပ်ပါတယ်။ အဲဒါနဲ့ လေးယောက်သား ကျိုက်ထီးရိုးခရီးထွက်သွားဖြစ်ပါတယ်။ စနေသွားပြီး တနင်္ဂနွေပြန် တညအိပ်ခရီးကလေးပါ။

တောင်ပေါ်အထိကားနဲ့တက်လိုက်ပြီး ဟိုတယ်မှာ ခဏနား ရေမိုးချိုးပြီး ဘုရားကို အေးအေးဆေးဆေးဖူးခွင့်ရခဲ့ပါတယ်။ ကျိုက်ထိုဟိုတယ်မှာ ညစာ ထမင်းပေါင်းမှာစားပြီး ဟိုတယ် အောက်ချိုင့်ကနေ ညဘက်မှာ ဘုရားကို ထိုင်ဖူးပြီး ဘေးက တောတောင်တွေကို အချိန်ယူငေးမောနေပြီး အဲဒီညကို စိတ်ကျေနပ်စွာ ကုန်စေခဲ့ပါတယ်။ အဓိကထားကြည့်မိတာကတော့ ကောင်းကင်က ကြယ်တွေပါ။ ကျွန်မက လကို သဘောကျပေမဲ့ ကြယ်တွေကိုချစ်တယ်။ ညဘက်အပြင်ထွက်တိုင်း ကြယ်တွေကို မော့ကြည့်ဖြစ်တယ်။ အဲဒီညမှာတော့ ကောင်းကင်ကို မော့ကြည့်ရမှာကြောက်တဲ့ သူတစ်ယောက်ကို အမှတ်ရလာတယ်။ အဲဒီတစ်ယောက်နဲ့ ညပေါင်းများစွာ သူ့ဆေးခန်းပိတ်လို့ပြန်ချိန်တွေနဲ့ ဆေးရုံး ည(8)နာရီ ဂျူတီထွက်ချိန်တွေမှာ လမ်းလျှောက် ခဲ့ဘူးတယ်။ လူတိုင်းမှာ ကြောက်တတ်တဲ့စိတ်တစ်မျိုးစီရှိတယ်တဲ့ သူက ကောင်းကင်ရဲ့ ဟင်းလင်ပြင်ကို မော့ကြည်ရမှာ ကြောက်တယ်တဲ့။ အဲဒါလွန်ခဲ့တဲ့ 25နှစ်က ပြောခဲ့တဲ့ စကားလေးပေမဲ့ တိုက်ဆိုင်တိုင်း သတိရပါတယ်။ အခုတော့ အားလုံးက အဝေးမှာ ကျန်ခဲ့ပြီလေ။
ကျိုက်ထီးရိုးမှာ ကြယ်တွေ ခပ်များများမြင်ခွင့်ရခဲ့တယ်။
ရန်ကုန်မှာ ကြယ်တွေ နည်းတယ်။
စင်ကာပူမှာ ခဏနေတုန်းကလဲ ကြယ်တွေကို ကြည့်ပေမဲ့ မတွေ့ခဲ့ရဘူး။
ထိန်လင်းနေတဲ့ အယောင်ဆောင်မီးတွေကြားမှာ ကြယ်တွေကို မတွေ့ခဲ့ရဘူး။ အဲတုန်းကများ ကြယ်တွေကို လွမ်းတဲ့စိတ်ဖြစ်ခဲ့ရတယ်။
အခုကျိုက်ထီးရိုးမှာတော့ ကြယ်တွေနဲ့တညတာ ရင်းနှီးခဲ့ရလို့ စိတ်ကျေနပ်သွားခဲ့တယ်။

နောက်နေ့မနက် 10နာရီခွဲမှာ ဟိုတယ်က check out လုပ်ပြီးတော့ ခြေလျင်ရသေ့တောင်ကို ဆင်းခဲ့တယ်။ လမ်းမှာ ဘူးသီးကြော်ရောင်းတဲ့ တောင်စောင်းက ဆိုင်ကလေးမှာ အေးအေးဆေးဆေးထိုင်ပြီး လေပစ်ကြတာပေါ့။ အဲလိုအချိန်မျိုး မရခဲ့တာ ဘ၀မှာ ကြာပေါ့။ ဘာတွေက အရေးကြီးမှန်းမသိတော့လောက်အောင် ရှုပ်ထွေးနေခဲ့တယ်။
အခုလို ဘေးပတ်ဝန်းကျင်ကို ရပ်ကြည့်လိုက်တော့မှာ ကိုယ့်ရဲ့တည်ရှိခြင်းက အဓိပါယ်ရှိလာတယ်။

ကျိုက်ထီးရိုးကို တက်ခဲ့တဲ့ ရည်ရွယ်ချက်တွေ မတူပါဘူး။
အသက် (20)ကျော်မှာ သူငယ်ချင်းတစ်ယောက်က စာရိတ်ခံလို့ စရောက်ဖူးခဲ့တာ
အဲဒီပထမဦးဆုံးအခေါက်က 1991ပေါ့။
တောင်ပေါ်ကို ကားမရှိသေးဘူးလေ။
ခြေလျင်တက်ရတာ တောင်ခြေကနေပေါ့။
စတက်လာပြီး ရေမြောင်ကြီးလဲကျော်ရော ကျွန်မ ဖိနပ်ပြတ်သွားပါလေရော။
လမ်းမှာ ဖိနပ်ကို တခါတည်း သံယောဇဉ်ဖြတ်ခဲ့ပြီး ဖိနပ်ဗလာနဲ့တောင်ပေါ်အရောက်တတ်ခဲ့တယ်။ တောင်ပေါ်ဈေးတန်းရောက်မှ ဖိနပ်ဝယ်လို့ရတယ်လေ။
အဲဒီလို ဘုရားကို ရိုသေတာ တောင်အောက်ကတည်းက ဖိနပ်ချွတ်လာတာလေ။
လမ်းမှာလည်း သူငယ်ချင်းက အကုန်ခံတာမို့ စားချင်တာတွေ လျှောက်စားလာတာ
အုန်းရည်ဆိုလည်း ၀င်သောက်လိုက်တာဘဲ။
ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် ထမင်းဆိုင်မှာ အိပ်ကြတာ
တခန်းနဲ့တခန်း ထရံကလေးဘဲခြားပါတယ်။
ဇီဇာကြောင်တဲ့ ကျွန်မက ခြင်ထောင်သယ်လာပြီး အစောကြီးထောင်အိပ်နေလို့
ဘေးက လူတွေက သူတို့သောက်ထားတဲ့ အချိုရည်ဗူးခွံတွေကို ခြင်ထောင်ပေါ်ပစ်တင်ထားကြတာ
မမေ့ဘူး။
နောက်များတော့ ထမင်းဆိုင်မှာ မတည်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ဟိုတယ်မှာတည်းဘို့လည်း ပိုတ်ဆံက မရှာနိုင်သေးဘူးလေ။

ကျိုက်ထီးရိုးကိုခြေလျင်တက်လိုက်လို့ တကိုယ်လုံးချွေးတွေ ရွှဲနစ်ထွက်သွားရင် နောက်တနေ့မှာ သိသိသာသာပေါ့ပါးလန်းဆန်းနေတဲ့အရသာကို ကြိုက်လို့ အခေါက်တိုင်းခြေလျင်တက်ဘို့ စိတ်ကူးခဲ့ပါတယ်။
ဒါပေမဲ့ အသက်လေ အသက်
(35)နှစ်ကျော်လောက်တတ်တဲ့အချိန်မှာတော့ အခါတိုင်း နေ့ခင်းထမင်းစားပြီးတက်ရင် ညနေခင်းရောက်ပေမဲ့ အဲဒီအချိန်မှာတော့ ည(7)နာရီအထိ ကျွန်မ ဖိုးပြန်တောင်မှာဘဲရှိနေပါသေးတယ်။ အေးကလဲအေးလာ ခြေထောက်တွေကလည်း ကြွက်တာလာပြီးလှုပ်မရတာမို့ ညမိုးချုပ်မှ တောင်ပေါ်ကိုရောက်လာပါတယ်။ ချိန်းထားတဲ့လူတွေနဲ့လဲလွဲ တန်ဆောင်မုန်းလပြည့်နေကြီးမို့ လူတွေကကြပ် ဘုရားအလှူခံကနေ တည်းစရာစီစဉ်ထားပေမဲ့ သူငယ်ချင်းတွေကို သွားအော်ပေမဲ့ မရတာမို့ နောက်ဆုံး ရောက်မှ တွေ့တဲ့အသိတွေနဲ့ ကျိုက်ထီးရိုးဘုရားကို မီးပေးတဲ့ မီးစက်ကြီးထားတဲ့ အုတ်ဆောင်ထဲရောက်သွားပါတယ်။ ချမ်းလွန်းလို့သာလိုက်သွားတာပါ မီးခိုးတွေ အူနေတဲ့ လှောင်ပိတ်နေတဲ့အခန်းထဲမှာ အသက်ရှူကြပ်လာတာမို့ ခဏနေပြီး အပြင်မှာ ပြန်ထွက်ထိုင်နေရပါတယ်။
အဲဒီကတည်းက ခြေလျင်တက်ဘို့ မစွမ်းတော့ဘူးဆိုတာ ကိုယ့်ကိုယ် သိပြီး တည်းဘို့ ကြိုမလုပ်ထားနိုင်ရင် လာလို့မဖြစ်ဘူးဆိုတာ ကောင်းကောင်းနားလည်သွားပါတယ်။
နောက်အခေါက်တွေမှာတော့ အများအားဖြင့် ရသေ့တောင်အထိကားနဲ့တက် တောင်ပေါ်ကို ခြေလျင်ဆက်တက်နဲ့ အဆင်ပြေခဲ့ပါတယ်။
ခြေထောက်အရိုးအက်ပြီးတဲ့နောက်ပိုင်းမှာတော့ ဟဲဟဲ အသက်(40)ကျော်လာချိန်မှာတော့ တောင်ပေါ်အထိကားနဲ့တက်ဘို့ကိုဘဲ စိတ်သန်လာပါတော့တယ်။
လမ်းလျှောက်တက်တဲ့အရသာမရတော့ပေမဲ့ တောင်ပေါ်မှာ နေရတဲ့ စိတ်ကြည်နူးမှုကလေးကိုရနေသေးတာမို့
နောက်နှစ်တွေလည်း ကျိုက်ထီးရိုးကို လာဘို့ အမြဲတမ်း စိတ်ကူးနေမိနေဦးမှာပါ။

4 comments:

  1. ကား နဲ့ တောင်ပေါ်ထိ ရောက်အောင် သွားလို့ ရပြီလား...း)) ဟန်ကျတာပဲ..။ အစ်မ ရေ.. အသက် 20 ကျော်မှာ အမ က တတ်နိုင်တုန်းဆိုပေမယ်.. နောင့် က အသက် 20 မပြည့်ခင်မှာ နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးလို့... သူငယ်ချင်းတွေ စုသွားကြတော့..တောင်ပေါ်ကို မတတ်နိုင်လို့...အထမ်းခေါ်ပေးပါလို့ ... တူတူသွားတဲ့ အမ(ပိပိ) ကို အတင်းပူစာဖူးခဲ့တယ်...။ အမ ကလဲ ကိုယ့်ကို ချစ်လို့လား နားပူ မခံနိုင်လို့လား မသိဘူး...အထမ်းသည်ကိုတော့ ဈေး သွားမေးလိုက်ပါသေးတယ်... ဒါပေမယ့် ဈေးမေးပြီးတော့..ညီမလေး ရယ် ဒီတိုင်းပဲ တတ်လိုက်ပါတဲ့( အထမ်းသည်ပေးဖို့ ပိုက်ပိုက်မလောက်လို့) ၊ သူငယ်ချင်းတွေကလဲ... နင့်အရွယ်နဲ့ အထမ်းသည် ပေါ်တတ်ရမှာ ရှက်စရာ ဘာညာ ၀ိုင်းပြောကြလို့.... ခြေတရွတ်ဆွဲပီး..တတ်ခဲ့ပြီးထဲက... သွားချင်ပေမယ့် ကြောက်သွားတာ...။ ခုတော့ ကားနဲ့ တတ်လို့ ရပီဆိုတော့ အိုခေ ပေါ့...။ ဒီတစ်ခါ ပြန်ရင် ရောက်အောင် သွားမယ်...။ :D

    ReplyDelete
  2. နောင့် က ကျိုက်ထီးရိုးတောင်ပေါ်မှာ ပျော်ကို ပျော်တာ... :D

    ReplyDelete
  3. တို့လဲ နောက်တစ်ခေါက်သွားမယ။် ပြီးခဲ့တဲ့တစ်ခေါက်ကမိုးတွင်းမို့လို့မသွားခဲ့ရဘူး

    ReplyDelete
  4. မျော်နေတာ စာရေးမယ်လို့ပုံပြောသွားတဲ့သူကို

    ReplyDelete