Thursday, December 31, 2009

မင်္ဂလာပါ 2010

ကျွန်မငယ်ငယ်တုန်းက ဇန်န၀ါရီလ (1)ရက်နေ့တိုင်း အ၀တ်အစားကို
အသစ်ဝယ်ထားပြီး ၀တ်လေ့ရှိပါတယ်။
ဒါပေမဲ့ စိတ်တွေကတော့ အဟောင်းအတိုင်းဖြစ်နေတာကို နည်းနည်းကြီးလာမှ သိလာတယ်။
နောက်ပိုင်းမှာ အ၀တ်အသစ်ထက် စိတ်အသစ် လန်းလန်းဆန်းဆန်းနဲ့
နှစ်သစ်ကို ၀င်နိုင်ဘို့ ကျိုးစားလာပါတယ်။
စိတ်အသစ်နဲ့ ကြိုချင်ပေမဲ့ အသက်တစ်နှစ်ကြီးလာပြီမို့ ပို အို သွားတာကိုတော့
လက်ခံလိုက်ရပါတယ်။
2009 ခုနှစ်ကို ပြန်ကြည့်လိုက်တော့ တော်တော်လေး စိတ်ပင်ပန်းတာကို ပြန်မြင်လာပါတယ်။
နှစ်စမှာ စင်ကာပူမှာလုပ်နေတာမို့ သက်တမ်းတိုးဘို့က ရှိနေပါတယ်။
အလုပ်က သက်တမ်းတိုးပေးပေမဲ့ Reject ဖြစ်လို့ပြန်ရတဲ့သူငယ်ချင်းတွေရှိနေတော့ နည်းနည်းလည်းသောကဖြစ်ခဲ့ပါတယ်။
လူဆိုတာ စားဝတ်နေရေးအတွက်အလုပ်လုပ်တယ်။
နောက် ဖူလုံလာတော့ ဂုဏ်အတွက် လုပ်ပြန်ရော။
နောက်ထပ်တက်လာတော့ ကိုယ့်အသိဥာဏ်အတွက် အလုပ်လုပ်ပြန်ရောနဲ့
အလုပ်သံသရာထဲမှာဘဲရှိနေပါတယ်။
ကျွန်မက ကိုယ့်ကို ဘယ်လိုဘဲ အားတင်းထားပေမဲ့ Extesnion Reject ဖြစ်လို့ ပြန်ရတဲ့
အဖြစ်ကိုလည်း မသိစိတ်ကလက်မခံချင်ပြန်ပါဘူး။
အဲဒါကြောင့် နှစ်စပိုင်းမှာ စိတ်တွေ ပင်ပန်းနေခဲ့ပါတယ်။
ဒါပေမဲ့ Online Extension ကို တစ်ရက်နဲ့ရတာမို့ သိပ်ကြာကြာမပင်ပန်းလိုက်ရပါဘူး။
သက်တမ်းတိုးပြီးပြန်တော့
ရွာပြန်လည်ချင်ပြန်ရော
နောက်ထပ် လိုအင်ဆန္ဒတစ်ခုပေါ့။
အိမ်ပြန်ဘို့ မတ်လ မှန်းပေမဲ့ မပြန်ခင်တစ်လလောက်ကတည်းက လက်ဆောင်ဝယ် သူငယ်ချင်းတွေကိုပြန်လာမယ်ဘယ်သွားမယ် ဘာစားမယ်နဲ့ တော်တော်လေး အလုပ်ရှုပ်ပါတယ်။
ပြန်မလာခင်လည်း သူများလူကြုံလာပေးတာတွေ ပြန်ရောက်တော့လည်း ရွာကလူကြုံထည့်ပေးလိုက်တာနဲ တစ်လလောက်က ရှုပ်ထွေးနေတာပါဘဲ။
ဒီထက်ပို ရှုပ်ထွေးတာကတော့ ရွာမှာနောက်ဆုံးလုပ်ခဲ့တဲ့အလုပ်က ကျွန်မကို ပြန်ခေါ်တာပါဘဲ။
statistic မှာ သင်ခဲ့တဲ့ Probability ဖြစ်တန်စွမ်းတွေကို ချချရေးပြီး
(5)လလောက် စလုံးနဲ့ရွာကို ချိန်ထိုး ကိုယ့်အသက်ကို ထည့်ပေါင်းနဲ့
တော်တော်လေး သောကများခဲ့ရပါတယ်။
အကောင်းနဲ့အဆိုးကို ရွေးချယ်ပါ။
နည်းနည်းကောင်းတာနဲ့များများကောင်းတာကို ရွေးပါဆိုရင်။
အိုကေ ချက်ချင်းအဖြေပေးနိုင်ပေမဲ့
ကောင်းတဲ့ အခြေအနေတွေက သိပ်မကွာတာနဲ့
ကျွန်မက ရွာကို ခင်တဲ့စိတ် လူတွေနဲ့မီးရောင်ကို အာရုံနှောက်တဲ့စိတ်တွေနဲ့
စက်တင်ဘာလဆန်းမှာ ရွာကို တစ်ခေါက်ပြန်ဖြစ်ခဲ့ပါတယ်။
အလုပ်နှစ်ခုကြား ဗျာများနေတာလေ။
ဒါပေမဲ့ ရုပ်ဝတ္ထုတွေက ကျွန်မကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။
မီးပျက်တဲ့တိုင်းပြည်
ညစ်ပတ်တယ်လို့ လူတွေပြောတဲ့တိုင်းပြည်
ဘယ်နေရာမှာမှ ကော်ဖီဘိုးမပေးရင် အဆင်မပြေပါဘူးဆိုတဲ့တိုင်းပြည်
စင်ကာပူနိုင်ငံသားခံထားတဲ့ကျွန်မသူငယ်ချင်းကပြောတာတော့
လူတွေကြည့်ရတာ ငြိုးငယ်နေတယ်ဆိုတဲတိုင်းပြည်
ကို

တစ်နှစ်ခွဲလုံးနေတာတောင် တခါမှ မီးမပျက်တဲ့တိုင်းပြည်
လေအေးစက်တပ်ထားတဲ့ ရထားကို စောင့်စရာမလိုတဲ့တိုင်းပြည်
ကဒ်ရှိရင်လိုချင်တာ 24နာရီရတဲ့တိုင်းပြည်
နောက်ဆုံး ခလုပ်နှိပ်တတ်ပြီး ကဒ်ထိုးတတ်ရင် အရာရာအဆင်ပြေနိုင်တဲ့
တိုင်းပြည်ကနေ

ပြန်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာ (1)ရက်နေ့ည ရွာရောက်ပြီး (2)ရက်နေ့မနက်မှာ အလုပ်သစ်ကို စ၀င်လိုက်ရတော့
အလုပ်သစ်ရဲ့ ဖိအားတွေနဲ့ တော်တော်လေး မလှုပ်နိုင်ဖြစ်လို့ ဘလော့တောင်ပိတ်ပစ်ရမလိုဖြစ်သွားပါတယ်။
တခုကံကောင်းတာကတော့ အလုပ်သစ်မှာ မီးစက်မောင်းပြီးအင်တာနက် တချိန်လုံး သုံးလို့ရတာပါဘဲ။
ရွာပြန်ပေမဲ့ တောသူမဖြစ်သေးတဲ့သဘောပေါ့။
အခုတော့ ရွာပြတင်းပေါက်ကနေ မြို့ကို လှမ်းငေးနေတဲ့အချိန်ပေါ့။
အဲဒီလိုနဲ့ ဒီဇင်ဘာဆိုတဲ့ 2009တံခါးနားကိုရောက်ခဲ့ပြီလေ။
တစ်နှစ်လုံး အလုပ်နှစ်ခုနိုင်ငံနှစ်ခုကြားမှာေ၀၀ါးခဲ့ပေမဲ့
2010မှာတော့ ရွာကလေး မှာဘဲ အခြေကျဘို့ ကျိုးစားရမယ်ဆိုတာ စဉ်းစားပြီး
နှစ်သစ်ကို စတင်လိုက်ပါတယ်။

3 comments:

  1. အားလုံးစုဖတ်သွားသည်။

    နစ်သစ်မှာ ချမ်းမြေ့ပါစေ

    ReplyDelete
  2. မမရေ...... 2010 မှာ 2009 လို ဗျာမများရပဲ တည်ငြိမ်အေးချမ်း ကောင်းတာတွေဖြစ်ဖို့ ကြိုးစားကြစို့နော်...။

    ReplyDelete