Friday, December 18, 2009

ရောက်နေတဲ့နေရာ

ဒီအလုပ်ခွင်ကိုရောက်တာ 2လကျော်လောက်ရှိပြီ။
အလုပ်ရှုပ်တာ မဟုတ်ပေမဲ့ အရှုပ်တွေကို လုပ်ရင်း ဘေးပတ်ဝန်းကျင်ကိုလည်း သိပ်မကြည့်ဖြစ်ခဲ့ဘူး။

ဒီနေ့တော့ ကျွန်မထိုင်ရတဲ့ အခန်းကလေးကနေ အပြင်ဘက်ကို ငေးနေမိတယ်။

ပထမဦးဆုံးသတိထားမိတာက စက်ရုံရှေ့က ကွင်းပြင်မှာ စပါးရိတ်နေကြတယ်။

လေအေးပေးစက်အခန်းထဲကနေထိုင်ကြည့်မိတာမို့ အေးအေးဆေးဆေးရှိပေမဲ့ သူတို့မှာ နေပူထဲ ဘယ်လောက်တောင် ပူနေကြမလဲ ဒါပေမဲ့ သူတို့စိတ်တွေကတော့ အေးချမ်းနေမယ်လို့ထင်ပါတယ်။

အရင်တုန်းကလဲ သီချင်းလေးတအေးအေးနဲ့ ကောက်စိုက်နေကြတဲ့သူတွေကို မြင်ခဲ့ဘူးတယ်လေ။ ရုပ်အပူနဲ့စိတ်အပူ ဘယ်က ပိုပူမယ်ထင်ပါသလဲ။

ကျွန်မတော့ လေအေးပေးစက်အခန်းထဲမှာ ငွေစာရင်းတွေနဲ့ ရှုပ်ပွနေတာပေါ့။

နောက်ခပ်လှမ်းလှမ်းကို ကြည့်လိုက်တော့ လှိုင်မြစ်ထဲမှာ အစုန်အဆန်သွားနေတဲ့ သဘောင်္နဲ့မော်တော်ထိပ်ပိုင်းတွေကို မြင်နေရတယ်။
အဲဒီကမ်းနားကိုတော့ တခါလောက်သွားထိုင်ဦးမယ်လို့ စိတ်ကူးပစ်လိုက်တယ်။
ညနေမိုးချုပ်မှောင်မှ စက်ရုံက ထွက်နေရတဲ့ဘ၀မှာ ဘယ်အချိန်မှများ သွားထိုင်ဖြစ်မယ် မသိဘူးလေ။

နောက်ထပ်မြင်ကွင်းတစ်ခုကတော့ ရွှေတိဂုံပုံမျိုးတည်ထားတဲ့ တေဇမုနိဘုရားပါ။
နိုင်ငံရေးနောက်ခံတွေနဲ့ ဘာတွေဘဲပြောနေကြပါစေ။
လူတွေကတော့ ဘုရားဆိုတာနဲ့တင် ကြည်ညိုပြီးသားမို့ ညဘက်သိပ်စည်တာဘဲလို့ စက်ရုံကလူတွေကပြောကြတယ်။

ကျွန်မအခန်းကနေမြင်နေရတဲ့ မြင်ကွင်းပါဘဲ။

တစ်ယောက်သောသူကတော့ မေးမှာပေါ့ ဒါဘဲလား လို့။

ဒါပါဘဲ

ကျွန်မက အလုပ်ခွင်တစ်ခုမှ 3နှစ်နဲ့ 5နှစ်ကြားနေတတ်သူမို့
အခုနေရာမှာလဲ အဲဒီလောက်တော့ ကြာမယ်လို့ ယုံကြည်ရင်း
အဲဒီမြင်ကွင်းလေးကို နေ့တိုင်း ကြည့်ဖြစ်နေမှာပါ။

3 comments:

  1. မင်္ဂလာပါ၊ စာအသစ်မဖတ်ရတာ ကြာပြီနော်။
    လှိုင်မြစ်ဘေးဆိုတော့ ရန်ကုန်မှာပဲပေါ့

    ReplyDelete
  2. ပျင်းနေလား...အခန်းထဲမှာ တစ်ယောက်ထဲလား...ပြန်လာပြီး အဖော်လုပ်ပေးရမလား...း))။ နေ့တိုင်းမရိုးနိုင်တဲ့ မြင်ကွင်းပါပဲ မမရယ်...နောင့် တို့ဆို..ဒီမှာ .. အပြင်က နေပူလား မိုးရွာလားတောင် မမြင်နိုင်တဲ့ ဘ၀ ပါ..။

    ReplyDelete
  3. ရေးပါဦး ပဲခူးအလွမ်းပြေလေး

    ReplyDelete