Tuesday, January 5, 2010

ကမ်းခြေ

ကျွန်မကိုငယ်ငယ်တုန်းက ဗေဒင်က နေနှစ်သေတတ်တယ်လို့ ဟောဘူးတော့
အမေက ရေနဲ့ဝေးဝေးနေဘို့ပြောခဲ့တယ်။
နောက်ပြီး အဆုတ်မကောင်းတော့ အအေးမခံနိုင်တော့ ရေနဲ့ပိုဝေးခဲ့တာပေါ့။
ပထမဦးဆုံးရေနဲ့နီးနီးနေဘူးတာဆိုလို့ အင်းလျားလေးအစပ်နဲ့ အင်လျားကန်ဘောင်ပေါ့။
နောက် အမေ့အုပ်ထိန်းမှုနဲ့လွတ်ပြီး ကိုယ်လုပ်ချင်ရာလုပ်ခွင့်ရတော့
သွားလို့ရတဲ့နေရာအကုန်လျှောက်သွားတာပေါ့။
ပြည်ကိုရောက်တော့ စာရင်းစစ်တွေက ငပလီသွားချင်တယ်တဲ့
အရင်က ကမ်းခြေကိုသွားဘို့စိတ်မ၀င်စားပေမဲ့ ပိုတ်ဆံမကုန်ဘဲ သွားရမှာမို့အားတက်သရောပေါ့
ထုံးစံအတိုင်း ပြည်သစ်လုပ်ငန်းက တီအီ11 ကားကြီးပေးလိုက်တာဘဲ
ပြီးရင် ငပလီမှာတည်းဘို့ ဘန်ဂလိုစီစဉ်ပေးလိုက်တယ်လေ
နေချင်သလောက်နေတဲ့
စာရင်းစစ်အဖွဲ့တွေနဲအတူ ကျွန်မသူငယ်ချင်းတစ်ယောက်လဲခေါ်ခဲ့တယ်။
သွားဘို့ကားရှိပြီး နေစရာရပေမဲ့ စားစာရိတ်အတွက် ကြံဖန်ရသေးတယ်။
အသွားမှာ ပြည်က ကြက်သွန်တွေတင်သွားပြီး အပြန်မှာ သံတွဲက ငါးနီတူခြောက်တွေပြန်တင်ခဲ့တာပေါ့
အဲဒီလိုနဲ့ တီအီ11 ကားကြီးနဲ့ ပြည်ကနေ ရခိုင်ရိုးမတောင်တန်းကို ကျော်ပြီး
ငပလီကို ချီတက်ခဲ့ပါတယ်။
ကုန်တင်လို့ကြာတာရော လမ်းမှာနားနားနေတာရောနဲ့
ငပလီကို ည 11နာရီမှာ ရောက်တော်မူပါတယ်။
မီးမလာတဲ့အတွက် လှိုင်းသံတွေကိုသာကြားရပြီး ပင်လယ်ကိုရောက်ရောက်ချင်းမမြင်ရပါဘူး။
ကျွန်မတို့ဘန်ဂလိုက ကမ်းစပ်ကိုမေးတင်ထားတာမို့ ညဘက်လှိုင်းသံတွေ တ၀ုန်းဝုန်းကြားနေရတယ်။
ကျွန်မက မနက်စောစောနိုးတတ်တာမို့ မိုးလင်းလင်းချင်းပင်လယ်ကြီးကိုထွက်ကြည့်မိတယ်။
ကျွန်မဘ၀မှာ ရေပြင်အကျယ်ကြီးကို ဒီတခါပထမဦးဆုံးမြင်ဖူးတာပါ။
အိုး လှလိုက်တာ မပြောတတ်အောင်ပါဘဲ။
အဲဒါနဲ့ကမ်းခြေကို ဆင်းလျှောက်ဖြစ်တယ်။
သဲသောင်ပြင်က ရေပြန်ကျသွားတဲ့နေရာလေးတွေက သိပ်လှတာဘဲ။
ပန်းချီဆွဲထားသလို အကွက်ကလေးတွေပေါ်နေတယ်။
ဖိနပ်မစီးဘဲ တစ်ယောက်ထဲ လျှောက်သွားပစ်လိုက်တယ်။
နေနည်းနည်းထွက်လာတော့ ရေမကူးတတ်ပေမဲ့ ရေထဲဆင်းချင်လာတယ်။
ဘောင်းဘီလေးပြန်လဲပြီး ရေထဲကို ဘောကွင်းမပါဘဲ ဆင်းချသွားတာလေ။
ခဏလဲနေရော အိမ်လောက်ကြီးတဲ့လှိုင်းကြီးက ပုတ်လိုက်တာ
ဘာကိုမှ မသိတော့အောင်ဖြစ်သွားခဲ့တယ်။
သတိရလို့ကြည့်လိုက်တော့ သောင်ပြင်ပေါ်မှာ ခွေခွေကလေး
တော်သေးတာပေါ့ မနက်ပိုင်းလှိုင်းက ကမ်းခြေဘက်ပုတ်လို့
ညဘက်ဆို ပင်လယ်ထဲဆွဲခေါ်သွားတာတဲ့
အခြားလူတွေက ရေကူးတတ်လို့ ဆင်းသွားတယ်မှတ်နေတာတဲ့
တခါဆိုတခါဘဲ ကြောက်လဲကြောက်သွားတယ်။
နောက်နေ့တွေမှာတော့ လုံးဝမဆင်းတော့ဘဲ ဘန်ဂလို ၀ရံတာကနေ ထိုင်ကြည့်နေဖြစ်တယ်။
အခြားလူတွေကတော့ အစားတွေစားကြ လမ်းလျှောက်ကြ ရေဆော့ကြနဲ့ ဆူညံနေတာဘဲ။
ကျွန်မကတော့ တိတ်တိတ်ကလေး ပင်လယ်နဲ့ကမ်းခြေကို ထိုင်ကြည့်နေဖြစ်ခဲ့တယ်။
ညဘက်အိပ်ရင်လည်း လှိုင်းသံတွေကို သေချာနားထောင်ပြီးအိပ်ဖြစ်ခဲ့တယ်။

အဲဒီတော့မှ ပင်လယ်နဲ့ကမ်းခြေကို ချစ်သွားတယ်။ 1995ပေါ့။

1997မှာ ဘန်ကောက်ကိုရောက်တော့ ပတ္တရားကမ်းခြေကိုရောက်ခဲ့တယ်။
ငပလီကိုရောက်ဖူးထားတော့ အိုး ပတ္တရားကမ်းခြေကရေတွေက ညစ်ပတ်တယ်လို့
ပြောမိတယ်။
ဒါပေမဲ့ နိုင်ငံခြားသားအများကြီးတွေ့ခဲ့ရတယ်။
လိုချင်တာကို ငွေပေးရင် အချိန်မရွေးရနိုင်လို့ဘဲပေါ့။

လိုက်ပို့တဲ့ ယိုးဒယားအဖော်တွေက သဘောင်္သီးထောင်းဘို့အတွက် အကုန်ပြင်ဆင်လာပြီး
ကမ်းခြေရောက်မှ ထောင်းတာမို့ တော်တော်လေးစားကောင်းတယ်။
speed boat စီးခဲ့တယ်။
ဆင်စီးမလား။
စက်ဘီးစီးမလား။
အိုး လိုချင်တာအကုန်ရနိုင်တယ်နော် ငွေတော့လိုတာပေါ့။
ဒါပေမဲ့ တို့ငပလီက သဘာဝအတိုင်း ပိုလှတယ်လို့ ခပ်တည်တည်နဲ့ ကြွားခဲ့မိတယ်။

2005 New Year မှာတော့ သူငယ်ချင်းတွေခေါ်လို့ ချောင်းသာကမ်းခြေကို သွားခဲ့တယ်။
အင်း....ငပလီလောက်မလှပေမဲ့ ပတ္တရားထက်တော့ သာပါတယ်။
စိတ်တွေ ရှုပ်ထွေးနေချိန်မှာ သွားခဲ့ရလို့
ကမ်းခြေကအပြန်မှာ နည်းနည်းကြည်လင်လန်းဆန်းလာခဲ့တယ်။
အစားတွေက ငပလီထက်ပိုကောင်းကောင်းစားခဲ့ရတယ်။
အဓိကက ပင်လယ်စာတွေပေါ့။
သွားတဲ့သူငယ်ချင်းတွေကလဲ လူညီတော့ ပျော်စရာပါ။
နှစ်သစ်မကူးခင်အချိန်မှာ လိုက်နိုးပြီး ကမ်းခြေမှာ သွားအော်ကြတာလေ။
ချမ်းလိုက်တာလဲအရမ်းဘဲ။
လပြည့်ညမို့ ပိုပြီး အေးချမ်းနေတော့တယ်။
နောက်ထပ်ကမ်းခြေကိုလာဦးမယ်လို့ စိတ်ထဲက ဆုံးဖြတ်လိုက်တယ်။

စင်ကာပူခဏရောက်တော့ စင်တိုဆာ ကိုသွားဖြစ်တယ်။
အဲဒီတော့မှ သူတို့ကိုသနားတော့တာ။
နောက်ကျိနေတဲ့ရေနည်းနည်းလေးထဲမှာ ပျော်နေလိုက်ကြတာ
သူတို့ကို မြန်မာပြည်က ငပလီကိုခေါ်ပြချင်လိုက်တာ။

ဒါပေမဲ့ သဘာဝတရားကို အနိုင်ယူသွားတဲ့ ပြုပြင်ထားတဲ့အရာတွေက အများကြီးလေ

အရှေ့ကမ်းခြေတွေ အနောက်ကမ်းခြေတွေလည်းရောက်ခဲ့တယ်။

ဒါပေမဲ့ ငပလီကိုအလှဆုံးလို့ဘဲထင်နေခဲ့တယ်။

အခုလည်းစိတ်တွေမောနေလို့ ကမ်းခြေကိုသွားချင်တယ်။

ဒါပေမဲ့

အရင်လိုလွတ်လပ်တဲ့ စိတ်သွားတိုင်းကိုယ်ပါတဲ့ဘ၀မျိုးမဟုတ်ဘူးလေ။

ပင်လယ်ပြင်လို့ ဘ၀ကို ဟင်းလင်းပြင်ဖြစ်ချင်တယ်။

ဘယ်အရာကိုမဆိုလက်ခံနိုင်တဲ့ ကမ်းခြေလိုဖြစ်ချင်တယ်။

လှိုင်းပုတ်တဲ့ဒါဏ်ကိုလဲခံနိုင်တဲ့လူဖြစ်ချင်တယ်။

ရေပြန်အကျမှာ ကမ်းခြေကအညစ်အကြေးတွေမကျန်ခဲ့သလို

စိတ်ထဲမှာလဲ ကိစ္စတစ်ခုပြီးတိုင်း အဲဒီလိုဘာမှ မကျန်တဲ့အဖြစ်မျိုးလိုချင်တယ်။

အဲဒီတော့ ကမ်းခြေကိုသွားမှ ဖြစ်တော့မယ်။
ဒါပေမဲ့..............................

4 comments:

  1. သာမာန်စာရင်းကိုင် တယောက်ရဲ့ ရွာသူဘ၀ကို လာဖတ်သွားပါတယ်။ အဆင်ပြေ အေးချမ်းပါစေ။

    ReplyDelete
  2. မမ ပြောမှပဲ နောင့် လဲ... ငပလီ မရောက်ဘူးသေးဘူး...။ တော်တော်လေးကို သွားချင်တဲ့ ဆန္ဒဖြစ်မိတယ်...။ တူတူသွားရအောင်လေ....။ စိတ်သွားတိုင်း ကိုယ် ပါဖို့ဆိုတာက ကုသိုလ်ထူးမှ နော်.....နောင့် တို့လဲ ကြိုးစားကြတာပေါ့း))

    ReplyDelete
  3. Hello, thanks for your sharing! I have been only Chaung Thar & Ngwe Saung. I love the beaches except the s'pore's one. :(

    ReplyDelete
  4. ကျမလည်း ငပလီကို အလှဆုံးပဲ ထင်ပါတယ်...သဲကမှုန့်ညက်...ရေကကြည်လင်....လူက မရှိသလောက်နည်းတော့ နေရတာ ကောင်းတယ်

    ReplyDelete