Wednesday, January 27, 2010

စကားလုံးရဲ့ နက်ရှိုင်းမှု

ကျွန်မက အင်္ဂလိပ်စာ ခပ်ညံညံထဲမှာပါတယ်။
ဒါပေမဲ့ တချို့စာလုံးတွေက ကျွန်မဘ၀ကိုတော်တော်လေး အမှတ်တရရှိစေခဲ့တယ်။

ပထမဦးဆုံးမမေ့နိုင်တဲ့စကားလုံးက crawl တွားသွားသည်။
ကျွန်မ (10)တန်းနှစ်မှာ ကျန်းမာရေးမကောင်းတော့ ကျောင်းက တက်တစ်ရက် မတက်တစ်ရက်
သင်ခန်းစာတွေလဲ အချိတ်အဆက်မမိ ဒါပေမဲ့ (9)တန်းတုန်းက အဆင့်ကောင်းကောင်းနဲ့ အောင်ထားလေတော့
ကျောင်းပျက်ပြီးနောက်ရက်မှာ စာမေးခံရပါတယ်။
From the earth to the moon
သင်ခန်းစာထဲက
Crawl
ဆိုတဲ့စကားကို ကျွန်မအမေးခံရပါတယ်။
အဲဒီစာလုံးကို မသိရမလားဆိုပြီး ဆရာမက ရိုက်ပြောပြောတာ လက်ဖြန့်ဆိုတာကနေ
ဒါလေးတောင် မသိရဘူးလားဆိုတာ
ဒါလားစာတော်တာ ဆိုတာ
စကားလုံးတွေနဲ့ပစ်တဲ့အပြင်
ဖြန့်ထားတဲ့လက်တင်မဟုတ်ဘူး ကိုယ်တွေပါ အရိုက်ခံရတယ်။
ဆရာမကိုယ်တိုင်ကလည်း ဂရုဏာဒေါသတွေများနေတယ်ထင်ပါတယ်။
အဲဒီဆရာမကို စိတ်မဆိုးပါဘူး။
သူ့ကြောင့်ကိုယ်တစ်သက်လုံး မမေ့တဲ့ အင်္ဂလိပ်စာတွေ အများကြီးသိခဲ့ရတယ်။
ဒါပေမဲ့ Crawl ကိုမုန်းတယ်။
ဘ၀မှာ ဘယ်တော့မှ တွားမသွားချင်ဘူး။

အထက်တန်းကျောင်းသူဘ၀ရဲ့ တင်းကြပ်မှုအောက်ကနေထွက်ခဲ့ပြီး
တက္ကသိုလ်မှာ အလွတ်ကြီးလွတ်ခဲ့တာပေါ့။
ပထမနှစ်တုန်းက သီသီအေးအောင်ခဲ့တယ်။
ဒုတိယနှစ်မှာလည်းဆက်လွတ်တုန်း။
နှစ်ကုန်ခါနီးတော့ ဆရာကန့်တော့ပွဲမှာ
ကျွန်မတို့ ပါမောက္ခ ဦးတင်ထွဋ် က စကားတစ်ခွန်းပြောတယ်။
Be prepared တဲ့
နေရာတိုင်းမှာ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေရင် ဘယ်အရာကိုမဆိုရင်ဆိုင်ရဲတယ်တဲ့။
သူက ကျောင်းသူ ကျောင်းသားတွေကို စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ခိုင်းတာပေမဲ့
သူ့စကားက နက်ရှိုင်းလွန်းလို့ 1985 ခုနှစ်ကနေ အခုထိ လုံးဝမမေ့ခဲ့ဘူး။
အဲဒီစကားလုံးက ဘ၀ထဲကိုရောက်ခဲ့တယ်။
အကျိုးအများကြီးရခဲ့တယ်။

နောက်စာလုံးတစ်ခုကတော့
We must appreciate each other.
ကိုယ့်ထက် အသက်(12)နှစ်လောက်ကြီးတဲ့ သူတစ်ယောက်က ပြောခဲ့တာပါ။
ကိုယ်က အသက်ငယ်ပေမဲ့ မာကျောကျော ဂျွတ်ဆတ်ဆတ်မို့ပြောခဲ့တာထင်ပါတယ်။

အခုလောလောဆယ်သတိရနေတဲ့စကားလုံးက
I trust you.
Titanic ရုပ်ရှင်ထဲမှာ မင်းသားက ပျဉ်ပြားပေါ်က ကျခါနီးမှာ ပြောခဲ့တဲ့စကားပါ။
လူတစ်ယောက်ကို ယုံကြည်ဘို့ဆိုတာ ကျွန်မအတွက်တော့ တော်တော်လေးခက်ခဲတဲ့ကိစ္စပါ။
အရာရာကို သံသယနဲ့ ကြီးပြင်းလာသူမို့
အဲဒီစကားလုံးနဲ့နက်ရှိုင်းမှုကို ကိုယ်တိုင်မခံစားနိုင်ခဲ့ဘူး။
ဒါပေမဲ့ အဲဒီစကားလုံးကို သုံးကြည့်ချင်တယ်။
အခုခေတ်ကြီးထဲမှာ ရမလား။

2 comments:

  1. ^_^ ရ မယ့်သူကို ရ လိုက်ပါ မမ....။ ယုံကြည်ရမယ့်သူကို မယုံကြည်သလို အပြုအမူ လုပ်ပြလိုက်ရင်.....ယုံကြည်ရမယ့် သူကို ဆုံးရှုံးရမလားပဲ...။ ထင်တာပြောတာပါ.....း)) ။ We must appreciate each other ဆိုတာကို သဘောကျပါတယ်...။ မမစာဖတ်ပြီး...ငယ်ငယ်တုန်းက ဆရာ ဆရာမတွေ ဆီကနေ ဘာတွေ အမှတ်တရ ဖြစ်ဖူးလဲ စဉ်းစားသွားတယ်...း))

    ReplyDelete
  2. မရောက်ဘူးဘူး
    ဟုတ်တယ်။ သွားနိုင်ပါတော့မလားတောင်အောက်မေ့တယ် ကား ၁၂ နာရီလောက်စီးရမယ်ဆိုရင် ကြောက်မယ်ဖွယ်ဘဲ။



    နောက်ဆုံးပိုစ်ကိုကွန်မက် ထည့်တာမရတာနဲ့

    ReplyDelete