Wednesday, January 20, 2010

ကျီးလန့်စာ စား

ကျွန်မ မနက်တိုင်း ဖယ်ရီစောင့်တဲ့နေရာမှာ ခိုကလေးတွေရှိတယ်။
ခိုစားရောင်းတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။

မနက်ခင်းအိမ်ကမထွက်ခင် ကော်ဖီတစ်ခွက်ဘဲ သောက်လေ့ရှိပေမဲ့
ရုံးရောက်ရင်တော့ တော်တော်ဆာနေတတ်လို့ ရောက်ရောက်ချင်းမုန့်တစ်ခုခု စားလေ့ရှိတယ်။

ဖယ်ရီချိန်ထက် အနည်းဆုံး 10မိနစ်စော ရောက်လေ့ရှိတာမို့
ခိုကလေးတွေကို ကြည့်ရင်း မိုးလင်းလင်းချင်း သူတို့ဆာမှာလို့ တွေးမိပြီး
နေ့တိုင်း ခိုစာကျွေးဖြစ်တယ်။

သူများတွေ ခိုစာကျွေးပြီး ဆုတောင်းလေ့ရှိတယ်လို့ကြားဘူးပေမဲ့
အကျိုးလိုလို့ ညောင်ရေသွန်းတယ် ဆိုတဲ့အဖြစ်မျိုးကို မကြိုက်တာမို့
ခိုလေးတွေ လုစားနေတုန်းမှာ ကြည်နူးတဲ့စိတ်ကလေးနဲ့ အမြဲတစ်ချက်ကြည့်ဖြစ်ပါတယ်။
ဒါပါဘဲ။

ဒီနေ့တော့ ခိုစာကျွေးရင်း ကားလမ်းမပေါ်မှာမို့ ဟွန်းသံ အိတ်ဇောပိုတ်ကအသံတွေ
ထွက်လာရင် သူတို့စားနေရာကနေ လန့်ပြီး ပျံပြေးကြတာ စားနေတုန်းမှာလဲ
စိတ်အေးလက်အေးမဟုတ်ဘဲ ဘေးဘီကို ရန်သူလားဆိုပြီး ကြည့်နေရတာတွေကို
သတိထားမိပြီး အတွေးတွေက ရှည်နေပါတော့တယ်။

ကျီးလန့်စာစားဆိုတဲ့စကားပုံကိုလဲ သတိရလို့ပေါ့။

ခုတော့ ကျီးတွေမဟုတ်ပါဘူး ခိုတွေလေ။

လူ့ဘ၀တွေလည်း အမျိုးမျိုးပေါ့။

အစားကောင်းတွေချည်းစားရတဲ့လူ

ကောင်းတခါဆိုးတလှဲ့စားနေရတဲ့လူ

ဘ၀မှာတခါမှ အကောင်းဆိုတာ မစားရတဲ့လူဆိုပြီး
အမျိုးမျိုးပေါ့

အဲဒီထဲကမှ အစားကောင်းစားရပေမဲ့ စိတ်အေးလက်အေးမစားနိုင်တဲ့လူ

ထမင်းကြမ်းကို ယပ်ခတ်ပြီးစားတဲ့လူ

စားသောက်ဆိုင်မှာ အလျှံပယ်စားရပေမဲ့ လက်ကဖုံးကို မချတမ်းပြောနေရပြီး
အစားကိုဖြောင့်ဖြောင့်မစားနိုင်တဲ့လူ

အိုး စားနည်းစတိုင်တွေကလည်းမျိုးစုံပေါ့။

ကျွန်မကတော့ ညနေစာထမင်းကို ချစ်ခင်တဲ့လူတွေနဲ့ အေးအေးလူလူစားချင်ခဲ့တယ်။

ဟင်းကောင်းဘို့ထက် စားကောင်းဘို့ကို ပိုလိုချင်ခဲ့တယ်။

ကျီးလန့်စာစား ဘ၀မျိုးကို မုန်းတယ်။

4 comments:

  1. အိမ်က ထမင်းဝိုင်းကို လွမ်းသွားပြီ။

    ReplyDelete
  2. ဟုတ်တယ်မမရေ
    ငပိရည်လေးဘဲစားရပါစေ
    အေးအေးချမ်းချမ်း မိသားစုစုံစုံညီညီလေးစားချင်တာ

    ReplyDelete
  3. ဟမ်....အပေါ်က 2 ယောက် ငါ့ အရင်ရောက်နေတယ်..။ မမ နောင့် က ဟင်းကောင်းပေမယ့် နောင့် ကြိုက်ချင်မှ ကြိုက်တာ...။ နောင့် ကြိုက်တဲ့ ဟင်း နဲ့ မြိန်မြိန်စားချင်တယ်တယ်....။ လန့်ပြီးတော့လဲ မစားချင်ဘူး....စားပြီးတော့လဲ မလန့်ချင်ဘူး...။း))

    ReplyDelete
  4. သိဒယ် သိဒယ် နောင့် နင်က ငါးရိုးတို့ ကြက်ရိုးတို့ဆို သိပ်ကြိုက်တာ
    ဟိဟိ

    ReplyDelete