Wednesday, September 16, 2009

ပုဂံ..........(1)

ဂျူး ရဲ့ မြစ်တို့၏မာယာ ဖတ်ပြီး ကျွန်မ ပုဂံသွားချင်စိတ်ဖြစ်နေခဲ့ပါတယ်။
ပြည်ကိုရောက်တော့ စာရင်းစစ်တွေက ပုဂံဘုရာဖူးသွားချင်တယ်လဲပြောရော
ဖြစ်အောင်ကို စီစဉ်တော့တာပါဘဲ။
လိုက်မဲ့လူက (20)ယောက်လောက်ရှိတာမို့
ချောင်ချောင်ချိချိလေးစီးရအောင် တီအီး11 အမိုးပွင့်ကားကြီးနဲ့ပေါ့။
ကားပေါ်ကို ကောက်ရိုးတစ်တောင်လောက်တင်
အဲဒီပေါ်ကမှ ရိပ်သာကငှားလာတဲ့ မွေ့ယာတွေတင်
အပေါ်က ဖျာတွေခင်းပေါ့ ဇိမ်ကျကျနဲ့လေတဖြူးဖြူး နေပူပူမှာ
အညာကို ဘုရားဖူးထွက်ပါတယ်။
စားစရာအိုးခွက်ပုဂံတွေနဲ့ မီးသွေးမီးဖိုလေးပါ တင်လိုက်ပါသေးတယ်။

ရန်ကုန်မှာရောက်နေတဲ့ ကျွန်မရဲ့အရင်းနှီးဆုံးသူကို ဖုံးဆက်ပြီး
ပုဂံသွားမယ် အ၀တ်အစား (5)စုံလောက်ယူပြီးလာခဲ့ပြောတာ
နားကြားမှားပြီ ပုဇွန်းခြောက်(50)သားယူပြီးတက်ချလာပါတယ်။

အဲတော့လည်း ငပိချက်တအိုးချက်သွားဖြစ်တာပေါ့။

ကဲ တီအီးကားကြီးနဲ့ ပြည်က မနက်(6)နာရီမှာ ထွက်လိုက်တာ
လမ်းမှာတွေ့တဲ့ သစ်လုပ်ငန်းမှန်သမျှဝင် မုန့်စား ဆီထည့်နဲ့ အလုပ်ကို ဖြစ်လို့
အောင်လံ တောင်တွင်း မကွေးနဲ့ ချီတက်လာလိုက်တာ ပုပါးကို ည(7)နာရီလောက်
ရောက်သွားပါတော့တယ်။

တည်းစရာလည်းသိပ် မရှာရပါဘူး တောင်ပေါ်တက်တဲ့စောင်းတန်းမှာ
ဇရပ်တွေပြည့်လို့

ကျွန်မတို့က အိပ်ယာလိပ်ပါ ပါတာမို့ ကိုယ့်အိပ်ယာလေးကိုယ်ခင်း အိပ်လိုက်ရုံပါဘဲ။

မနက်လင်းမှ ပုပါးတောင်ပေါ်တက် မျောက်တွေကိုမိတ်ဆက် တော တောင် တွေကြည့်ပြီး

နေ့ခင်းနေပူပူမှ ပုဂံကို ဆက်ခဲ့ကြတာပါ။

လမ်းမှာတွေ့တဲ့ ထန်းလျှက်ဖိုကလေးတွေနဲ့ ရေခပ်နေတဲ့လူတွေကို ကြည့်ပြီး
ပင်ပမ်းဆင်းရဲလိုက်တာလို့ ညည်းခဲ့မိပါတယ်။

ပုဂံကို ညနေစောင်းလောက်ရောက်ပါတယ်။
ဒီလောက်လူအများကြီး ဟိုတယ်မတည်းနိုင်ပါဘူး။
အစိုးရ၀န်ထမ်းဘ၀ ချွေချွေတာတာ ချစ်ချစ်ချုပ်ချုပ်ပေါ့
အခုခေတ်လိုမှ မဟုတ်တာ
ဧရာဝတီမြစ်ကမ်းဘေးက ဆွမ်းလောင်းကျောင်းကို ရောက်သွားတာပေါ့။
ဘုန်းကြီးရဟန်းမရှိဘဲ ဆွမ်းချက်လောင်းဘို့နဲ့ ဧည့်သည်တည်းဘို့ဆောက်ထားတဲ့
ကျောင်းကလေးပါ
အုတ်ကျောင်းကလေးဖြစ်ပြီး အာနန္ဒာဘုရားနဲ့နီးပါတယ်။
ကျောင်းမှ ရေချိုးစရာရှိပေမဲ့ ကျွန်မတို့ ရေမကူးတတ်ဘဲ
ဧရာဝတီမြစ်ရေညိုညစ်ညစ်ထဲဆင်းချိုးခဲ့ကြပါတယ်။
ထူးခြားတာကတော့ မနက်ခင်း အာရုံတက်ချိန်မိုးမလင်းခင်မှာ
ဆွမ်းထလောင်းကြပြီး ဆွမ်းခံသူနဲ့ဆွမ်းလောင်သူမြင်ကွင်းက
စိတ်ကို ကြည်နူးစေခဲ့ပါတယ်။

ကျွန်မအနှစ်သက်ဆုံးကတော့ ရွှေစည်းခုံဘုရားပါ။
စိတ်အင်အားကိုပေးတယ်လို့ ခံစားရပါတယ်။
စိန်ဖူးတော်ကို ရေအိုင်ငယ်ကလေးထဲက တဆင့်မြင်ရတာကိုကြည့်ပြီး
မြန်မာ့ရှေးလူကြီးတွေရဲ့ အံမခန်းပညာရပ်တွေ ဘယ်ရောက်ကုန်ပြီလဲလို့
အတွေးနယ်ချဲ့ခဲ့ဘူးပါတယ်။

နတ်လှောင်ကျောင်းကိုကြည့်ပြီးလည်း
အော် တို့မြန်မာဘုရင်တွေ အစွမ်းထက်ပုံများ
နတ်တွေတောင် ကျောင်းထဲထည့်လှောင်နိုင်ခဲ့တယ်နော်ပေါ့

နောက်အာနန္ဒာဘုရား ကို အ၀င်ဝက ဖူးရင် မြင်ရတာနဲ့
တဖြည်းဖြည်းရှေ့တိုးလာချိန်မှာ မြင်ရတဲ့ မျက်နှာတော် အပြောင်းအလဲကိုလဲ
သေချာ အချိန်ယူကြည့်ခွင့်ရပါတယ်။

ရှင်အစ္စဂေါဏကျောင်းကိုလည်း ၀င်ခဲ့ပါတယ်။
ရှင်အစ္စဂေါဏ မတဲ့ကိန်းဆိုက်မည်ကို ယုံကြည်လို့ပါ။

ုပုဂံခရီးစဉ်တလျှောက်လုံးစားခဲ့ရတာတော့
ပုန်းရည်ကြီး၊ပဲခြမ်းကြော်၊လဘက်သုပ်၊ခရမ်းချဉ်သီးချက်နဲ့
အကြော်တို့ပါဘဲ။
ကျွန်မတို့အိုးသူကြီးက တတ်နိုင်တာကျွေးတာလေ
စားဘို့ထက် သွားဘို့အဓိကကိုး။

ပုဂံမှာ (3) ညလောက်အိပ်ပြီးမှ မကွေးကိုပြန်ထွက်လာခဲ့ပါတယ်။
မကွေး မြသလွန်ဘုရားစောင်းတန်းမှာလဲ တစ်ညအိပ်ခဲ့ပါသေးတယ်။
မြသလွန်ဘုရားကနေ ဧရာဝတီမြစ်ကြီးကို ညဖက် ထိုင်ငေးရင်း စကားတွေဖောင်ခဲ့ကြတာပေါ့။
မကွေးရောက်တော့ ကားဆီတွေကျန်နေသေးတာနဲ့
တဖက်ကမ်းကိုကူးပြီး ရွှေစက်တော်ကို ခရီးဆက်သေးတာ
အဲဒီလို စိတ်သွားတိုင်း ကိုယ်ပါခဲ့ကြတာ
တီအီးကားကြီးနဲ့ဖြည်းဖြည်းချင်းသွားရတာမို့ပေါ့
လွန်းပြန်ယာဉ်သာ သုံးခွင့်ရရင် အခုလောက်ဆို ကမ္ဘာကို နှစ်ပတ်လောက်ပတ်ပြီးပြီလေ
ညနေစောင်းရောက်သွားတော့ ချောင်းထဲ ရေဆင်းချိုးလိုက်ကြတာ
ရေက အေးစိမ့်ပြီး ကြည်လင်နေတာမို့ တော်တော်လေး အရသာရှိတာပါလား။
အထက်စက်တော်ရာ ကို ညမိုးချုပ်မှ တက်နိုင်တော့တယ်လေ။
အဲဒီမှလည်းတည်းစရာ မကုန်ပါဘူး သစ်လုပ်ငန်းတဲလေးထဲ
ဝင်တည်းလိုက်ကြတာ အဆင်ကိုပြေလို့ပါ။
အညာဆောင်းကို ပျော်ပျော်ကြီးအန်တု လာခဲ့ပေမဲ့
ရွှေစက်တော်ဆောင်းရဲ့အအေးဒါဏ်ကိုက
တော်တော်လေးရက်စက်ခဲ့တယ်။
တောင်တွေကြားထဲက ချိုင့်ဝှမ်းထဲမှာဖြစ်ပြီး စမ်းချောင်းဘေးမှာဆိုတော့
အေးချက်ကတော့ ကမ်းကုန်ပါဘဲ။
ကျွန်မတို့တွေ ပါလာတဲ့ပရုတ်ဆီတွေတစ်ယောက်နဲ့တစ်ယောက်လူးပေးရင်း
ပိုပိုချမ်းလာတာမို့ မီးထလှုံနေခဲ့ရပါတယ်။
နောက်တစ်ည အိပ်ဘို့ကို ထောက်ခံမဲ့သူမရှိတော့တာမို့
ကားအီအီကြီးနဲ့ ပြည်တော် ပြန်လာပါတော့တယ်။
ပျော်ခဲ့တာပါဘဲ။
(1995)

4 comments:

  1. ပျော်စရာကောင်းလိုက်တာနော်...
    အေးအေးဆေးဆေး ဘုရားဖူးသွားရတာ...။
    စားခဲ့တဲ့ အစားအသောက်တွေကလည်း သရေကျချင်စရာချည်းပဲ....။

    1995 မှာ ညီမ ပြည်မှာ ဂျီတီအိုင် ဒုတိယနှစ်ကျောင်းတက်နေတယ်။
    ပြည်အဝင်က ဆင်ရုပ်ကြီး သစ်လုံးရုပ်ကြီး ရှိတဲ့ရုံးမှာ မပဲခူးသူ ရှိနေတာပေါ့... :)

    ReplyDelete
  2. ဘုရားကြီးနားက statistic workshop မှာပါ
    အိမ်က သံလမ်းနားက အရောင်းစက်ဝန်းထဲမှာ
    တို့ရုံးချိန်က 7-4 မို့ မနက်တိုင်း ရုံးကားမစီးဘဲ
    ဂျီတီအိုင် ရှေ့ကိုဖြတ်ပြီး မိုးမလင်းခင် ခပ်မှောင်မှောင်မှာ နေ့တိုင်း
    မဲဇလီပင်တန်းအောက်မှာ လမ်းလျှောက်ပြီး ရုံးတက်လေ့ရှိပါတယ်။
    ပျော်စရာကြီးနော်

    ReplyDelete
  3. မမရေ....... ပျော်စရာကြီး....အဲ့လို စိတ်သွားတိုင်းကိုယ်ပါ.... ဘုရားဖူး နောက်တစ်ခေါက်လောက် 10 ရက်လောက် အချိန်ပေးပြီး... မမတို့နဲ့ သွားချင်တယ်....။ ဖြစ်နိုင်ပါ့မလား.... ။ နောင့် တကယ်သွားချင်တယ်။ စိတ်လွတ် ကိုယ်လွတ်ပေါ့.... အမိုးဖွင့်ကားနဲ့တော့ မလုပ်ပါနဲ့နော်... အမိုးလေး တော့ ထည့်ပေးပါ...။း)) ငပိကြော် နဲ့ပဲစားရ စားရ....း))

    ReplyDelete
  4. ဒါဆို မပဲခူးသူနဲ့ ညီမ လူချင်းဝင်တိုက်ရင် တိုက်ခဲ့ဖူးမှာနော်..။
    ရုံးဆင်းရုံးတက် ၊ကျောင်းဆင်းကျောင်းတက် တွေမှာလေ..
    ညီမက မနက် ၇ နာရီ ၄၅ ကျောင်းလမ်းကိုရောက်တာ...။

    မဲဇလီပင်တန်းကိုစက်ဘီးနင်းဖြတ်တိုင်း အပွင့်ဝါဝါတွေ ကြွေကျနေတော့
    ဇော်ဝင်းထွဋ် ရဲ့ အဝါရောင် လမ်းကလေး သီချင်းကို ညည်းမိတယ်..။

    ReplyDelete