Friday, July 3, 2009

အလွဲ(1)

ထူးအိမ်သင်ရဲ့ လွဲလွဲလေးဘဲကောင်းပါတယ်ဆိုပေမဲ့ အလွဲတွေအတွက် အရင်မောရတာလေးပါ။ သူငယ်ချင်းတွေက စင်ကာပူ (စီကာစဉ်ကာပူရတဲ့နေရာလေး)ကိုလာကြည့်ပါဦးဆိုတာနဲ့ မြန်မာပြည်က စာရင်းကိုင်အလုပ်ကလေးကနေ ခွင့်တစ်လတင်ပြီး လာခဲ့တာပေါ့။ အလုပ်က မိုးချုပ်မှပြန်ရောက်ပြီး ညီမထည့်ပေးတဲ့အိတ်ကိုဆွဲ နောက်နေ့မနက်လေယာဉ်နဲ့ထွက်ခဲ့တာပေါ့။ ညီမလုပ်တဲ့သူကတော့ ပေးရမဲ့လူကြုံစာရင်းတွေကိုလက်ခံ၊ပစ္စည်းထည့်နဲ့ သူသွားတာထက်ပိုပင်ပမ်းရှာတယ်။ ကိုယ်က အထုတ်ဆွဲထွက်ရုံပါ။ အဲဒါကိုတောင်လွဲဖြစ်အောင်လွဲသေးတယ်လေ။ ချန်ဂီလေဆိပ် ပစ္စည်းရွေးတဲ့နေရာမှာ ကိုယ့်သေတ္တာပုံးလေးနဲ့ ကပ်ရက် Raybin အိတ်ကိုကြည့်တော့ နံမည်ကပ်ပြားလေးမတွေ့ဘူး။ အော် သယ်ရင်းပြုတ်ထွက်သွားတယ်ထင်ပါရဲ့ဆိုပြီးဆွဲချပြီးထွက်ခဲ့တာ။ အိမ်ရောက်တော့ လာကြိုတဲ့သူငယ်ချင်းက ငါးချဉ်ကြိုက်လို့ သူ့ကို ထုတ်ပေးမယ်ဆိုပြီး ဘေးအိတ်ကိုဖွင့်လိုက်တော့ အားပါးပါး ယောက်ကျာင်္းစီး ကတ္တီပါဖိနပ် တစ်ရံထွက်လာပါလေရော။ အဲဒီတော့မှ လွဲပြန်ပြီလို့သိလိုက်ရတာပေါ့။ ကဲ ဘာလုပ်ရင်ကောင်းမလဲစဉ်းစားရတာလေ။ စင်ကာပူမိုးကလဲရွာလိုက်တာသည်းကြီးမဲကြီးဘဲ။ နောက်ဆုံးတော့ သူငယ်ချင်းနဲ့နှစ်ယောက်လေဆိပ်ပြန်သွားမယ် ဆုံးဖြတ်ရတာပေါ့။ လာကြိုတဲ့သူငယ်ချင်းက ကားငှားခေါ်လာတာ အခုတစ်ခေါက်ပြန်သွားမယ်လုပ်တော့ MRT ရထားနဲ့သွားမယ်တဲ့။ ကားငှားသွားရအောင်ဆိုတော့ ဒါရန်ကုန် မဟုတ်ဘူးတဲ့။ မျက်နှာလေး ခပ်ငယ်ငယ်ထားပြီး ကိုယ့်အလွဲလေးနဲ့ကိုယ်မို့ ငြိမ်နေရတော့တယ်။ တစ်ခေါက်ပြန်သွားမယ်သာဆိုတာ နေတဲ့နေရာနဲ့ လေဆိပ်က ရှေ့နဲ့အနောက် ကိုယ့်ပစ္စည်းပြန်မရရင်တောင် သူများပစ္စည်းပြန်ထားနိုင်လဲ မဆိုးပါဘူးလို့ အားတင်းပြီး မိုးရွာထဲမှာ အိတ်အလေးကြီးကို နှစ်ယောက်မပြီး လေဆိပ်ကို ရထားနဲ့ပြန်ထွက်ခဲ့ရတာပေါ့။ လေဆိပ်ရောက်တော့ အိတ်မှားကြောင်းပြောပြတော့ လာလိုက်ခဲ့ဆိုပြီးခေါ်သွားတယ်။ အိုး ကိုယ့်လို အလွဲလုပ်တဲ့လူတွေအများကြီးပါလား ပုံထားလိုက်တာ အိတ်တွေ တစ်ပုံကြီးဘဲ။ ပျော်သလိုတောင်ဖြစ်သွားတယ်။ အဖော်တွေအများကြီးဆိုပြီးလေ။ တွေ့ပါပြီ နောက် Raybin အိတ်တစ်လုံး ကိုယ့်နံမည် စာတန်းကလေးနဲ့ပေါ့။ ကိုယ့်အိတ်ကိုလဲ ဆွဲထုတ်လိုက်ပြီး လှည်းပေါ်လည်းတင်ရော လိုက်ပို့တဲ့ လေဆိပ်ဝန်ထမ်းက တစ်ခွန်းပြောလိုက်တယ်။ Differnt colour bag တဲ့။ အဲဒီတော့မှ သေချာကြည့်မိတယ်။ အိမ်ကထည့်ပေးလိုက်တာ အပြာရောင် ကိုယ်ဆွဲချလာတာ အစိမ်းရောင် အော် တော်တော်လေး လွဲတာပါလားကွယ်။ ဒါ ရောက်ရောက်ချင်းဖြစ်တဲ့ ပထမအလွဲပေါ့။

2 comments:

  1. ဟဟဟ လွဲလွဲလေးပဲ ကောင်းပါတယ် အစ်မရယ်..နောင့် မသိသေးဘူး ဒီအကြောင်း...။ နောက်ထပ် အလွဲလေး တွေလဲ စောင့်ဖတ်နေမယ်နော်..။း)

    ReplyDelete
  2. တကယ်ရီရတယ် ။ ညီမပေးထားတဲ့ အိတ်
    ကောက်ဆွဲလာတော့ လွဲတော့ လွဲမှာပေါ့ ။ အပြာနဲ့ အစိမ်း ကလဲ တူပါတယ် ။ ဂျာကြီး တို့က သူများကိုပဲ ခိုင်းလာတော့ ကိုယ့်ဘာသာကိုယ် လုပ်ရတော့ လွဲမှာပေါ့ ။ ဟဟဟဟး)

    ReplyDelete