Tuesday, July 7, 2009

အလွဲ(3)

နှစ်ပေါင်း(40)ကျော်လူ့ဘ၀မှာ အလွဲတွေက အများကြီးပါ။ ကျွန်မ အစိုးရအလုပ်ကနေထွက်ပြီး company လောကထဲရောက်ခါစ တောကမြို့တက်လာပြီး မအူမလည်နဲ့ပေါ့။ သူငယ်ချင်းတစ်ယောက်က အင်တာဗျူး သွားဖြေတာကို အဖော်လိုက်ရင်း အဲဒီ အလုပ်က ကျွန်မကိုပါလုပ်မလားမေးပြီး ခန့်လိုက်ပါလေရော။ ခန့်တဲ့အကြောင်းကလဲရှိတယ်။ သူတို့က ထိုင်းနောက်ခံဆိုတော့ စာရင်းကိုင်ကို အလုပ်မ၀င်ခင်မှာ ဘန်ကောက်ကို သင်တန်းအရင်ပေးချင်တယ်တဲ့။ သွားဖြေတဲ့သူငယ်ချင်းက ဘန်ကောက်ကို သူမသွားရဲဘူးတဲ့။ အဖော်လိုက်သွားတဲ့ ကျွန်မက တောကတက်လာလာချင်း ဘန်ကောက်သင်တန်းတက်ရမယ်ဆိုလဲသွားမယ်လို့ ၀င်ပြောလိုက်တယ်။ အဲဒီတော့မှ သူငယ်ချင်းက အဖော်ပါရင်သွားမယ်တဲ့။ လုပ်ပုံက။ ချုပ်လိုက်ရင်တော့ ခေါ်ချင်တာတစ်ယောက်ပေမဲ့ နှစ်ယောက်စလုံးကို ခန့်လိုက်ပါလေရော။ လိုအပ်တဲ့စာရွက်တွေလာပို့တဲ့ သူတို့ အကုန်စီစဉ်ပေးမယ်တဲ့။ ဘန်ကောက်ကို သွားမယ်လို့ တစ်ထိုင်တည်းအဖြေပေးလိုက်တဲ့ ကျွန်မက ရန်ကုန်မှာ ကျောင်း(4)နှစ်တက်ဖူးပေမဲ့ မင်္ဂလာဒုံလေဆိပ်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ အတူသွားမဲ့သူငယ်ချင်းက ကြောက်တတ်တယ်။ 1997ခုနှစ်ဆိုတော့ အခုလောက်လဲ အမြင်တွေမကျယ်သေးတော့ ဘန်ကောက်မှာ ရောင်းစားရင် ဘယ်လိုလုပ်မလဲလို့မေးတယ်။ ကျွန်မက ခပ်နောက်နောက်ပြန်ပြောခဲ့မိတယ်။ ရောင်းစားချင်မှ ငါတို့လိုရုပ်ရည်ကို ဘယ်ခေါ်ပါ့မလဲ ခပ်ချောချော အမျိုးသမီးတွေ မြန်မာပြည်မှာ တပုံကြီး ငါတို့ကို ရောင်းရင် စွပ်ပြုတ်လုပ်တဲ့ဆိုင်ကတော့ ၀ယ်လိမ့်မယ်လို့ (ကျွန်မတို့နှစ်ယောက်စလုံးက ခပ်ပိန်ပိန်ကလေးတွေမို့ပါ)။ နောက်တစ်ခုက ကျွန်မ မြန်မာဘက်က လုပ်ငန်းရှင်က နံမည်ကောင်းရှိပြီးသားလို့ ယုံကြည့်တဲ့အတွက်ကြောင့် ဘန်ကောက်သင်တန်းကို လက်ခံလိုက်တာပါ။ ကျွန်မတို့သွားရတဲ့နေ့က ညဘက်လေယာဉ်ပါ။ လူလည်တွေကို ထိုင်းအမျိုးသမီးတစ်ယောက်နဲ့အပ်ပြီး ထည့်ပေးလိုက်တာပါ။ အဲဒီတုန်းက လေယာဉ်တွေက အခုလို အဆောက်အဦးနဲ့တိုက်ရိုက်ဆက်တာ မဟုတ်ဘဲ ကားနဲ့သွားပြီးလှေခါးနဲ့တက်ရတာပါ။ ညဘက်ကလည်းဖြစ် လေယာဉ်လဲတခါမှ မစီးဘူးတော့ လှေခါးအတက်မှာ ဒူးတွေတုန်နေပါတယ်။ ဒါပေမဲ့ စပြီးတဲ့အလုပ်မို့ ဆက်ရမှာ လို့စိတ်ကို တင်းပြီးထွက်လာခဲ့ပါတယ်။ ဘန်ကောက်မရောက်ခင်က အင်္ဂလိပ်စကားကို တစ်ခါမှ မပြောခဲ့ဘူးလို့ စိတ်ပူပေမဲ့ ဘန်ကောက်မှာလည်း အင်္ဂလိပ်စကားကို သိပ်သုံးဘို့မလိုကြောင်းပြီးမကြာခင်မှာဘဲ သိလိုက်ပါတယ်။ ကျွန်မသင်တန်းတက်ရတဲ့ စက်ရုံက Arrow, Lacos,Get away အထည်တွေချုပ်တဲ့ PG Garment ,Rama III လမ်းမပေါ်မှာပါ။ ကျွန်မက မနက်စောစော ကော်ဖီသောက်တတ်တော့ (coffee mix တွေသောက်ရင် ရင်တုန်တတ်လို့) အိမ်ကကော်ဖီမှုန့်လေးထည့်သွားပါတယ်။ သကြားတော့ရောက်တဲ့နေရာက ၀ယ်ရမှာလို့တွေးပြီး။ ထိုင်းလို သကြားကို ဘယ်လိုခေါ်လဲမေးပြီး အဆောင်နားက ဈေးကိုထွက်ခဲ့ပါတယ်။ မနက်ပိုင်းမှာလည်း ထမင်းသွားစားတာ ပြောတာအဆင်မပြေလို့ ထမင်းအိုးနားအရောက် လက်ငြိုးသွားထိုးပြခဲ့ ရတာမို့ ဒီတစ်ခေါက်မှာတော့ သကြားကို ထိုင်းလိုဘယ်လိုပြောရတယ်ဆိုတာ အရင်သင်ပြီးမှ ထွက်လာခဲ့တယ်။ ဆိုင်ကရောက်တော့ (3)ခါလောက် ပြောပြီးမှ အမှုန့်ထုတ်ကလေးကိုရပါတယ်။ ကျွန်မလည်း ဟုတ်ပြီဆိုပြီးပြန် လာခဲ့တာပေါ့။ ဒီလိုဘဲနည်းနည်းချင်း သင်ယူရမယ်လို့လည်း အားခဲလာခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားပြော တတ်ချင်လို့နိုင်ငံခြားသားတစ်ယောက်နဲ့ သူငယ်ချင်းလုပ်ခဲ့တဲ့သူကတော့ ပြောဘူးပါတယ်။ ငါတော့ အင်္ဂလိပ်စကား မတတ်လာဘူး သူဘဲ မြန်မာလို ပြောတတ်လာတယ်လို့တော့ အားပေးဘူးပါတယ်။ အခုလောလောဆယ်တော့ သကြားရပြီမို့ မနက်ကော်ဖီအတွက် မပူရတော့ဘူးလေ။ မနက် ကော်ဖီသောက်လိုက်တော့ သိလိုက်ပါတယ်။ ငံတူးနေလို့ပါ။ လွဲပြန်ပြီလို့။ ထင်တော့ထင်သား ထိုင်းက သကြားလေးတွေက တစ်မျိုးလေးပါလို့။ ဘာသာပြန်ပေးတဲ့ ထိုင်းမလေးကို ပြန်ပြောရတာပေါ့ ငါ့ကိုဆားတွေ ပေးလိုက်တယ်လို့ သူက မှားပေးတာနေမှာလို့ပြောတယ်။ အဲဒါနဲ့ ဆိုင်ကိုတစ်ခေါက်ပြန်သွားပြီး တော်တော်လေး ပြောယူမှ သကြားရလာတယ်။ တစ်ခုခုတော့လွဲနေတယ်လို့ထင်တာ တစ်ခုမကဘူး။ ထိုင်းလို ဆားနဲ့သကြားက အသံထွက်ချင်းဆင်ပြီး အသံအနိမ့်အမြင့်ကွာတာပါလို့ ဈေးရောင်းတဲ့ မွန်မလေးက မြန်မာလိုရှင်းပြတော့မှ အော်မနေ့ကတည်းက သူ့ကို ငါကထိုင်းထင်တာကိုးဆိုပြီး။ နှစ်ထပ်ကွမ်းအလွဲနဲ့ ဘန်ကောက်ခရီးကို စတင်ခဲ့ပါတယ်။

3 comments:

  1. ဆားနဲ့ သကြား မှားသောက်တဲ့ အလွဲတော့ ကြုံဖူးဖို့ နေနေသာသာ ကြားတောင် မကြားဖူးတာပါ.. ရီရတယ်...။ :) နှစ်ပေါင်း 40 မှာ အလွဲ 40 မကဘူးနဲ့ တူပါရဲ့

    ReplyDelete
  2. မပဲခူးသူရေ ဆက်ရေးပါ အားပေးပါတယ် နောင့်ပြောလို့ ဒီဘလော့ခ်လေးကိုလာလည်တယ်ရှင့် စာတွေဖတ်သွားပါတယ် မပဲခူးသူရဲ့ဘလော့ခ်ကိုလင့်ခ်မယ်နော်

    ဖြစ်တတ်ပါတယ် အလွဲတွေ ထောပတ်သီးလည်းအလွဲတွေလုပ်ခဲ့တာတပုံကြီး ဟီးး အသွင်တူ သူငယ်ချင်းတော့ဖြစ်မယ်မျှော်လင့်မိပါတယ် :)

    ReplyDelete
  3. ကျွန်တော်လည်းကြုံဖူးတယ်။ in my uncle's wedding,ဇွန်းခက်ရင်းစိမ်ထားတဲ့ရေနဲ့ ဟင်းချိုမှားသောက်မိလို့၊

    ReplyDelete