Monday, July 6, 2009

အလွဲ(2)

ဘ၀မှာ သေးသေးလွဲတာနဲ့ ကြီးကြီးမားမားလွဲတာတွေများလွန်းလို့ ဘာအရင်ရေးမလဲ စဉ်းစားနေမိတယ်။

ကျွန်မရဲ့ ပထမဦးဆုံးအလုပ် နေ့စားအလုပ်သမား (သူတို့ကတော့ ဘွဲ့ကလေးတစ်ခုရထားတာကိုအားနာလို့ နောက်ကနေ နေ့စား(စာရင်းကိုင်)လို့ထည့်ပေးပေမဲ့ အလုပ်သမားလို့ဘဲ ခံယူထားလိုက်ပါတယ် 1987 ဒီဇင်ဘာမှာပါ။ နေ့စားကလေးကနေ (6)လလောက်ကြာတော့ စာရင်းကိုင်(1)ဆိုတဲ့ အဆင့်လေးကို တိုးပေးတယ်လေ။ အင်းအဲဒါဆိုတော့ အမြဲတန်း ၀န်ထမ်းကလေးဖြစ်ပေါ့။ အမြဲတန်းဝန်ထမ်းဆိုရင် ဖောင်ကြီးသင်တန်း တက်ရမယ်လို့ လူမမြင်ဘူးဘဲနဲ့ ရုံးချုပ်ကနေ စာထုတ်လိုက်ပါတယ်။ ပေါင်(100) လောက်ရှိတဲ့ ခပ်ပိန်ပိန် ကောင်မလေးတစ်ယောက်ရဲ့ ဖောင်ကြီးသင်တန်းစာရင်းမှာပါလာတာကို ၀ိုင်းဝေဖန်လိုက်ကြတာ တော်တော် အားရစရာကောင်းပါတယ်။ RTU (Return to Unit) ။ သင်တန်းရောက်ရင် စစ်ဆေးပြီး မတက်သင့်ဘူးထင်လို့ ပြန်လွှတ်တာ။ တက်နေရင်း ဆက်မတက်နိုင်လို့ပြန်ကြတာလေ။ အဲဒီ ချီးမွမ်းသံတွေက အသက်(20)ကျော် မိန်းခလေးတစ်ယောက်ကို စိန်ခေါ်နေလေရဲ့။ အားလုံးက ပြန်လာရမှာလို့ ၀ိုင်းအားပေးနေတဲ့ကြားက တက်မယ်လို့ ခပ်တည်တည်နဲ့အကြောင်းပြန်လိုက်ပါတယ်။ ဗလ(67)ပါ။

လူကသာ ခပ်သေးသေး သယ်ချင်တာတွေက အများသားမို့ သစ်သားသေတ္တာကြီးတစ်လုံးထဲကို လိုမယ်ထင်တဲ့ပစ္စည်းတွေအကုန်စုထည့်ပြီး ရန်ကုန်ရုံးချုပ် လမ်း(40)ကို လာခဲ့တာပေါ့။ ပိန်ပိန်ကောင်မလေးနဲ့ ကြီးကြီးသေတ္တာကြီးကတော့ အစကတည်းက ပနံရနေပြီလေ။ ရုံးချုပ်ကနေ ဖောင်ကြီးကို TE အမိုးမရှိတဲ့ကားနဲ့ လိုက်ပို့တာပါ။ လမ်းမှာ မိုးတွေက ရွာလိုက်တာ ဇွန်လကြီးပေါ့။ ဖောင်ကြီးဝန်းထဲကို ညနေ (4)နာရီလောက်မှာ ရောက်ပါတယ်။ အဲဒီမှာ စတွေ့တာပါဘဲ။ တက္ကသိုလ်မှာ အဆောင်နေတုန်းက ပစ္စည်းဝိုင်းကူသယ်ပေးတဲ့ ဦးလေးကြီးတွေမျက်နှာကို မြင်ယောင်တာပေါ့။ ဖောင်ကြီးမှာတော့ ကိုယ်ထူကိုယ်ထ ဘယ်ဦးလေးကြီးတွေမှ မရှိဘူးလေ။ ကားပေါ်ကနေဆွဲချပြီး နေရမဲ့အဆောင်ကို ဒရွတ်တိုက်ဆွဲလိုက် တွန်းလိုက်နဲ့ မိုးရွာထဲမှာ တော်တော်နဲ့မရောက်နိုင်ပါဘူး။ ကံကောင်းချင်တော့ ပြန်ဝင်လာတဲ့တပ်ခွဲထဲက အစ်မတစ်ယောက် ခပ်၀၀ သူနံမည်က နောက်မှ သိရတာက မနီလာမောင်တဲ့ သူက ၀ိုင်းကူမပြီးအဆောင်ကိုလိုက်ပို့ခဲ့တယ်။ မိုးရွာထဲပေမဲ့ မနိုင်ဘဲတစ်ယောက်ထဲ မောနေချိန်မှာ ကူညီခဲ့သူမို့ နှစ်ပေါင်းများစွာကြာပေမဲ့မမေ့ခဲပါ့။ ရောက်ပြီးဆေးစစ်မဲ့နေ့မှာ ပြန်ရမှာကြောက်လို့ ချွေးတွေပြန်ခဲ့ပေမဲ့ ဆရာဝန်ကတော့ပုံမှန်အတိုင်း တက်ခွင့်ပေးလိုက်ပါတယ်။ သင်တန်းထဲတော့ရောက်ပါပြီ။ ကျွန်မအတွက်တော့ ဖောင်ကြီးသင်တန်းက ရုပ်ပိုင်း၊စိတ်ဓါက်ပိုင်း ခံနိုင်ရည်တွေကို အများကြီးပေး လိုက်ပါတယ်။ သင်တန်းစတက်တဲ့ ပထမလမှာ အပြင်ထွက်ခွင့် မရပါဘူး။ လူတွေကို ဘောင်တစ်ခုထဲမှာ နေထိုင်တတ်သွားအောင် သင်တန်းပေးတဲ့နေရာလည်း ဖြစ်ပါတယ်။ ထွက်ခွင့်မရတဲ့တစ်လအတွင်းမှာ ကျွန်မဘယ်ဘက်လက်ကောက်ဝတ်အထက်နားမှာ ယားပြီး အကွက်ကလေးတစ်ခုဖြစ်လာပါတယ်။

2 comments:

  1. အလွဲ (2) ရေ...ဘီလို ဖြစ်လဲ...ဖတ်လို့ကောင်းတုန်း...း)
    နောက်ဆက်တွဲကို ပြေးလိုက်ဦးမယ်..။

    ReplyDelete
  2. i also do not forget the day you and your friend drag my heavy luggages.

    ReplyDelete