Friday, July 24, 2009

ဖိုးရှုပ်

ကျွန်မညီမက ဗရုတ်သုက္ခတွေသာ လုပ်တတ်တာပါ။ သူက စိတ်ကောင်းပိုရှိတယ်။ သနားတတ်တယ်။
တခါတလေမှာ သနားစိတ်က များပြီး ဖင်မနိုင်ဘဲ ပဲကြီးဟင်းတွေ သောက်သောက်လာလို့
ကျွန်မတို့ အမြဲစကားများရပါတယ်။
တခါတော့ သူ့ကိုပြောပြဘူးပါတယ်။
ဘုရားအလောင်းတောင် မျောက်မင်းဘ၀မှာ ချောက်ကိုကျော်ခါနီး ပုန္နားကို ကယ်ချင်တော့
ပုန္နားအလေးချိန်နဲ့ညီမျှတဲ့ ကျောက်တုန်းကို အရင် ထမ်းပြီး အစမ်းခုန်ကြည့်ရသေးတယ်။
နင်လို သာမန်ညောင်ည က မချင့်ချိန်ဘဲ သူများကို သနားတဲ့စိတ်နဲ့ ဇွတ်မလုပ်လာနဲ့လို့
ကျွန်မက ဒေါသတကြီးပြောတော့ သူက ထုံးစံအတိုင်း ဇတ်ထဲမှာနောက်ပိုင်းမင်းသမီး
ဘ၀က လာတာလေ အမြဲမျက်ရည်ကျပါတယ်။
သိတယ်မို့လား နောက်ပိုင်းမင်းသမီးတွေက အငိုတို့ အလွမ်းတို့ပိုင်ရတယ်။
ကျွန်မညီမက အိမ်ကပေးစားတာမဟုတ်ဘဲ သူတို့စိတ်ကြိုက်ရွေးချယ်ခဲ့ကြတာလေ။
သူက သမီးနှစ်ယောက်မှာ အငယ်
သူ့အမျိုးသာက သား(4)ယောက် မှာ အငယ်ဆုံးဖြစ်တဲ့အပြင် ကျန်လူတွေက တစ်ယောက်မှ အိမ်ထောင်မကျသေးတော့ နှစ်ဖက်မိဘတွေက တားမရလို့သာပါ။ သိပ်တော့ သဘောကျတယ် မဟုတ်ပါဘူး။
ကျွန်မညီမကတော့ အဲဒီနေရာမှာ ကျွန်မလို လိုက်မလုပ်တော့ပါ။
ကျွန်မကလည်း ကိုသာအဖြစ်မရှိတာ သူများလုပ်ရင်တော့ အမြဲအားပေးတတ်တာမို့
သူအိမ်ထောင်ပြုမှာကိုထောက်ခံခဲ့ပါတယ်။ အမေ့ကွယ်ရာမှာပေါ့။
သူ့ယောက္ခမတွေက ကျောင်းအုပ်တွေမို့ နမော်နမဲ့နိုင်တဲ့ ငါ့ညီမတော့ ဒုက္ခလှလှ အပြင် မြမြနဲ့ပါတွေ့တော့မှာလို့
စိုးရိမ်နေခဲ့မိပါတယ်။
အင်း အဲဒါကျတော့ ဟုတ်သွားပြန်ပါတယ်။ ဘာသံမှ မကြားရပါ။
သူလက်ထပ်လိုက်တဲ့အတွက် ကျွန်မနောက်ပိုင်းမှ ကျိတ်ပြီး အမြဲသဘောကျတဲ့အချက်လဲရှိပါသေးတယ်။
လက်မထပ်ခင်အထိ ကျွန်မသူ့ကို အမြဲမုန့်ဘိုးပေးရသလို ကျွန်မအလုပ်လုပ်တဲ့စားသောက်ဆိုင်က သူတို့ တက္ကသိုလ်သွားတဲ့
ကျောင်းကားဂိတ်နားမှာရှိတာမို့ သူငယ်ချင်းတွေခေါ်လာပြီး မုန့်လာစားသွားတတ်လို့ပါဘဲ။
လက်ထပ်ပြီးနောက်ပိုင်းမှာတော့ မုန့်ဘိုးမပေးရတော့ပါ။
နောက်ထပ်သူ့အတွက် လုပ်စားလို့ကောင်းသွားတာကတော့ နှစ်ဖက်မိဘတွေအတွက် မြေးဦးယောက်ကျာင်္းလေး
မွေးပေးလိုက်နိုင်တာပါဘဲ။ သူ့သားကလေးက သူနဲ့ရုပ်တင်မကဘူး စိတ်ပါတူသူပါ။
အိမ်ထောင်ကျသွားလို့ ရွှေဝါရေ့ ငါတော့ ဆိုပြီး အသံမကြားရတာ နည်းနည်းကြာပေမဲ့
သမိုင်းက တပတ်ပြန်လည်လာပါတယ်။
သူက ရန်ကုန်ကိုပြောင်းနေတဲ့အချိန် ကျွန်မကလည်း ရန်ကုန်ကိုအလုပ်ပြောင်းရချိန်ဆိုတော့
ညီအစ်မနှစ်ယောက် ဇတ်လမ်းကပြန်စပါတော့တယ်။ အဲဒီအချိန်မှာ သူ့သားအကြီးမွေးခါနီးပေါ့။
မနက်အစောကြီး ကျွန်မအိမ်ကို လာနိုးပါတယ်။ ငါဗိုက်နာနေပြီတဲ့။
ကျွန်မလည်း ဆေးရုံကို သူနဲ့အတူလိုက်သွားပါတယ်။ ဘယ်အထိလဲဆိုရင် မွေးခန်းအပြင်ခန်းအထိပါ။
ကျွန်မက ဆေးရုံတွေမှာ ကလေးမွေးခါနီးနာလို့အော်တဲ့ လူနာတွေကို ကြည့်ပြီးရှက်တတ်တော့
သူ့ကိုလည်း နင်မအော်နဲ့နော် ကျိတ်ခံလို့ သတိပေးလိုက်ပါတယ်။
သူခမျာ သတိလစ်ပြီး သွေးပေါင်ချိန် (0)ဖြစ်သွားတာတောင် မအော်ခဲ့တာမို့ ငါ့ညီမတော်တော်ဟုတ်သွားပြီလို့
ထင်ခဲ့ပါတယ်။
သူ့အိမ်က (5)ထပ်မှာမို့ ကျွန်မအိမ် ပထမထပ်မှာ တစ်ပတ်လောက်နေပြီး ပြောင်းသွားပါတယ်။
ပြောင်းသွားပြီးတစ်ညနေ မွေးပြီး(15)ရက်လောက်ထင်ပါတယ်။
ကျွန်မရှိတဲ့အောက်ထပ်ကို ကလေးချီပြီးပြေးဆင်းလားပါတယ်။
ငါတော့ သားကို အရက်ပျံနဲ့ ကရိုက်မစ်ချာ(လေဆေး) မှားတိုက်မိပြီးတဲ့။
အော်...........လို့တောင် မညည်းနိုင်ဘဲ။
အိမ်နားက ကလေးဆရာဝန်ဆီပြေးရပါတော့တယ်။
ကလေးဆရာဝန်က သေချာမေးပြီး ခဏစောင့်ကြည့်ပါတယ်။ နောက်စိတ်ချရတော့မှ ပြန်လွှတ်လိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာ သူ့သားလေးကျန်းမာရေးက ကောင်းနေတော့ ကျွန်မတို့က စကြပါတယ်။
နင်တိုက်လိုက်တဲ့အရက်ပျံကြောင့် ကလေးဗိုက်ထဲက ပိုးတွေ သေကုန်တာလို့လေ။
သူ့သားလေးမွေးတော့ ကျွန်မကနေ့တိုင်း အလုပ်မသွားခင်ဈေးဝယ်ပြီး သူရှိတဲ့(5)ထပ်ကို တက်ပို့ရပါတယ်။
ညနေခင်းရုံးက ပြန်လာရင် တစ်ခေါက်သွားကြည့်ရပါတယ်။
အဲဒါကြောင့် ကျွန်မက သူ့သားကို ဖိုးရှုပ် လို့နာမည်ပေးထားလိုက်ပါတယ်။
သူ့အမေကတော့ အောင်ခန့်ဖြိုး လို့ နံမည်ပေးပါတယ်။
အဲဒီနံမည်ပေးပြီးကတည်းက သူ့သားလေးက အမြဲ ခန့်ခန့်ကြီးနေတော့တာပါဘဲ။
အရီအပြုံးလည်းနည်းပြီး လူကြီးစတိုင်လေးနဲ့ပါ။
နောက် ဗေဒင်တွက်ကြည့်တော့ နံမည်စီးနေတာလို့ပြောတာနဲ့ ကျော်မင်းသူ လို့ပြောင်းလိုက်ချိန်က စပြီး
သွက်လက်လာပါတော့တယ်။
တခါတလေမှာတော့လည်း မမြင်နိုင်တဲ့ အကြောင်းတရားတွေ အများကြီးရှိတယ်ဆိုတာ ယုံရမလိုဖြစ်နေပါတယ်။
သူ့သားကလဲ သူ့အမေလို ကြောက်တတ်တဲ့ထဲမှာပါပါတယ်။
သူ့အမေက အငယ်မလေးမွေးနေတော့ မလိုက်အားတာနဲ့ ကျောင်းပျော်ပွဲရွှင်ပွဲကို ကျွန်မလိုက်သွားပါတယ်။
သူက လူကောင်ကြီးတော့ ဆရာမက သီချင်းဆိုတဲ့နေရာမှာ မိုက်ခွက် နားမှာ နေရချပါတယ်။
ပထမတီးလုံးစပြီးသီချင်းကိုအားရပါးရဆိုလိုက်ပါတယ်။
ပထမအသံတစ်ခုဘဲ ကျယ်ကျယ်ထွက်လာပြီး နောက်ပိုင်းမှာ အသံထွက်မလာဘဲ
နောက်ကို ခပ်ရို့ရို့လေး ဆုတ်သွားတာတွေ့လိုက်ပါတယ်။
အဲဒါနဲ့ ကျွန်မက အောက်ဆင်းလာတော့ မေးကြည့်ပါတယ်။ ဘာဖြစ်တာတုန်းပေါ့။
သားအသံအကျယ်ကြီးထွက်လာတာကို သားကြောက်လို့ပါတဲ့။
ကဲ ကြားဘူးပါသလား ကိုယ့်အသံကိုတောင် ကိုယ်ကြောက်တဲ့ကောင်မျိုးပါ။
သူ သွေးလွန်တုတ်ကွေးဖြစ်တော့ ကလေးဆေးရုံမှာ ကျွန်မသွားစောင့်ပါတယ်။
သူ့အမေ အိမ်ပြန်ချိန်ပါ။ သူများကလေးတွေလို ဓါက်ဆားရည်ကို ချော့တိုက်စရာမလိုဘဲ
ခဏတိုင်းတောင်းသောက်တတ်တာပါဘဲ။
သူမသောက်ရင် အခြားကလေးတွေလို့ အပ်နဲ့သွင်းရမှာ ကြောက်လို့တဲ့။
အင်း တခါတလေတော့လည်း ကြောက်တတ်တာ ကောင်းသားလို့ တွေးမိသွားပါတယ်။
ဒါပေမဲ့ ယောက်ကျာင်္းလေးတန်မဲ့ သနားတတ်ပြီး မျက်ရည်ကျတတ်တာကတော့
သူ့အမေဗီဇပါလာတာလေဆိုပြီး ထားလိုက်ရပါတယ်။
တနေ့ ကျွန်မက သူ့အမေကို ငါမင်္ဂလာဆောင်သွားစရာရှိတယ်လို့ပြောချိန်မှာ သူက ပြန်ပြောလာပါတယ်။
ဝါဦးတို့အရွယ်က မင်္ဂလာဆောင် မသွားသင့်ဘူးတဲ့ ။ အသုဘ ပို့ဘဲသွားသင့်တယ်တဲ့။
အသက်(40)ကျော် သူ့အဒေါ်အပျိုကြီး ကိုလေ။
ကျွန်မက ဘာဖြစ်လို့တုန်းဆိုတော့။
မင်္ဂလာဆောင်သွားရင် နင့်အလှည့်ဘယ်တော့လဲမေးရင် အဖြေရခက်တယ်တဲ့။
အသုဘမှာ ဘယ်သူမှ နင့်အလှည့် ဘယ်တော့လဲလို့ နှုတ်ခွန်းဆက်လေ့မရှိဘူးတဲ့။
ကဲ...............ကျွန်မညီမနဲ့ အပွဲပွဲနွဲလာခဲ့ပေမဲ့။
ဒီတခါမှတော့ ဖိုးရှုပ်ကို ကျွန်မ အလျော့ပေးလိုက်ပါတော့တယ်။

2 comments:

  1. ;) .... ဟဟဟဟ ဟုတ်သားပဲ အစ်မ ရယ်.. သူပြောတာ မှန်သားပဲ... အစ်မ မှာ အဲ့လို ညီမကမွေးတဲ့ တူလေးတွေ ရှိတာ အစ်မ ကံကောင်းတယ်နော်...း)

    ReplyDelete
  2. ချစ်စရာကောင်းတဲ့ တူလေးပဲ။
    မအယ်မလည်း အမရှိတယ်။ မအယ်က ထစ်ဆို မျက်ရည် ပေါက်ပေါက်ကျ။
    မမက စိတ်တိုရော။

    မအယ်

    ReplyDelete