Friday, July 3, 2009

မျှော်လင့်ချက်

စနေနေ့ဝက် ရုံးတက်ရတဲ့သူတွေရဲ့ထုံးစံအတိုင်း အလုပ်အကြောင်းကလွဲရင် ကျန်တာတွေတွေးပြီး ဘူတာကိုထွက်လာခဲ့တာပေါ့။ ဘူတာကနေကြည့်ရင်တော၊တောင်၊သစ်ပင်လေးတွေ မြင်ရတော့ ရွာကိုလည်းသတိရပေါ့။ တွေးရင်းနဲ့ အခုလိုကိုယ့်ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ဝေးတဲ့အရပ်မှာလာပြီး အလုပ်လုပ်နေရတဲ့ဘ၀ကိုလည်းပြန်သုံးသပ်ရင်း ဆရာနေ၀င်းမြင့် စာပေဟောပြောပွဲတစ်ခုမှာ ပြောသွားခဲ့တဲ့ ပုံပြင်ကလေးကို အမှတ်ရလာတယ်။ 1995 ပတ်ဝန်းကျင်လောက်က ကိုယ်က ပြည်မှာ အစိုးရ၀န်ထမ်းဘ၀နဲ့ သွားပြီး ငယ်ရွယ်တဲ့အချိန်တွေကို ဖြုန်းတီးနေချိန်။ မြို့ခံကျောင်းနေဘက်သူငယ်ချင်းကလည်း အဖော်ကောင်းဆိုတော့ စိတ်သွားတိုင်းကိုယ်ပါတဲ့ ဘ၀လေး ။ နတ်တော်လ စာပေဟောပြောပွဲရာသီမို့ နေ၀င်းမြင့်၊ဂျူး၊ အော်ပီကျယ် တို့(3)ယောက်ဟောမယ်လဲဆိုရော သူငယ်ချင်းနှစ်ယောက် အေးစက်နေတဲ့ ပြည်မြို့ရဲ့ဆောင်းရာသီမှာ ကွင်းပြင်ကြီးထဲရှေ့ဆုံးက ဖိနပ်ကလေးဖင်ခုထိုင်ပြီး ငုတ်တုတ်ကလေး။
ပြောတဲ့လူတွေအားလုံးသူ့ စတိုင်နဲ့သူ ကောင်းလွန်းလို့ ညလယ်ကျော်မှ ပွဲပြီးခဲ့တယ်။ အဲဒီထဲက မကြာခဏအမှတ်ရတာကတော့ မြင်းပုံပြင်ကလေးပါ။ သူငယ်ချင်းမြင်းနှစ်ကောင်ရှိဆိုဘဲ။ တစ်ကောင်နဲ့တစ်ကောင် နှစ်တိုင်း အချိန်၊နေရာတစ်ခုသတ်မှတ်ပြီး ရောက်တဲ့အရပ်ကနေ ပြန်လာဆုံဘို့ ကတိပြုထားတယ်တဲ့။ ပြန်ဆုံတဲ့အခါတစ်ယောက်အကြောင်းတစ်ယောက်မေးကြတာပေါ့။ ပထမမြင်းက ပြောတယ် ငါ ဆပ်ကပ်အဖွဲထဲရောက်နေတယ်တဲ့။ ဆပ်ကပ်ထဲမှာ ပိုင်ရှင်သမီးလေးက မြင်းကျောပေါ်မှာ ကျွမ်းဘားကစားပြီး မြင်းနဲ့ ကွင်းကို ပတ်ပြတဲ့နေရာမှာ သူက ပါဝင်ရတယ်တဲ့။ နေ၊စားစရာမပူရဘူးတဲ့။ ဒုတိယမြင်းက မင်းကွာ တနေ့တနေ့ဒါဘဲလား ပျင်းစရာကြီး ငါတော့ တောထဲမှာ ပိုလွတ်လပ်ပြီး ပိုပျော်ပါတယ်။ တို့အရင်လို ပျော်ပျော်ပါးပါးနေရအောင် တောထဲပြန်လာခဲ့ဘို့ခေါ်တယ်တဲ့။ အဲဒီတော့ ဆပ်ကပ်ထဲရောက်နေတဲ့ ပထမမြင်းက ပြန်ပြောတယ်တဲ့။ ငါတော့ ပြန်မလာနိုင်သေးဘူး။ ငါ့မှာ မျှော်လင့်ချက်ရှိတယ်တဲ့။ ဘာများမျှော်လင့်စရာရှိလို့လဲလို့ ပြန်မေးတော့။ မင်းမသိပါဘူးကွာတဲ့ ဆပ်ကပ်ပိုင်ရှင်သူ့အဖေက သမီးကိုပြောတယ် နင်ကောင်းကောင်း ဂျွမ်းဘားအကွက်ကိုကနော် မဟုတ်ဘဲ မြင်းပေါ်ကနေ ပြုတ်ကျလို့ကတော့ နင့်ကို အဲဒီမြင်းနဲ့ပေးစားမယ်တဲ့။ တနေ့မဟုတ်တနေ့တော့ ကောင်မလေး မြင်းပေါ်က ပြုတ်ကျမှာပါ အဲဒီတော့ ငါလဲကောင်မလေးနဲ့ရနိုင်တယ်လို့ ပြန်ပြောတယ်တဲ့။ ပုံပြင်အဆုံးမှာတော့ ပရိတ်သတ်ကြီးက ရီတာပေါ့။ ကိုယ်လဲရီတဲ့ထဲပါတာ။ ရီသံတွေပြီးသွားတော့မှ ဆရာနေ၀င်းမြင့်က ထပ်ပြီးကောက်ချက်ဆွဲပြတယ်။ အဲဒီတော့မှ ရီနေတဲ့လူတွေ ငြိမ်ကျသွားတော့တယ်။ အဲဒီမြင်းလို လူတွေ လောကမှာ ဘယ်လောက်များနေပြီလဲတဲ့။ မြင်းနဲ့လူဟာ ပေါင်းစပ်ဘို့မဖြစ်နိုင်ဘူးလေ။ ကိုယ်မျှော်လင့်နေတဲ့အရာတွေက ကိုယ်နဲ့အမြီးအမောက်တဲ့ရဲ့လားလို့ ပြန်သုံးသပ်စေချင်ပါတယ်တဲ့။ အဲဒီလို လွဲနေတဲ့ မျှော်လင့်ချက်တွေအတွက် လူတွေ ဘယ်လောက်များအချိန်၊ငွေ၊လူ အားတွေကုန်ခဲ့ပါသလဲတဲ့။
ကိုယ်လဲ ငြိမ်ကျသွားတော့တယ်။ အဲဒီနောက်ပိုင်းမှာ မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုပေမဲ့ ကိုယ်မျှော်လင့်တဲ့အရာတွေက ဖြစ်နိုင်ချေတွေနဲ့ ဘယ်လောက်ဝေးကွာနေပြီလဲလို့ မကြာခဏပြန်တွေးမိတယ်။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကိုလည်း ပြန်ဖျက်ပစ်လိုက်ဘို့ မနှမျောတော့ဘူးလေ။

2 comments:

  1. ကောင်းလိုက်တဲ့ ပိုစ့်လေး ပါပဲ...ဒါပေမယ့် နောင့် ကခုချိန်ထိ ကိုယ့်ရဲ့မျော်လင့်ချက် ဟာ..ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာထက်... ဘာလဲ ဆိုတာတောင် တိတိကျကျ မပြောနိုင်သေးပါဘူး....တိုးတတ်မယ့်လူမဟုတ်ဘူးလို့ ပြောရင်လဲ ခံရမှာပါပဲ...။

    ReplyDelete
  2. သိပ်ကောင်းတာပဲလို့သာပြောလိုက်ချင်တော့တယ်။ for me, မျှော်ရင်းနဲ့လင့်ကုန်ပြီ အစ်မ။

    ReplyDelete