Wednesday, July 8, 2009

အလုပ်(1)

မနက်က ရုံးအလာ ကားပေါ်မှာ စိုင်းထီးဆိုင် သီချင်းကို နားထောင်ဖြစ်ပါတယ်။
လမ်းပေါ်မှာ အရက်သမားတစ်ယောက် မူးလဲနေတယ်။
လောကကြီးရဲ့မတရားပုံလား။
လောကသားရဲ့မှားပုံလား။ ဆိုတဲ့စာသားအရောက်မှာကျွန်မစိတ်တွေက ပထမဦးဆုံးအလုပ်ဆီကို ပြန်ရောက် သွားပါတော့တယ်။ 1987 မှာ ကျောင်းပြီးတဲ့ B.Com ဘွဲ့ရ တစ်ယောက်က အလုပ်ရွေးစရာ သိပ်မရှိပါဘူး။ ကျောင်းဆရာမလုပ်မလား။ စာရင်းစစ်ရုံးကို ၀င်မလား။ ကျွန်မကျောင်းပြီးခါစတုန်းက လူမှုဆက်ဆံရေးမှာ ညံဖျင်းတဲ့အုပ်စုထဲပါပြီး စိတ်လည်းမရှည်ပြန်တော့ ဆရာမအလုပ်က ကျွန်မနဲ့မဖြစ်နိုင်ပါဘူးလို့ ပယ်ခဲ့ပါတယ်။ အဲဒီခေတ်က စာရင်းစစ်ရုံးကို အလုပ်ဝင်ဘို့မလွယ်သလို စာရင်းစစ်အပေါ်မှာမြင်တဲ့အမြင်ကလေးကလည်း နည်းနည်း ရှုပ်နေတာရော ညီမလုပ်သူက နင်စာရင်းစစ်မလုပ်ပါနဲ့ဟာ အဲဒီဝတ်စုံနဲ့ဆိုရင် ကျွန်မက ခပ်ပိန်ပိန်လေးမို့စာရင်းစစ်နဲ့မတူဘဲ ဆေးရုံက အလုပ်သမားလို့ ထင်လိမ့်မယ်လို့ ချီးမွမ်းတာလို့လဲပါပါတယ်။ ဆေးရုံအလုပ်သမား ထမီကလည်း စာရင်းစစ်နဲ့အရောင်တူပြီး နီညိုရောင်ပါ။ နောက်ကျောင်းပြီး ခါစမှာ အသိမိတ်ဆွေတစ်ယောက်က လာခေါ်တဲ့အလုပ်လဲရှိပါသေးတယ်။ သူကတော့ စေတနာကို (3)တန် မကပါဘူး။ (5)တန်လောက်နဲ့ကို လာခေါ်တာပါ။ အလုပ်က တရားရုံးရှေ့ပတ်စာရေးပါ။ အဲဒါကို ငြင်းပယ်လိုက်လို့ မိတ်ဆွေက တော်တော်လေး စိတ်ဆိုးသွားပါတယ်။ အဲဒီနေရာက ၀င်ငွေကောင်းလို့ စေတနာနဲ့လာခေါ်တာလို့လဲ ဒေါသတကြီးနဲ့ပြောခဲ့ ပါတယ်။ အလုပ်မ၀င်ခင်မှာ အိမ်က ပိုတ်ဆံ မတောင်း ချင်တာနဲ့ အဒေါ်အပ်ထည်တွေကို လက်ချုပ်လိုက်ပြီး နေတုန်းပါ။ ကျွန်မအထင်ကတော့ တရားရုံး ရှေ့ပတ်စာရေးဆိုတာ တရားခွင်မှာ စီစဉ်ပေးရ တရားစီရင် နေတုန်းမှာ လက်နှိပ်စက်နဲ့ လိုက်ရေး ရတဲ့လူပါ။ နေ့စဉ်နေ့တိုင်း စိတ်မချမ်းသာစရာ ကြားရမြင်ရတဲ့ လုပ်ငန်းခွင်ကို ကျွန်မ လက်ခံချင်ဘူးလို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။
တွေးရင်း အလုပ်မလုပ်ဘဲနေတာ နည်းနည်းကြာလာတော့ ကျွန်မအမေက ရာဇသံပေး လိုက်ပါတယ်။ အလုပ် မလုပ်တဲ့လူကို ထမင်းမကျွေးဘူးဆိုပါလား။ အဲဒါနဲ့ ကျွန်မလည်း အမေ့ကို ထမင်းဘိုးလေး ပေးနိုင်အောင် ဆိုပြီး အင်တာဗျူးတောင် ဖြေစရာမလိုဘဲ ကျွန်မအမေရဲ့ရုံးမှာ အလုပ်ဝင်လိုက်ပါတယ်။ အဲဒီ ရုံးကလူကြီးရဲ့ သမီးက ကျွန်မနဲ့ကျောင်းအတူပြီးတာမို့ သြကာသ မလုပ်ရဘဲ နေ့စားအလုပ် ရပါတော့တယ်။
အဲဒီအလုပ်မှာ (4)နှစ်ခွဲကြာခဲ့ပြီး အတွေ့အကြုံအမျိုးစုံကိုလည်းရခဲ့ပါတယ်။ အခုပြောချင်တာက အဲဒီအလုပ်က ထွက်ရတဲ့အကြောင်းပါ။ စားသောက်ဆိုင်နဲ့အဖျော်ယမကာလုပ်ငန်း လို့နံမည်လှလှလေးပေးထားပြီး ကျွန်မတို့ အုပ်စုက အောနောစနော့ လို့ နံမည်ပေးထားတဲ့ အပိုဝင်ငွေလည်းတော်တော်ရတဲ့နေရာဖြစ်ပါတယ်။ မန္တလေး ဘီယာ။ရမ်တွေ ခေတ်ကောင်းချိန်ကပေါ့။ ရေ ကနေ ငွေ ဖြစ်တဲ့ဌာနပေါ့။ ဒါပေမဲ့ စိုင်းထီးဆိုင်သီချင်းထဲကလို ကိုယ်လုပ်တဲ့နေရာက လောကသားကိုမှားစေတာ၊လောကကြီးကိုတရားဖြစ်စေတာလားနဲ့ဆင်တူတဲ့ အတွေးမျိုး ကျွန်မစိတ်ထဲမှာ အမြဲတန်းရှိနေခဲ့ပါတယ်။ အရက်နဲ့အစားအသောက်ကိုတွဲရောင်းတဲ့ဆိုင်တစ်ခုကိုလည်း အသက် 24နှစ်အရွယ် နဲ့ဆိုင်မှူးတာဝန်ယူခဲ့ရဘူးတော့ ပိုပြီးမျက်မြင်တွေ တွေ့လာရပါတယ်။ ကျွန်မ ဖောင်ကြီး သင်တန်းတက်ပြီး ဆုရတော့ အဆင့်တစ်ခုတိုးပြီး လူကြီးတွေက အပိုဝင်ငွေ ပိုရတဲ့နေရာကို ချီးမြှင့်တာတဲ့။ အဲဒီဆိုင်က ၀င်ငွေက မက်လောက်စရာပေမဲ့ ကျွန်မ (6)လလောက်လုပ်ပြီးချိန်မှာတော့ ကျွန်မကို ၀င်ငွေမရလဲ နေပါစေ ပြောင်းပါရစေလို့ လူကြီးကို ၀င်ပြောခဲ့တဲ့အတွက် အားလုံးက မေးငေါ့တာကိုလဲ ခပ်တည်တည်နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ကျွန်မမိသားစုလဲပါတာပေါ့။ ဒါကတော့ လူ့သဘာဝမို့ ထားလိုက်ပါတော့။ လမ်းမှာ မူးတဲ့ လူတွေကိုတွေ့တိုင်း အဲဒီလောက်တောင်အားပေးတာတော့မကောင်းပါဘူးလို့ သူငယ်ချင်းနဲ့အမြဲရီစရာပြောခဲ့ ပေမဲ့ အိမ်ပြန်လာတိုင်း ရင်ထဲမှာ မကောင်းတော့ပါဘူး။ အဲဒီအချိန်က ကျွန်မအရက်မသောက်ဖူးသေးပါ။ ကိုယ်တိုင် အားမပေးဘူးသေးတာပါ။ နောက်ပိုင်းမှာတော့ နည်းနည်းပါးပါးအားပေးတတ်ပါသေးတယ်။ အသက် (40)မကျော်ခင်အထိပေါ့။ အပိုဝင်ငွေနဲ့ပြေပြေလည်လည်နေရတဲ့ဘ၀မှာ ကျွန်မ မပျော်နိုင်တော့ပါဘူး။ မိသားစု ကလည်းနားမလည်နိုင်တော့တာမို့ နောက်အလုပ်တစ်ခုကို ချိတ်မိချိန်မှာတော့ လောကသားရဲ့အမှားကို အားပေးသလိုဖြစ်တဲ့ အလုပ်ကနေ ထွက်လာခဲ့ပါတယ်။

3 comments:

  1. မှန်တာပေါ့...အဲ့ဒီလို အလုပ်ကနေ ထွက်လာတာ..သိပ်မှန်ပါတယ်..။ ဘာပဲဖြစ်ဖြစ် ကိုယ်လဲ တစ်စိတ်တစ်ဒေသ တော့ ပါနေတာပဲလေ...။ အမြင် မှန်ရခဲ့တဲ့ အစ်မ အတွက်...း)

    ReplyDelete
  2. ကောင်းပါတယ်..။ အဲ့လိုအလုပ်မျိုးနဲ့ ကြာရှည်ရပ်တည်မိရင်.. ကိုယ့်မိ သားစုအတွင်းတောင် ပြောမရဆိုမရတွေ ဖြစ်လာနိုင်တယ်..။

    အခုတော့နေသားကျနေပြီပေါ့..။

    ReplyDelete
  3. အစ်မအဲဒီအလုပ်ကထွက်လာတာရော၊တရားရုံးအလုပ်ကိုလက်မခံတာရောသိပ်မှန်တယ်။ သူများမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှရလာတဲ့ငွေမလိုချင်ဘူး။

    ReplyDelete